Showing posts with label Announcement. Show all posts

Tuesday, January 20, 2009

Moving the blog!

Blogspot မှာရေးရတာ မလွယ်တာကတော့ တော်တော်ကြာပြီပေါ့။ ဒါပေမယ့် သံယောဇဉ် ရှိရင်းစွဲကြောင့် ပရောက်ဆီလေး ကျော်လိုက်၊ mail to blogger နဲ့ ပိုစ့်တင်လိုက် နဲ့ပဲ ရေးလာခဲ့လိုက်တာ သက်တမ်းတောင် တစ်နှစ်ကျော်ခဲ့ပါပြီ။ ခုနောက်ပိုင်းတော့ ပိုစ့်တင်ရတာ ဘယ်လိုမှ အဆင်မပြေတော့ဘူးရှင့်။ Ultrasurf က ပိုစ့်တင်လို့ မရတော့ဘူး။ တစ်ခြား Proxy Software တွေလည်း အဆင်မပြေဘူး။ အဲဒီတော့ ဘလောဂ့်ရွှေ့ဖို့ စဉ်းစားလိုက်ပါတယ်။ လောလောဆယ်မှာတော့ Free Hosting တွေဘာတွေအကြောင်းကို မလေ့လာရသေးတာနဲ့ ရိုးရိုး wordpress.com မှာပဲ ရေးနေလိုက်ပါအုံးမယ်။ ရှိပြီးသား domain ကိုလည်း ဒီမှာပဲ Redirect လုပ်ပါမယ်။ ဟိုဘက်က blogspot ကိုတော့ အရင်အတိုင်းပဲ http://cuttiepinkgold.blogspot.com လိပ်စာနဲ့ ထားခဲ့ပါမယ်။ ဒါပေမယ့် အဲဒီဘက်က ဒိုမိန်းကို ဖြုတ်ဖို့အတွက် setting ထဲကို ၀င်လို့ မရသေးဘူး။ ရပြန်တော့လည်း save လုပ်တဲ့အချိန်မှာ ကျေးဇူးရှင် ultrasurf က error ပြတယ်။ နိုင်ငံခြားက သူငယ်ချင်း တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ဖြုတ်ခိုင်းပြီးတာနဲ့ ဒီဘလောဂ့်ကို www.cuttiepinkgold.info နဲ့လာရင် ရောက်အောင် လုပ်ပါမယ်။ အဆင်မပြေတာလေးများ ရှိခဲ့ရင်တော့ သည်းခံကြစေချင်ပါတယ်။

မေးသမျှကို စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးတဲ့ ကိုသင်္ကြန်ကို ကျေးဇူးသိပ်တင်ပါတယ်။

Wednesday, August 27, 2008

Annoucenment

၂၀၀၈ ခုနှစ် သြဂုတ် ၃၁ ရက်နေ့ မြန်မာအင်ဖိုတက် အဆောက်အဦးတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော Socializtion on Net နည်း ပညာဟောပြောပွဲအား မူလစီစဉ်ထားသည့်အတိုင်း ကျင်းပရန် အခြေအနေ အရပ်ရပ်ကြောင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားပါသည်။

အထက်ပါအချက်အလက်များနှင့် ပတ်သက်သော ထင်မြင်ချက်၊ သတင်းနှင့် အခြား အကြောင်းအရာ များအား ပွဲဖြစ်မြောက်ရန် စီစဉ် သူများ အနေနှင့် မည်သည့်ထုတ်ပြန်ပြောဆိုချက်မျှ ပြုလုပ်ပြောဆိုခြင်း မရှိသေးပါ။ Seminar နှင့် ပတ်သက်သော အပြောင်းအလဲသတင်း အချက်အလက်များ နှင့် စပ်လျှဉ်း၍ တရားဝင် ပြောဆိုချက်များ ကို ပွဲဖြစ် မြောက်ရေး စီစဉ်သူများ၏ သက်ဆိုင်ရာ ဘလောက်များတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ စီစဉ်သူများ၏ ဘလောက်များတွင် ဖော်ပြထားသော အချက်အလက်များသည်သာ တရားဝင် ပြောဆိုချက်များ ဖြစ်ကြောင်းနှင့် အခြားသော ထင်မြင်ပြောဆိုချက်များကို ပွဲစီစဉ်သူများမှ တာဝန်ယူဖြေရှင်းသွားနိုင်မည် မဟုတ်ပါကြောင်း သိစေလိုပါသည်။

ပွဲစီစဉ်သူများ

ကိုသက်ထူး
ကိုဇော်ဇော်
ကိုဖြိုးကျော်
ကိုစိုးဇေယျ
ကိုမျိုးမြင့်အောင်
ကိုဝေမျိုးထွဋ်
မထိုက်ထိုက်အောင်
မတင်မြတ်ထက်

Thursday, August 7, 2008

The Thing that Keeps Me Busy!

ပင့်ဂိုလ်းတို့များ တွေ့လိုက်ရင် ညည်းနေတာချည်းပဲ အလုပ်များတယ် အလုပ်များတယ်နဲ့ လို့ မထင်လိုက်ကြပါနဲ့။ အလုပ်မများလို့လည်း မရဘူးလေ.. လာတော့မယ် အရေးကြီး ကိစ္စက... ဒီမှာ ကျွန်မကို အလုပ်များစေတဲ့ အရာ..

ဒီပွဲအတွက်...

