The World Of Pinkgold
My Possession, My Interest, My Concern, and My World
Thursday, January 28, 2010
Moving Blog
http://pinkgold.wordpress.com ကို လာရောက်ကြပါလို့ ဖိတ်ခေါ်ချင်သလို၊ လင့်ချိတ်ထားသူများကိုလည်း လိပ်စာလေးပြောင်းပေးကြပါလို့ တောင်းဆိုချင်ပါတယ်။
ကျေးဇူးပါ
ပင့်ဂိုလ်း
Monday, January 11, 2010
Miss Tourism 2010
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ 2010 ခုနှစ် ဖေဖော်ဝါရီလတွင် Miss Tourism ပြိုင်ပွဲကြီးကို ပထမဦးဆုံး အကြိမ်အဖြစ် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ဤပွဲကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအား
မြှင့်တင်ပေးလိုခြင်း ၊ မြန်မာနိုင်ငံတွင်းမှ စိတ်ဝင်စားဖွယ်ရာ ဒေသများကို ဖော်ထုတ်ကာ အများသူငှာ သိရှိစေလိုခြင်း ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအသင်း၏ သံတမန်တစ်ဦးကို ဖော်ထုတ်ပေးလိုခြင်း အစရှိသည့်
ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်မည်ဖြစ်သည်။
Miss Tourism 2010 ပြိုင်ပွဲကြီးကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ Miss Tourism ပြိုင်ပွဲကြီးနှင့်အတူ မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်း
ကုမ္ပဏီအသီးသီးမှ ခင်းကျင်းပြသကြမည့် ပြခန်းများကိုပါ ထည့်သွင်းပြသသွားမည်ဖြစ်သည်။ Miss Tourism 2010 ပြိုင်ပွဲကို မည်သူမဆိုလာရောက်ကြည့်ရှုနိုင်စေရန်အတွက် ပွဲဝင်ကြေးကို အခမဲ့ သတ်မှတ်ထားသည်။
ပြိုင်ပွဲဝင်လိုကြသူများအနေဖြင့် စိတ်ကြိုက်ဝတ်စုံတစ်စုံနှင့် ရိုးရာဒေသတစ်ခုခုကို ကိုယ်စားပြုပြီး ဆန်းသစ်တီထွင်ထားသည့် ဝတ်စုံတစ်စုံ စုစုပေါင်းနှစ်စုံဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်လျှောက်တစ်စောင်ကို ၅၀၀၀ ကျပ်ဖြင့်ရောင်းချပေးမည်ဖြစ်သည်။ လျှောက်လွှာများကို 2010 ခုနှစ် ဇန်န၀ါရီလမှ စတင်ကာ လပြည့်ဝန်းပလာဇာ (၁၀)ထပ်ရှိ People Media ရုံးခန်းတွင်လာရောက်ဝယ်ယူနိုင်ပါသည်။
Monday, February 23, 2009
Good Tips for Everything!
ကျွန်မတို့တွေ လူမှုဘ၀မှာ ရှင်သန်နေထိုင်ဖို့ဆိုရင် ငွေကြေးတောင့်တင်းဖို့အပြင် ကျန်မားရေးကောင်းဖို့၊ ရုပ်ရည်ရူပကာ လှပဖို့၊ လူမှု့ဆက်ဆံရေး ချောမွေ့ အဆင်ပြေစေဖို့ စတာတွေကလည်း မလွဲမသွေ လိုအပ်ပါတယ်ရှင်။
ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်
1. ရေများများသောက်ပါ
2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့ သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)
3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊
4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ -- Energy, Enthusiasm နဲ့ Empathy တို့ဖြစ်ပါတယ်။
5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။
6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။
7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။
