Monday, January 7, 2008

Love Story

 တွေးချင်ရာတွေး၍ ရေးချင်ရာရေးသည်။

မြူတွေအုံးဆိုင်းနေတဲ့ ချစ်စရာ မြို့ကလေးက ကျွန်မရဲ့ မြင်ကွင်းမှာ တစ်ဖြေးဖြေးနဲ့ ပျောက်ကွယ်လု နီးပြီ။ မနက်စောစော ချမ်းအေးလှတဲ့ ဒဏ်တွေရယ်၊ ခပ်ပြင်းပြင်း တိုက်ခတ်လာတဲ့ လေစိမ်းတွေရယ်က ကျွန်မရင်ထဲက ခံစားချက်ကို ပိုမိုအောင် လှုံ့ဆော် ပေးနေတယ်။ ခွဲခွာခြင်းဆိုတဲ့ အသိတွေ၊ လွမ်းရတော့မယ် ဆိုတဲ့ ခံစားချက်တွေကြောင့် ဒီနှစ်ဆောင်းဟာ ကျွန်မအတွက် ပိုအေးတော့မှာပေါ့။ အရှိန်ပြင်းပြင်းနဲ့ ခပ်မြန်မြန် ပြေးနေတဲ့ ကားကလေးက မြို့နဲ့ ဝေးရာဆီသို့ ကျွန်မကို အချိန်နဲ့အမျှ ခေါ်ဆောင်သွားနေတယ်။ ကားပေါ်က ခရီးသည်တွေကတော့ ဘယ်လိုအတွေးတွေ ဘယ်လိုစိတ်ကူးတွေနဲ့ ကားပေါ်မှာ ငေးမောတွေးတော နေတယ် မသိဘူး။ ကျွန်မကတော့ ကျွန်မသိပ်ချစ်တဲ့ သူ ရှိရာ မြို့ကလေးဆီကို မှန်းဆ လွမ်းမောရင် ခရီးဆက်လာ ခဲ့ပါတော့တယ်။

"ကို"

ဟုတ်တယ်.. ကို ဆိုတာ ကျွန်မသိပ်ချစ်တဲ့ သူ့ ကို ကျွန်မရင်ထဲက ခေါ်တဲ့ စကားလုံးလေးပါ။ ဒါပေမယ့် ကျွန်မသူ့ကို တရားဝင် ခေါ်ခွင့်ရခဲ့တာတော့ မဟုတ်ဘူးရှင့်။ ကျွန်မရင်ထဲက တိတ်တခိုးလေး စွဲလမ်းရတဲ့ သူ့ ကို တမ်းတမ်းတတနဲ့ ခေါ်တဲ့ နာမည်လေးပါ။ ကျွန်မလေ တစ်သက်မှာ ဒီတစ်ယောက်ထဲကိုပဲ မြတ်မြတ်နိုးနိုး ချစ်မိတာပါ။ ဒါပေမယ့် ကျွန်မ အချစ်ကံခေလို့ပဲလား ကျွန်မရဲ့ သတ္တိမရှိမှု ကြောင့်ပဲလား.. သူ့ရဲ့ မ၀ံ့မရဲ နိုင်မှု ကြောင့်ပဲလား.. ကျွန်မချစ်တဲ့သူကို ကျွန်မ ပွင့်ပွင့် လင်းလင်း ချစ်ခွင့် မရခဲ့ပါဘူး။ တိတ်တခိုးနဲ့ ဖွင့်မပြောရဲတဲ့ အချစ်တွေ၊ မျက်လုံးလေးနဲ့ အဓိပ္ပာယ် ဖော်ပြခဲ့ရတဲ့ အချစ်တွေ၊ သူလာရာလမ်း မှန်းဆငေးခဲ့ရတဲ့ နေ့ရက်တွေဟာ ကျွန်မ အတွက်တော့ ဘယ်လိုမှ ဖျက်မရတဲ့ မှတ်တမ်းတွေပါ။

သူနဲ့ ကျွန်မ စတွေ့တဲ့ အချိန်ဟာ ဒီလိုဆောင်းရာသီရဲ့ မြူတွေဆိုင်းနေတဲ့ မနက်ခင်း တစ်ခုမှာပေါ့။ ၀တ္ထုတွေ၊ ရုပ်ရှင်တွေ ထဲကလို ခပ်ဆန်းဆန်းနဲ့ ဇတ်လမ်းဆန်ဆန် တွေ့ခဲ့ကြတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ မနက်ခင်းကို ကျွန်မ သတိရနေတယ်။ မနက်စောစော ထလမ်းလျှောက်ရင်း သူ့ကို ကျွန်မ အမှတ်မထင် လှမ်းတွေ့ခဲ့တာပါ။ မြူနှင်းတွေကြားမှာ သူပေါ်လာတာဟာ ကျွန်မအတွက်တော့ လင်းလက်တဲ့ နတ်သား တစ်ပါးအလား ထင်မှတ်မှားစရာပါပဲ။ လမ်းလျှောက်နေရင်း ရှေ့ကနေ ဘွားခနဲ ပြေးထွက်လာတဲ့သူ့ကို မြင်ရချိန်မှာ ကျွန်မရင်တွေ တစ်ဒိတ်ဒိတ် ခုန်နေခဲ့တယ်။ ဘုရားရေ.. မြင်မြင်ချင်း ချစ်တယ်ဆိုတာ ဒါမျိုးလားဟင်… နောက်တော့ သူ့ကိုတမ်းတတဲ့ စိတ်တွေ၊ ထိမ်းချုပ်မရအောင် တွေ့ချင်နေတဲ့ စိတ်တွေနဲ့ အိပ်မရ ညပေါင်းများစွာကို ကျွန်မ ကျော်ဖြတ်ခဲ့ရတယ်။ အိပ်မက်တွေရဲ့ အခါခါ နှိပ်စက်မှု ဒဏ်တွေကို ကျွန်မ ခါးစည်း ခံခဲ့ရတယ်… "ကို" .. ကျွန်မကို နောက်တစ်ခါလောက်တော့ ဆုံခွင့်လေးပေးပါ ကို ရယ်….

မနက် မနက် လမ်းထလျှောက်မှာ ပျင်းတဲ့ ကျွန်မ ခုတော့ သူလာရာလမ်းကို မှန်းဆရင်း မြူတွေကြားမှာ တိုးဝှေ့နေတတ်ပြီ… စစတွေ့ချင်းလို မြူတွေကြားမှာ သူပေါ်လာလေမလား မျှော်လင့်ရင် မိနစ်တွေကို ရေတွက်တတ်လာ ခဲ့ပြီ.. အင်း ကံကြမ္မာရယ်.. ဘာကြောင့်များ ကျွန်မကို နှိပ်စက်ချင်ရတာတုန်း… ဒီလိုနဲ့ မတွေ့တဲ့ ရက်တွေများလာတော့ ကျွန်မပဲ လက်လျှော့လိုက်ရတော့ တာပေါ့.. အင်း.. အိမ်မှာပဲ စောင်ခြုံကွေးပြီး အတွေးနယ်ချဲ့တာ ကောင်းပါတယ်လေ….

*******************************************************************************

"မမေပုလဲ ဆိုတာ ဒီအိမ်မှာ နေပါသလား ခင်ဗျာ" …

တစ်ရက် ကျွန်မ ရုံးသွားခါနီး အိမ်ရှေ့က အော်သံကြောင့် ဘယ်သူများ ပါလိမ့်ဆိုတဲ့ အတွေးနဲ့ အိမ်ရှေ့ကို ထွက်လာခဲ့မိတယ်… အလို.. ဘုရားရေ.. ကျွန်မရင်ထဲက သူ.. ကျွန်မ သိပ်ချစ်မိနေတဲ့ သူ.. ကျွန်မ အမြင်များ မှားသလားလို့ မျက်လုံးကို သေချာ ပွတ်ပြီး ကြည့်လိုက်မိတယ်။ သေချာပါတယ် သူမှ သူအစစ်ပါ.

" မေပုလဲ ဆိုတာ ကျွန်မပါရှင့်.. ဘာကိစ္စများ ရှိပါသလဲဟင်"

" ဟုတ်ကဲ့ ညီမဆီကို လူကြုံရောက်လာလို့ လာပေးတာပါ ခင်ဗျာ"

" ရှင်.. အကိုက ဘယ်သူများ ပါလိမ့်ရှင်.. ဖေဖေတို့ ပေးလိုက်တဲ့ လူကြုံများလား"

" ကျွန်တော်က ဒေါ်မီမီရဲ့ တူပါ ခင်ဗျာ.. ပြန်ရောက်တာ တစ်ပတ်လောက်ပဲ ရှိပါသေးတယ်.. ဒါကြောင့် ညီမ မသိတာနေမှာပါ"

" သြော် အန်တီ မီမီ တူလား.. ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင်"

အန်တီမီမီ ဆိုတာ ကျွန်မ မေမေရဲ့ အချစ်ဆုံး သူငယ်ချင်း.. ဒီမြို့မှာ တာဝန်လာကျတဲ့ ကျွန်မကို စောင့်ရှောက်ပေးနေတဲ့ အန်တီပေါ့။ ကြည့်ပါအုံး သူတို့အိမ်ကို တစ်ပတ်လောက် မသွားပဲ နေချိန်မှာ ကျွန်မရဲ့ ရင်ခုန်သံလေးတွေ အဲမှာ ရောက်နေလိမ့်မယ် ဆိုတာ ကျွန်မ ထင်တောင် မထင်ထားမိပါလား… အဲ.. ဘုရားရေ ကျွန်မ သတိမထား မိလိုက်တဲ့ အချိန်မှာ ကျွန်မရဲ့ မသိစိတ်က ညနေရုံးဆင်းရင် အန်တီတို့အိမ်ကို ၀င်ဖို့တောင် အစီအစဉ် ချပြီး ပါပကောလား.. ကောင်းရော !