8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။
9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်မဆို 10 နာရီလောက် အိပ်တာ)
10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။ လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။ (အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)
Personality:
11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။
12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင် လုပ်လိုက်ပါ။
13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။
14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။
15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။
16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။
17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။
18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။
19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့ အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။
20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။
21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက် မဖြစ်နိုင်ပါဘူး။
22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့ အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့ သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။
23. များများပြုံးပါ၊ များများရီပါ။
24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင် သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။
Society:
25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။ တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။
26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။
27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။ (သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)
28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့ အချိန်များများ ပိုဖြုန်းပါ။
29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင် ကြိုးစားကြည့်ပါလား။
30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။
31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။
Life:
32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။
33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့ အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။
34. ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။
35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ ပြောင်းလဲနေမှာ ပါပဲ။
36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့.. အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။
37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။
38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။
39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့် ပျော်ပျော်သာနေပါ။
နောက်ဆုံး အချက် 40 မြောက်လာပါပြီ။ နောက်ဆုံးမှထားလို့ အရေးမကြီးတာ မဟုတ်ဘူးနော်။ ဘာတဲ့လဲ
40. ဒီအီးမေလ်းကို သင် ဂရုတစ်စိုက်ရှိတဲ့ လူ အယောက် 40 ဆီကို Forward လုပ်လိုက်ပါတဲ့။ ကျွန်မကတော့ တစ်ရက်ကို လူ ၁၀၀ ကျော်လောက် လာဖတ်နေကြတဲ့ ကျွန်မရဲ့ ဘလောဂ့်မှာ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။ အားလုံးကို ကျွန်မက ချစ်တာကိုးရှင့်။
Thursday, February 19, 2009
Yearn
အလှမ်းဝေးလွန်းတယ်
အလွမ်းချစ်
ပန်းအဖြစ် ပွင့်ခဲ့ရင်တောင်
မနမ်း ဝံ့ ပါဘူး။
မြစ်တစင်းထဲ
ချစ်ခြင်းတွေ အပြည့်တင်
ဘယ်သောင်ပြင် ကပ်ရမယ် မသိ
ဖြတ်မရသည့် သံယောဇဉ်ကြိုး
တိုးလို့ နှောင်မိ။
ဒီ ဘဝမှာတော့
ညီမျှမှ တော်ရာကျမှာမို့
တေးသီခါ ဖေါ်ကာပြချင်ပေမယ့်
အဝေးဆီသာ မျှော်ကာတရတယ်
အချစ်ရယ် ... တော်ရာကပဲ လွမ်းနေမယ်။
ကျွန်မ သူငယ်ချင်းရေးတဲ့ ကဗျာလေးပါ။ ကြိုက်လို့ ဒီမှာ ပြန်ဖော်ပြလိုက်ပါတယ်ရှင်။ မူရင်းကိုတော့ ဒီနေရာ မှာ ဖတ်နိုင်ပါတယ်။
Saturday, February 14, 2009
To My Dearests!
ဖေဖော်ဝါရီလဆိုတာ အချစ်ရည်၊ အချစ်သွေးတို့ လွှမ်းခြုံနေပြီး ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ ပြယုဂ်ကာလလို့ သိထားလေ့ ရှိကြပါတယ်။ ဒီနေ့ခေတ်မှာ လူတွေနားလည်ထားတဲ့ St. Valentine’s Day နေ့ထူးနေ့မြတ်ကြီးဟာ ရှေးခေတ် ရောမရိုးရာနဲ့ ခရစ်ယာန် ဘာသာအတွက် အလေးအမြတ် ပြုရတဲ့ အထိမ်းအမှတ် နေ့တစ်နေ့လည်း ဖြစ်ခဲ့ပါတယ်။ တစ်ကယ်တော့ ဗယ်လင်တိုင်းဒေးဆိုတာ ချစ်သူရည်းစားတွေနဲ့ချည်းပဲ သက်ဆိုင်တာ မဟုတ်ပါဘူးရှင်။ ကမ္ဘာပေါ်မှာနေထိုင်ကြတဲ့ ချစ်တတ်ကြတဲ့၊ အချစ်ကို တန်ဘိုးထားတတ်ကြတဲ့ သူတွေအားလုံးနဲ့ သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ်ကလေး ဖြစ်ပါတယ်ရှင်။ ချစ်သူရည်းစားချင်း၊ မိသားစုတွေချင်း၊ သူငယ်ချင်း မောင်နှမတွေချင်း အားလုံး အားလုံးဟာ ဗယ်လင်တိုင်းဒေးကို အတူတူဆင်နွှဲနိုင်ကြပါတယ်။ လက်ဆောင်လေးတွေ အပြန်အလှန် ပေးအပ်နိုင်ကြပါတယ်။ အချစ်ကို ဖော်ညွှန်း ဖွင့်ဆိုနိုင်ကြပါတယ်။ ကျွန်မလည်း ကျွန်မသိပ်ချစ်ရတဲ့ သူတွေကို သူတို့ကို ကျွန်မသိပ်ချစ်တဲ့အကြောင်းကို ဒီလို ဗယ်လင်တိုင်းနေ့မှာ ဖွင့်ဟပြချင်တာပေါ့ရှင်။
ကျွန်မမှာ သိပ်ချစ်ရတဲ့ သူငယ်ချင်းတွေရှိတယ်။ ကျွန်မတို့အားလုံးဟာ အွန်လိုင်းပေါ်မှာ တွေ့ဆုံခဲ့ကြပြီး တစ်ကယ့်ညီအစ်ကို မောင်နှမတွေကို ချစ်ခဲ့ကြတာဖြစ်တယ်။ အချင်းချင်း အပြန်အလှန် နားလည်ကြင်နာမှု ရှိကြတယ်။ နေ့တိုင်းလိုလို အဆက်အသွယ်ရှိကြတယ်။ ရေမြေတွေ ဝေးနေပေမယ့် စိတ်ချင်းကတော့ အမြဲတမ်း နီးနေခဲ့ကြတယ်။ ဂျီတော့ပေါ်မှာ မတွေ့ဖြစ်ကြရင်တောင် ဖုန်းတော့ခေါ်ဖြစ်ကြတယ်။ တစ်ရက် စကားမပြောရရင် တစ်ရက်လွမ်းရလောက်အောင်ကို ကျွန်မတို့ ချစ်ကြတယ်။ ဒါကြောင့် အွန်လိုင်းအချစ်ကို ကျွန်မယုံတယ်။ ပကတိ ဖြူစင်တယ်၊ ရိုးသားတယ်။ ဘာ ပကာသနမှ မရောပဲ အသံလေးကြားရုံ၊ နေ့တိုင်းစကားပြောဖြစ်ရုံ၊ ခံစားချက်တွေ ဖလှယ်ကြရုံနဲ့ လူတစ်ယောက်ရဲ့ စိတ်ကို အဆုံးစွန်ထိ ညှို့ယူသွားနိုင်စွမ်းရှိတယ်။ ဟုတ်ကဲ့.. ကျွန်မှာ သိပ်ချစ်ရတဲ့ သူငယ်ချင်းတွေ ရှိပါတယ်။