နောက်တော့ သူနဲ့ ကျွန်မ ရုပ်ရှင်တွေထဲကလို ခင်မင် ရင်းနှီးခဲ့ကြပါတယ်။ သူ့ရင်ထဲမှာတော့ ဘယ်လိုနေမလဲ မသိဘူး။ ကျွန်မရဲ့ သံယောဇဉ်တွေကတော့ ထပ်ထပ်တိုးကာ သူနဲ့တွေ့လေတိုင်း ရင်ခုန်သံတွေ မြန်နေတတ်တော့တာပေါ့။ တစ်ကယ်ပါ.. ယုံပါ ကို.. အိပ်ပျော်နေတဲ့ ကျွန်မ နှလုံးသားဟာ ကို့ကို တွေ့မှ ၀ုန်းဒိုင်းကျဲပြီး နိုးထ လာခဲ့ရတာပါ။ တည်ငြိမ်နေတဲ့ ရင်ခုန်သံတွေကို လှိုင်းထအောင် လုပ်ခဲ့တာဟာလည်း ကိုလို့ ကျွန်မ တိတ်တခိုး ခေါ်ရတဲ့ ရှင်ပဲပေါ့လို့။ ကျွန်မလေ..ကို့ အကြောင်းတွေးရင်း ညပေါင်းများစွာကို ဖြတ်ကျော်တတ်နေပြီ။ အိပ်မက်တွေကို ဇတ်လမ်းဆင်တတ်နေပြီ။ အသက်ရှုသံတွေကို ဘာသာပြန်တတ်နေပြီ.. ဒါပေမယ့် ကျွန်မ မလုပ်တတ်တာ တစ်ခုတော့ ရှိခဲ့ပါတယ်။ ဒါကတော့ သူ့ရဲ့ အကြည့်တွေကို ဘယ်လိုမှ အဓိပ္ပာယ် ဖော်လို့ မရတာပဲပေါ့။

*******************************************************************************

"ပုလဲ ဘာဖြစ်နေတုန်းကွ ရွှင်ရွှင်လန်းလန်းလည်း မရှိပါလား"

"မနက်က အိမ်က ဖုန်းလာလို့ အကိုရဲ့.. မေမေ နေမကောင်းဘူးတဲ့.. စိတ်အရမ်းပူတာပဲ"

"ဟုတ်လား..ဘာဖြစ်တာတဲ့လဲ.. သိပ်လည်း စိတ်မပူပါနဲ့ ကောင်းသွားမှာပါ"

"မေမေက နေမကောင်းဖြစ်ခဲတယ်.. ခု  ဘာဖြစ်တာလဲ မသိဘူး.. စိတ်မပူပဲ နေလို့ ရမလား"

"သြော် ပူမနေနဲ့ကွ ညီမလေးရေ.. ပူတာ မကောင်းဘူး လူဦးရေတိုးတယ်.. ဒီလောက် ကုန်ဈေးနှုန်းတက်နေတာ လူဦးရေတိုးတော့ ဘယ်ကောင်းမလဲကွ ဟားဟား"

"အာ လူဆိုးးးးး စိတ်ညစ်တာကို စစရာလား.."

ကျွန်မ စိတ်ညစ်နေချိန်တွေမှာ အဲလိုပျော်လာအောင်လည်း လုပ်ပေးတတ်သေးရဲ့။ သူ့ရဲ့ အပြောလေးတွေ၊ သူသုံးတဲ့ စကားလုံးလေးတွေ သူကျွန်မကိုကြည့်တဲ့ ရီဝေေ၀ အကြည့်တွေအောက်မှာ ကျွန်မဟာ အချိန်နဲ့အမျှ ကျဆုံးခဲ့ရတာပါ။ ကျွန်မအားငယ် နေချိန်တွေမှာ အမြဲအားပေးတယ်.. မေမေတို့ကို လွမ်းနေချိန်တွေမှာ စကားလုံးတွေနဲ့ နှစ်သိမ့်ပေးတယ်.. ကျွန်မပျော်နေချိန်တွေမှာ ကျွန်မနဲ့အတူ လိုက်ပျော်ပေးတယ်။ အရာရာတိုင်းဟာ ကျွန်မအတွက်တော့ ရူးမတတ်ပျော်ရွှင် ခဲ့ရတဲ့ အချိန်ပေါ့။ ကျွန်မရဲ့ အထီးကျန် ဘ၀လေးထဲကို သူ့ကို ရောက်လာစေတဲ့ လောကပါလ နတ်မင်းကြီးများကိုလည်း ကျေးဇူးတင်မိပါရဲ့။ သူနဲ့ဆုံအောင် ဖန်တီးပေးတဲ့ ကံကြမ္မာကိုလည်း ကျေးဇူးတင်မိပါရဲ့။ ဒါပေမယ့် ကျေးဇူး မတင်မိတာ တစ်ခုက ကျွန်မ သူ့ အပေါ်မှာ ထားတဲ့ သဘောထားတွေကို နည်းနည်းလေးမှ ရိပ်မိအောင် လုပ်မပေးတာကိုပေါ့. ဒါမှ မဟုတ် တမင်များ မသိချင်ယောင် ဆောင်နေလေသလား ကို ရယ်.. ကျွန်မကို ရူးအောင်တော့ မလုပ်ရဘူးလေ နော်..

*******************************************************************************

" အမ် ဘာဖြစ်နေတာလဲ ပုလဲရ ကြည့်လှ ချည်လား ဘာလဲ ဒီနေ့ ကျွန်တော် တော်တော် ချောနေလို့လား"

" ဘာမှ မဟုတ်ပါဘူး.. တစ်ချိန်ချိန်များ အကိုနဲ့ ဝေးသွားခဲ့ရင် ဆိုတာကို တွေးနေတာပါ"

" အဲ ဝေးရတာကတော့ လူတိုင်းပါပဲ ညီမလေးရယ်.. တွေ့နေချိန်မှာ ပျော်ပျော်နေပေါ့"

" ပုလဲလေ.. အကိုနဲ့ တစ်သက်လုံး ဒီလိုပဲ နေသွားချင်တယ် အကိုရယ်.. တစ်ခါ တစ်လေ အကိုနဲ့ ဝေးရမှာကို ကြောက်တယ်"

"ဟဲ့ ကောင်မလေး ဘာတွေ ပြောနေတာတုန်း အကိုက သေမှာ မို့လို့လား ကျန်းမာရေး ကောင်းပါသေးတယ်ကွ.. ဒီမှာ ပုလဲ အကို့ကို ပုလဲ ခင်တာ အကိုသိပါတယ်ကွ.. အကိုလည်း ပုလဲကို အရမ်းခင်ပါတယ်.. စိတ်ချ အကို့တစ်သက် ပုလဲကို ဘယ်တော့မှ မမေ့ဘူးနော်."

ခင်တယ်တဲ့.. သူက ကျွန်မကို ခင်တယ်ဆိုပါလား။ ကျွန်မရဲ့ အကြည့်တွေကို မရိပ်မိဘူးလား ကို ရယ်။ မိန်းကလေး တစ်ယောက်ရဲ့ ပြောရခက်တဲ့ သဘောထားတွေကို နားမလည်ပေးနိုင် ဘူးလားဟင်။ ကျွန်မလေ အကို့ကို ခင်တာမဟုတ်ဘူး ချစ်တာ.. ရင်ထဲက မြတ်မြတ်နိုးနိုးကို ချစ်နေတာပါ… အစဉ်အလာတွေကြားမှာ နေနေရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဖွင့်မပြောရဲတဲ့ အဖြစ်တွေ၊.. ခံစားချက်ကို မျက်လုံးနဲ့ သရုပ်ဖော်ရတဲ့ အခြေအနေတွေကို အကိုသိလျက်နဲ့ မသိချင်ယောင် ဆောင်နေရက်တယ်.. ဒါမှမဟုတ် သူ့မှာ ချစ်သူများ ရှိနေလို့လား.. ဘုရားရေ.. မဟုတ်ပါစေနဲ့.. သူချစ်တဲ့သူဟာ ကျွန်မပဲ ဖြစ်ပါစေ.. ကျွန်မလေ သူ့ကို တစ်သက်လုံး ချစ်ချစ်ခင်ခင် ပြုစုပါ့မယ်.. နားလည်ပေးပါ့မယ်.. အရှင်ဘုရား သူ့ကိုလေ ကျွန်မကို ချစ်လာအောင် အင်အားတွေ ပေးသနားတော် မူပါ မြတ်စွာ ဘုရားရယ်…