"ဂျူဂျူး" နဲ့ ကျွန်မဟာ ပလန်းနက်ဖိုရမ်မှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်တယ်။ Dungeonsis ဆိုတဲ့ သူ့ရဲ့ Nick Name ကြောင့် လူတော်တော်များများက ဒုန်းကြမ်းစိ လို့ခေါ်လေ့ရှိကြတယ်။ ကျွန်မသာမက ဖိုရမ်ထဲက လူတော်တော်များများလည်း သူ့ကို တော်တော်လေး ခင်ကြပါတယ်။ ထိုင်းနိုင်ငံ ABAC မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက် ဖြစ်သလို ထိုင်းမှာ ရောက်နေတဲ့ ကျွန်မသူငယ်ချင်း တော်တော်များများက သူ့ကို လူမမြင်ဖူးပဲ နာမည်ကိုတော့ သိနေကြတယ်။ ကျွန်မက သူ့အကြောင်းတွေ အမြဲပြောပြောနေတတ်တာကိုး။ ပလန်းနက်ဖိုရမ်မှာတော့ သူနဲ့ကျွန်မ သိပ်မရင်းနှီးခဲ့ကြဘူး။ "မြန်မာတီးရှော့ပ့်" ဆိုတဲ့ ဖိုရမ်မှာမှ အတော်လေးကို ခင်မင်ရင်းနှီးပြီး ဂျီတော့ပေါ်မှာရော၊ ဖုန်းဆက်ပြီးတော့ရော၊ အီးမေလ်းနဲ့ကော အဆက်အသွယ် မပြတ်နေခဲ့ကြတယ်လေ။ သူကျောင်းပိတ်လို့ မြန်မာပြည် ပြန်လာရင်လည်း ကျွန်မတို့ နှစ်ယောက် အမြဲတမ်းတွေ့ဖြစ်ကြတယ်။ ကျွန်မရုံးနဲ့ သူ့ဆိုင်နဲ့ကလည်း နီးတာကိုးရှင်။ မေလမှာ နာဂစ်ဖြစ်တော့ ကျွန်မသူ့အိမ်မှာ လိုက်အိပ်တဲ့နေ့နဲ့ ကြုံတယ်။ ကြောက်လို့ဆိုပြီး တစ်ယောက်ကို တစ်ယောက် အသေဖက်ထားကြတာ မေ့မရနိုင်ဘူး။ ကျွန်မသူ့ကို သိပ်ချစ်ပါတယ်။
ဂျူဂျူးနဲ့ပတ်သက်ပြီး နောက်ထပ်ချစ်စရာ ကောင်းတဲ့သူငယ်ချင်း သုံးယောက်နဲ့ ကျွန်မ ထပ်ရင်းနှီးခွင့်ရခဲ့တယ်။ "မြန်မာတီးရှောပ့်" ဖိုရမ်ပျက်သွားတော့ အဲဒီကလူတွေ တော်တော်များများ ဘလောဂ့်ဂါ ဖြစ်ကုန်ကြတယ်။ ကျွန်မလည်း အဲဒီကနေတစ်ဆင့် ဘလောဂ့်ဂါ ဖြစ်ခဲ့တာပါပဲ။ အဲဒီအချိန်တုန်းက MonsterOfRock လို့ခေါ်တဲ့ ကိုမွန်းစတားရဲ့ ပဒုမ္မာဖိုရမ်က နာမည်စရလာတဲ့ အချိန်ဖြစ်တယ်။ ပလန်းနက်မှာ ကတည်းက ခင်မင်ရင်းစွဲရှိခဲ့ကြတဲ့ သူငယ်ချင်းတွေ ဖြစ်တာကြောင့် ပလန်းနက်က ယူဇာတော်တော်များများလည်း ပဒုမ္မာမှာ သွားရေးဖြစ်ကြတယ်။ ကျွန်မလည်း ယောင်လည်လည်နဲ့ ပါသွားတာပေါ့။ ဂျူဂျုးတို့ကတော့ နောက်ပိုင်းအဲဒီမှာ ဖိုရမ်တွေ တောက်လျှောက်ရေးဖြစ်တယ်။ ကျွန်မကတော့ ဖိုရမ်သိပ်မရေးတော့ပဲ ဘလောဂ့်လောကမှာ တောက်လျှောက်ကျင်လည်ဖြစ်တယ်။ ပဒုမ္မာကိုလည်းရောက်ကော ပါရမီ လို့ခေါ်တဲ့ ချစ်စရာ မမတစ်ယောက်နဲ့ ထပ်ခင်ခွင့်ရခဲ့တယ်။ တစ်ကယ်တော့ အဲဒီ မမနဲ့ မခင် ခင်ကတည်းက ပဒုမ္မာရဲ့ အမာခံ မန်ဘာကြီး ဂျူဂျူးကြောင့် သူ့အကြောင်းတွေ ကြားဖူးနေတာ ကြာလှပြီ။ ကျွန်မတို့က ဂျီတော့ပြောရင် သူ့အကြောင်း ကိုယ့်အကြောင်းကအစ သူငယ်ချင်းတွေအကြောင်းပါ အမြဲထည့်ပြောတတ်ကြတာကိုးရှင့်။