ချစ်တယ်ဆိုတဲ့ ခံစားချက်ကို လူတိုင်းကြုံဖူး ကြမှာပါ။ ရှင်တို့တွေ ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုကြပါသလဲ.. ကိုယ်ကချစ်သလောက် ကိုယ့်ကို ပြန်ချစ်တဲ့သူမျိုးနဲ့ ရော ရှင်တို့တွေ ကြုံဖူးကြပါသလား.. တစ်ဖက်သတ် အချစ်ကိုရော ရှင်တို့တွေ နားလည်ကြပါသလား… တစ်ကယ်တော့ ကျွန်မရင်ထဲမှာ ဖြစ်တည်နေတဲ့ အချစ်တွေဟာ ဖော်ပြရခက်တဲ့ တစ်ဖက်သတ် အချစ်တွေပါ.. ကျွန်မလေ သူ့ကို ချစ်တဲ့အချိန်ကစပြီး သူ့ကို စိတ်ချမ်းသာစေချင်ခဲ့တယ်.. သူ့အကြောင်းတွေးနေရရင် စိတ်ထဲက အလိုလိုပျော်တယ်.. သူတစ်ခုခုကို အလိုမကျမှာကို ကြိုတင်တွေးပူရင် သူ့အတွက် ကြိုတင်ပြင်ဆင် နေထိုင်ပေးခဲ့တယ်.. တိုက်ဆိုင်တဲ့ အချိန်တိုင်း သူ့ကို သတိရတတ်သလို မတိုက်ဆိုင်ပဲလဲ ကြံဖန် လွမ်းတတ်လာတယ်.. တစ်ကယ်တော့ ပြန်တွေးကြည့်ရင် ဒါတွေဟာ ကိုယ့်ဟာကို ရှာတဲ့ ဒုက္ခတွေပါ.. ဒါပေမယ့် ရှင်တို့သိကြလား ဒီဒုက္ခတွေက ချိုမြိန်တယ် ဆိုတာကိုလေ။ တစ်ခါတစ်လေတော့ ရင်ထဲမှာ ပူလောင်တာပေါ့… သြော် ရှင်တို့ကလည်းနော် မြတ်စွာဘုရား တောင်ဟောထား သေးတာပဲ 1500 ကိလေသာတဲ့.. ကိလေသာတွေက ပူတယ်လေ.. ပူထုဇဉ်မှန်ရင်တော့ ခံကြအုံးပေါ့ရှင်.. ပါးပါးလေးပါ.. ဟုတ်တယ်ဟုတ်!

"အကို ဒီဘ၀မှာ ဒီအတိုင်းပဲ နေတော့မှာလား ဟင်"

" ဟေ ဒီအတိုင်း မနေလို့ ကင်းမြီးကောက် ထောင်နေရမှာလား ကွ"

"   ဟုတ်ဘူးလေ အကိုရဲ့ မိန်းမလေး ဘာလေး ယူဖို့ မစဉ်းစား တော့ဘူးလား.. ချစ်တဲ့သူရော မရှိဘူးလား ဟင်"

" ဟားဟား ငါ့ညီမလေးက သူ့အကိုကို အိမ်ထောင် ချပေးချင်တာကို.. တစ်ကယ်တော့ ပုလဲရယ် အိမ်ထောင်ဆိုတာ လွတ်လမ်း မရှိတဲ့ထောင်ပါ.. ကိုယ်ဒီထောင်ထဲတော့ မ၀င်ပါရစေနဲ့နော်"

" အင် အကို့အတိုင်းသာဆို အကို့ကို မွေးမိတဲ့ အကို့ အဖေနဲ့ အမေတော့ ဒုက္ခပဲနော်.. ဘာကြောင့်များ အဲလိုတွေးရတာပါလိမ့် အကိုကလဲ"

" အင်း စတာပါ ပုလဲရယ်.. အကိုတစ်ယောက်ထဲပဲ နေချင်တယ်.. တစ်ယောက်ထဲနေတာတောင် ဘ၀က ဒီလောက်ရှုပ်တာ.. နှစ်ယောက်သုံးယောက်ဆို ပိုရှုပ်တော့မှာပေါ့.. အကို ဒီအတိုင်းလေး အေးချမ်းနေပါတယ် ညီမလေးရယ်.. အကိုဝါသနာပါတဲ့ သစ်ပင်စိုက်တဲ့ အလုပ်ကို ခုလုပ်နေရပြီ.. ဒီမြို့လေးမှာ အေးအေးလေး နေ နေရပြီ.. အကို့အတွက် ဘာမှမလိုပါဘူး ညီမလေးရယ်"

" အင်း အကိုကလည်းနော် အသက်ကြီးတော့ အထီးကျန်လာမှာပေါ့ အကိုရယ်.. ဒါမှမဟုတ် အကို့မှာ အတိတ်ဆိုးတွေများ ရှိနေတာလားဟင်"

" တစ်ကယ်တော့ အထီးကျန်တယ်ဆိုတာ လူတွေရဲ့ သတ်မှတ်ချက်တွေပါ ညီမလေးရယ်.. ကိုယ်နေတတ်ရင် လောကဟာ ကျေနပ်စရာကြီးပါကွာ.. အတိတ်ဆိုးဆိုတာကရော ဘယ်လို သတ်မှတ်မလဲ.. သူကဆိုးနေပေမယ့် ကိုယ်က နေတတ်ရင်.. ကိုယ့်အတွက်ဖြေသိမ့်တတ်ရင် ထင်သလောက် မဆိုးတော့ပါဘူး.. နောက်ပြီး ဒီတစ်သက် အကို့ကို ချစ်တဲ့ မိန်းကလေးလည်း တွေ့တော့မယ် မထင်ပါဘူးကွာ"

" အင် အကိုကလည်း ဘယ်ပြောလို့ရမလဲ.. အကို့နားမှာ အကိုမသိပေမယ့် ချစ်နေသူတွေ ရှိရင်ရှိမှာပေါ့.. နောက်တစ်ခါလောက် ပြန်မချစ်ကြည့်ချင် တော့ဘူးလားဟင် အကို"

" ဟားဟား ငါ့ညီမလေးက သူ့အကိုကို တော်တော် မိန်းမပေးစားချင်နေတာပဲ.. ညည်းလေးသာ ရှာ..ကြားလား"

" ရှာချင်တယ် အကိုရေ.. ဒါပေမယ့် သူက မသိချင်ယောင် ဆောင်နေတော့ ခက်တယ်ရှင့်"

အွန့်.. သူ့အနားမှာ ဒီလောက်ချစ်စရာ ကောင်းတဲ့ ကောင်မလေး ရှိနေတာ မသိပဲတော့ နေမှာ မဟုတ်ပါဘူးနော်.. ထားပါတော့လေ ကျွန်မထိုက်နဲ့ ကျွန်မကံပေါ့.. ဒီရေခဲတုံးကြီးကိုမှ ကျွန်မက ချစ်နေမိတာကို… အင်း ကိုရယ်. ကို့အနားမှာ နေခွင့်ရတာလေးကိုပဲ ကျေနပ်လှပါပြီ.. ဒါပေမယ့် ဒါပေမယ့်လေ.. ကံကြမ္မာက ကျွန်မကို ဒီအတိုင်း မထားဘူးရှင့်.. ကျွန်မကို ကိုနဲ့ဝေးရာကို ပို့မယ့် ကံကြမ္မာက ကျွန်မဆီ နောက်တစ်ခေါက် လာခဲ့ပြီလေ..

" သမီးရေ ပုလဲ.. သမီးတော့ ၀မ်းသာစရာပဲ.. သမီး မေမေလည်း တော်တော် ၀မ်းသာနေမှာ မဟုတ်ရင် တစ်ရက် တစ်ရက် သမီး အဆင်ပြေလား ဖုန်းဆက်မေးရတာ အမော"

" ဘာကြောင့်လဲ အန်တီရဲ့"

" သမီးတင်ထားတဲ့ ပြောင်းရွှေမိန့်လေ ရောက်လာပြီ သမီးရဲ့.. သမီးနေတဲ့မြို့ကို ပြောင်းရမယ့် Transfer Order ကျလာပြီလေ.. ဒီတော့ ပြောင်းဖို့သာ လုပ်ထားတော့ သမီးရေ..ညည်းပဲ ဒီမြို့မှာ ပျင်းတယ်ဆိုပြီး တင်ထားခဲ့ ပြီးတော့.. အန်တီတို့ကတော့ သမီးလို တော်တဲ့သူကို ဆုံးရှုံးရမှာ နှမြောတာပေါ့"