လန်ဒန်မှာနေတဲ့ မမပါရမီကလည်း ကျွန်မတို့နဲ့ စိတ်ချင်းနီးခဲ့တာပါပဲ။ ဂျီတော့ကနေတစ်ဆင့် ဖိုရမ်ထဲနေတစ်ဆင့် ကျွန်မတို့ရဲ့ ခင်မင်မှုတွေတိုးခဲ့ရတယ်။ စိတ်ထားကောင်းလွန်းတဲ့ ပါရမီကို ကျွန်မ လေးစားအားကျခဲ့ရတယ်။ တိုက်ဆိုင်တာ တစ်ခုက သူ့နာမည်ကလည်း "ထက်ထက်" ပဲဖြစ်နေတာကြောင့် ကျွန်မတို့နှစ်ယောက် တရုပ်လို ထက်ကျဲကျဲနဲ့ ထက်မေ့မေ့ဆိုပြီး တစ်ယောက်ကို တစ်ယောက် ခေါ်ကြတာ။ မမပါရမီနဲ့ ဂျူဂျူးမှာ သိပ်ချစ်စရာကောင်းတဲ့ နောက်အမ တစ်ယောက်ရှိသေးတယ် ဆိုတာကြောင့် နင်တို့အမလည်း ငါ့အမပဲပေါ့ဟာ ဆိုပြီးကျွန်မ အဲဒီအမတစ်ယောက်နဲ့ ထပ်ခင်ခွင့် ရခဲ့ပြန်တယ်။ Silver လို့ခေါ်တဲ့ ခပ်၀၀ မမတစ်ယောက်ပေါ့။
မမဆေလ်းဗားက ပျော်ပျော်နေတတ်တယ်။ လူတိုင်းကို ကူညီတတ်တယ်။ တစ်ခါ တစ်ခါ အားလုံးကို နွှဲ့ဆိုး ဆိုးတတ်သေးတယ်။ ကျွန်မတို့ဆို အကြီးဆုံးက အငယ်ဆုံးဖြစ်နေတယ်ဗျို့ဆိုပြီး သူ့ကိုနောက်လေ့ ရှိကြတယ်။ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ မမဆေလ်ဗားကလည်း ကျွန်မနဲ့ ဂျီတော့အပြောအများဆုံးသူ တစ်ယောက်ဖြစ်ခဲ့တာပါပဲ။ ကျွန်မတို့ အားလုံးအတွက်လည်း စင်ကာပူကနေ လက်ဆောင်တွေ ပို့ပေးတတ်သေးတယ်။ ကျွန်မ မှာတောင် သူပေးတဲ့အမှတ်တရလက်ဆောင်လေးတွေ အများကြီး ရှိသေးတယ်။ သူ မြန်မာပြည် ပြန်လာတိုင်း ကျွန်မနဲ့ အမြဲတွေ့ဖြစ်ကြပါတယ်။
နောက်တစ်ယောက်ကတော့ အမေရီးကားမှာနေတဲ့ ဆန်းဒေးဆိုတဲ့ အငယ်ဆုံး ကောင်မလေးပေါ့။ အငယ်ဆုံးဖြစ်လို့ အပေါဆုံးလည်းဖြစ်တယ်။ (ဂျစ် စိတ်ဆိုးရဘူးနော်)။ သူ့ကိုလည်း ဂျူဂျူးနဲ့ ပတ်သက်ပြီး သိခဲ့တာပါပဲ။ ကျွန်မနဲ့ မခင်ခင် ကတည်းက သူက နောက်သုံးယောက်နဲ့ တော်တော်ရင်းနှီးနေပြီ။ ကျွန်မလိုပဲ ပျော်ပျော်နေတတ်တဲ့ (တစ်ကယ်က ပေါပေါနေတတ်တာ.. ဟီး) ဆန်းဒေးကိုလည်း ကျွန်မ သိပ်ချစ်ခဲ့တာပါပဲ။ အခွင့်အရေးရတိုင်း သူတို့အားလုံးနဲ့ ကျွန်မ Yahoo Conference ပြောဖြစ်ကြတယ်။ အားလုံးနဲ့ ဖုန်းပြောရတာ ဘယ်လောက် ပျော်ဖို့ကောင်းလိမ့်မလဲဆိုတာ တွေးသာကြည့်ကြတော့ပေါ့နော်။ ခုဆို ဆန်းဒေးပို့ပေးတဲ့ ကျွန်မလည်း သိပ်ကြိုက်တဲ့ Beyond Paradise ရေမွှေးပုလင်းကို မြင်တိုင်း ကျွန်မ သူ့ကို သိပ်သတိရတယ်။ ဂျူဂျူးတို့ ဆန်ဒေးတို့အားလုံးထဲမှာ ကျွန်မနဲ့တွေ့ဖူးတာဆိုလို့ ဂျူဂျုးရယ် မမဆေလ်ဗားရယ်ပဲ ရှိသေးတယ်။ မမပါရမီနဲ့ ဆန်းဒေးကိုလည်း ကျွန်မ တစ်နေ့နေ့မှာ တွေ့ခွင့်ရလိမ့်မယ် ထင်တယ်။ ဒါပေမယ့် ကျွန်မတို့အားလုံးက လူချင်းဝေးနေကြပေမယ့် ရင်ခုန်းသံချင်း အနီးဆုံးမှာ ရှိနေကြပါတယ်။ ကျွန်မ သူတို့အားလုံးကို သိပ်ချစ်သလို သူတို့ကလည်း ကျွန်မကို ချစ်ကြလိမ့်မယ်လို့ ယုံကြည်တယ်။
ဗယ်လင်းတိုင်းနေ့မှာ အချစ်အကြောင်းကို ဖွင့်ဆိုပြသဖို့ဆိုရင် ကျွန်မချစ်သူကို ဘယ်လောက်ချစ်ကြောင်းလည်း ချစ်သူသိအောင် ပြောပြရအုံးမှာပေါ့။ ကျွန်မရဲ့ စိတ်ကူးယဉ် ၀တ္ထုတွေကို ဖတ်ပြီး "ကိုယ့်ကိုများ စောင်းရေးထားသလား" လို့မေးလေ့ရှိတဲ့ ချစ်သူအတွက် သူ့ကို တိုက်ရိုက် ရည်ညွှန်းတဲ့စာလေးကိုတော့ ကျွန်မဒီနေ့မှာရေးပြချင်သေးတယ်။ ကျွန်မ အချစ်တွေကိုလည်း သူ နားလည်နိုင်ဖို့ မျှော်လင့်တယ်။