ကျွန်မရုံးက ကျွန်မရဲ့ အထက်လူကြီး လာပြောတော့ ကျွန်မ ၀မ်းသာရမှာလား ၀မ်းနည်းရမှာလားဟင်.. ကျွန်မဒီမြို့လေးကို ရောက်စတုန်းက ဒီနေရာလေးက ခေါင်လို့၊ ပျင်းစရာ ကောင်းလို့ဆိုပြီး ရောက်ပြီး သိပ်တောင် မကြာလိုက်ဘူး.. ပြောင်းရွှေ့ဖို့ လျှောက်လွှာ တင်ခဲ့တယ်.. ဟောခု ဒီနေရာလေးမှာလည်း ပျော်ရော.. ကျွန်မချစ်တဲ့သူကိုလည်း တွေ့ရော.. ကျွန်မကို သူနဲ့ဝေးရာကို ခေါ်ထုတ်ဖို့ ကံကြမ္မာက စေခိုင်းပြန်တယ်.. ကျွန်မ ဘယ်လိုလုပ်ရမလဲ.. ဒီတစ်ခါ ထွက်သွားရရင် နောက်တစ်ခေါက် ပြန်ဆုံဖို့ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စရှင့်။ မေမေတို့ကလည်း ဇွတ်.. ကျွန်မကို ဒီထိလာကြိုမယ် တဲ့လေ.. သူ့သူငယ်ချင်းကိုလည်း တွေ့ချင်ရှာမှာပေါ့… ကျွန်မကို ဒီနေရာလေးမှာပဲ ပြန်ထားပေးပါ ပြောရအောင်လည်း ဒါက ကလေးကစားပွဲ တစ်ခု မဟုတ်ပြန်ဘူး။ ဘုရားရေ… ကျွန်မ ဘာလုပ်ရမလဲ.. ကျွန်မကို အချစ်နဲ့ ဆုံဆည်းခွင့်ကို ဘယ်တော့မှ မပေးကြတော့ဘူးလား.. ကျွန်မကို ကယ်ကြပါ.. ကျွန်မလေ လွမ်းရမှာကို အရမ်းကြောက်နေမိလို့ပါ။

နောက်ရက် နည်းနည်းလောက်ကြာတော့ မေမေတို့ ရောက်လာကြတယ်.. ကျွန်မလည်း မတတ်သာတော့တဲ့ အဆုံး အပြောင်းအရွေ့ကိစ္စနဲ့ အလုပ်များနေရတယ်။ မပြန်ခင် တစ်ရက်မှာ အန်တီမီမီတို့က ကျွန်မရယ် မေမေရယ်ကို ထမင်းဖိတ်ကျွေးတယ်.. ဒါဟာ ကျွန်မနဲ့သူ နောက်ဆုံးတွေ့ရတဲ့ အခိုက်အတန့်လေးပါ။ ဒီလိုဝေးလံလှတဲ့ နေရာကို ကျွန်မအနေနဲ့ နောက်တစ်ခေါက် ပြန်ရောက်နိုင်စရာ အကြောင်းရှိခဲလှသလို.. သစ်ပင်စိုက်ပြီး ဘ၀ကိုမြှပ်နှံချင်တဲ့ သူကြီးကရော ကျွန်ကို တစ်ကူးတစ်က လာတွေ့မယ်တဲ့လား… ကျွန်မ ရင်မောရပါတယ်.. အဲဒီနေ့က ကျွန်မနဲ့သူ စကားပြောဖြစ်ကြတယ်..

" ညီမလေး လမ်းမှာ ဂရုစိုက်သွားနော်"

" ဟုတ်ကဲ့ပါ အကို.. ကျွန်မကတော့ အကို့ကို လွမ်းရတော့မှာပေါ့"

" ဟားဟား ဒီလို မပြောပါနဲ့ကွ ဟိုကိုရောက်တော့ မေ့သွားမယ့် သူကများနော်"

" မဟုတ်ဘူးအကို ကျွန်မလေ အကို့ကို တစ်သက်လုံး သတိရနေမှာ သိလား"

" အင်းပါ ပုလဲရယ်.. ကိုယ်လည်း သတိရနေမှာပါ"

" အကို ကျွန်မကို ပြောစရာ စကားလေးများ မရှိဘူးလားဟင်"

ကျွန်မလေ ဘယ်လိုမှ ထိမ်းချုပ်လို့ မရတော့ဘူး.. သူနဲ့ စကားပြောနေတဲ့ အချိန်မှာ မျက်ရည်ဝဲတက်လာတယ်.. ကျွန်မသူ့ကို စကားတွေ အများကြီး ပြောချင်နေတယ်.. ဒါပေမယ့် ကျွန်မ ဘာလုပ်ရမလဲ.. ကျွန်မ ဘာမှ ပြောမထွက်ဘူ.. သူ့ဆီကလည်း တစ်ခုခုကြားချင်နေတယ်.. ကျွန်မလေ မျှော်လင့်ချက်တွေ ပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို စိုက်ကြည့်နေမိတယ်.. ရှာလိုက်ပါကို..ကိုရှာတတ်ရင် ချစ်ရည်ရွှန်းလဲ့နေတဲ့ မျက်လုံးအစုံကို တွေ့ရမှာပါ.. ကိုသာ နားလည်တတ်ရင်.. ကိုသာ လျစ်လျူမရှုတတ်ခဲ့ရင် သိပ်ကောင်းမှာ. .ခွဲခွာရချိန်ထိ ကျွန်မကို နေမထိ ထိုင်မသာ ဖြစ်အောင် လုပ်အုံးမလို့လားဟင်…! ကျွန်မ စိတ်ကျေနပ် စေတဲ့ စကားလေး တစ်ခွန်းလောက်တော့ ကျွန်မကို နှစ်သိမ့်တဲ့ အနေနဲ့ ဖြစ်ဖြစ် ပြောပေးပါကို.. ဟော ကိုပြောတော့မယ်.. သူဘာပြောမလဲ… ကျွန်မ ရင်တွေခုန်နေခဲ့တယ်…ပြောပါ.. ပြောလိုက်စမ်းပါ ကိုရယ်…

" ကျန်းမာရေးကို ဂရုစိုက်ပါ.. ဘုရား တရားလည်း မမေ့နဲ့ပေါ့ ပုလဲရယ် နော်" တဲ့.. သေပြီဆရာ..သေလိုက်တော့ မေပုလဲရေ…ဒီတစ်သက် နင်တော့ သူ့ကို မျှော်လင့်မနေနဲ့တော့..

ဘာပဲ ဖြစ်ဖြစ်ပါ.. ကျွန်မ ဘ၀မှာ ကျွန်မချစ်တဲ့သူကို တွေ့ခဲ့ရတဲ့ နေရာလေးကို တော့ ကျွန်မ ဒီတစ်သက် မေ့တော့မှာ မဟုတ်ပါဘူးရှင်.. မျှော်လင့်ချက် မရှိတော့တဲ့..ဗလာကျင်းနေတဲ့ ရင်ဘတ်အစုံနဲ့ ကျွန်မခွဲခွာခြင်းကို စတင်ရတော့မှာပေါ့။ နောက်ဆုံးတော့ ကျွန်မ တိတ်ကလေး ဆုတောင်း မိပါတယ်.. ကျွန်မကို ချစ်ပါလို့လဲ သူ့ကို မတောင်းဆိုချင်တော့ပါဘူး… ကျွန်မလည်း သူ့ကို မုန်းမေ့ဖို့ မကြိုးစား ချင်တော့ပါဘူး.. သူ့နှလုံးသားရဲ့ တစ်နေရာမှာ ကျွန်မကို ထည့်ထားပေးပါ ကိုရယ်.. မေပုလဲ ဆိုတဲ့ မိန်းကလေး တစ်ယောက်ကို သတိရနေပေးပါ…။၊

 

6 comments:

Anonymous said...

ဇာတ်လမ်းလေးကတော့ မိုက်တယ်ဝေ့... ဒါပေမယ့်.. ဇာတ်သိမ်းခန်းကို မကြိုက်ဖူးကွ... :P
ဒီလိုလုပ်...
နောက်ခဏနေတော့.. မေပုလဲရဲ့ မေမေနဲ့ ကို့ မေမေနဲ့ သူငယ်ချင်းနှစ်ယောက်က သား၊သမီးချင်း လက်ဆက်ပေးဖို့.. တိုင်ပင်ခဲ့ကြတယ်လို့... ဒါနဲ့ပဲ... :D :D

tzm

Anonymous said...

ဝတ္ထုတိုလေးပြီးသွားပြီပေါ့။ ကောင်းလိုက်တာ။
အရေးအသားသွက်တယ်။ ကဗျာနည်းနည်းဆန်တယ်။ ဟာသလေးတောင်ကြားညှပ်ထားသေး။
အဆုံးသတ်မှာတော့ ဖတ်ပြီးလွမ်းသွားတယ်။

Anonymous said...

ကောင်းတယ်ကွာ.... အလွမ်းဓါတ်ခံရှိသူတွေအတွက်
တကယ်ကို ခံစားရမှာ ...
နောက်ထပ် ဆက်ရေးဦး

Anonymous said...

မပင့်ရေ ကောင်းတယ်လို့ ပြောပရစေ..လက်စလက်နလေး တော့ရှိသား..ဟီး..

Anonymous said...

မဲပလေ နဲ့ သူ၏ ကိုကိုပေါ့။ ဟုတ်လား။ ရေးသူ ပန်းရွှေ။ ဒီလိုလား။ ဆက်ရေးပါဗျို့။

အကြိုက်ဆုံး အပိုဒ်ကတော့ အိမ်မှာပဲ စောင်ခြုံပြီး အတွေးနယ်ချဲ့တာ ကောင်းပါတယ်လေ ဆိုတဲ့ အပိုဒ်ပဲခင်ဗျ။

Anonymous said...

Thanks a lot for your comments on my first short story. So far, I have no idea to create another one. Anyway, thanks a lot for giving your time to read my first art and hope I can write one later. Then, my main character will be boy..:P