ကြော်ငြာတွေ လုပ်ရတယ်
စပွန်စာတွေ ရှာရတယ် (သိန်း ၂၅၀ တဲ့... ရှိရင်ပေးကြပါ)
နေရာတွေ ကြိုချိတ်ရတယ်
ခရီး ခဏ ခဏ သွားရတယ်
ဒီဇိုင်နာနဲ့ နပန်းသတ်နေရတယ် (ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို လိုချင်တဲ့ အချိန်မှာ ရအောင်)

နောက်ထပ် ပြောပြလို့ မရပေမယ့် ဘာတွေများနေမှန်း မသိအောင် များနေတဲ့ အလုပ်တွေ အများကြီးပဲ..

သတင်းတွေလည်း ၀ိုင်းဖြန့်ပေးကြပါ အသေးစိတ်ကိုတော့ နောက်ပိုင်းမှာ www.people.com.mm/mispeople2008 ဆိုပြီး တင်ဖို့ ရှိပါတယ်..

Image Hosted by ImageShack.us

Friday, June 27, 2008

Arakan Online Social Network

Image Hosted by ImageShack.us

ရခိုင်လူမျိုးဆိုတာ သမိုင်းကြောင်းတစ်လျှောက်မှာ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငန်းနဲ့ တင့်တင့်တယ်တယ် နေထိုင်ခဲ့ကြတဲ့ သူတွေပါ။ ရာဇ၀င်တွေကို ပြန်လှန်ကြည့်မလား... အိမ်ကြီးရခိုင်ရယ်လို့ နာမည်တွင်ခဲ့တဲ့ ကျွန်မတို့ရခိုင်လူမျိုးတွေဟာ အမျိုး ဘာသာ သာသနာ ဆိုတဲ့အပိုင်းတွေမှာလည်း အများထက်သာခဲ့တဲ့ သူတွေပါ။ ရှေးရခိုင်တွေရဲ့ သမိုင်းဟာ သန့်ရှင်းစင်ကြယ်ပြီး ဘယ်နိုင်ငံကမှ တိုက်ခိုက်ခြင်းကို မခံခဲ့ရသလို၊ ဘယ်နိုင်ငံကိုမှလည်း ကျူးကျော်ခဲ့ခြင်း မရှိခဲ့တဲ့အတွက် မြင့်မြတ်သော လူမျိုးများလို့တောင် တင်စားလိုက်ချင်ပါရဲ့ရှင်။ ဂေါတမ မြတ်စွာဘုရားရဲ့ ညီတော်ရယ်လို့ ခံယူတော် မူခဲ့တဲ့ ရခိုင်ဘုရင် စန္ဒာသူရိယရဲ့ ကြိုးပမ်းမှုကြောင့် မြတ်စွာဘုရားရဲ့ ကိုယ်ငွေ့တော်သွင်းပြီး ထုလုပ်ခဲ့တဲ့ မဟာမုနိဘုရား ဆိုတာတောင် ရခိုင်ပြည်နယ်မှာ ခန့်ခန့်ထည်ထည်ကြီး ရှိသေးတယ် မဟုတ်ပါလား။ သဇင်ပန်းခိုင် တစ်မြိုင်မြိုင် ရခိုင်ဘုရားပေါင်း ရယ်လို့ ခေါ်တွင်ခြင်းခံခဲ့ရခြင်းဟာလည်း ရခိုင်တွေရဲ့ ဘာသာ သာသနာကို ရိုသေလေးမြတ်မှု တွေကိုအထင်အရှား တွေ့မြင်နိုင်တယ်လေ။

သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ ရခိုင်လူမျိုးတွေဟာ အစဉ်အဆက်တိုင်းမှာ အမျိုးကိုချစ်မြတ်နိုးစွာနဲ့ စည်းစည်းလုံးလုံးနေလာခဲ့ကြတာ ယနေ့တိုင်ပဲ မဟုတ်ပါလားရှင်။ လေးကျွန်းဝတီ (ဓည၀တီ၊ ဒွာရာဝတီ၊ ရမ္မာဝတီ၊ မေဃ၀တီ) နဲ့ဖွဲ့စည်းထားတဲ့ ကျွန်မတို့ ရခိုင်ပြည်နယ်ဟာ ခုချိန်မှာလည်း စည်စည်ပင်ပင်နဲ့ နိုင်ငံရဲ့ စီးပွားရေး အချက်အချာတစ်ခုအဖြစ် ရပ်တည်နေပါသေးတယ်။ ရခိုင်သူ၊ ရခိုင်သား အပေါင်းဟာလည်း ရက္ခိတ လို့ခေါ်တဲ့ အမျိုးကိုချစ်သော စိတ်ဓါတ်နဲ့ တိုင်းပြည်နဲ့ လူမျိုးကောင်းစားရေးအတွက် တစ်ဘက်တစ်လမ်းကနေ ကြိုးပမ်းနေကြတဲ့ သူတွေပါ။

မိနဲ့ ဖနဲ့ မခွဲမခွာ ချစ်ခင်စွာ နေထိုင်နိုင်ကြတဲ့ သူတွေရှိသလို၊ မိဝေး ဖဝေးမှာ ဘ၀အတွက် ရုန်းနေရသူတွေလည်း ဒုနဲ့ဒေးပါရှင်။ ရခိုင်မောင်နှမ သွေးချင်းတွေ စုစည်း ဆုံစည်းဖို့ ဆိုတာ ဒီလိုအခြေအနေမျိုးမှာ အိပ်မက်အလား ဝေးကွာလွန်းလှပါတယ်။ ဒါပေမယ့် တိုးတက်ပြောင်းလဲနေတဲ့ အိုင်တီ ခေတ်ကြီးမှာ နည်းပညာတွေ ပေါင်းစပ်၊ ဖန်တီးမှုတွေနဲ့ အသစ်ထွင်ပြီး ရခိုင်မောင်နှမတွေ ဆုံစည်းဖို့ နေရာလေး တစ်နေရာကို ရခိုင်လူမျိုး Web Developer တစ်ယောက်က တည်ဆောက်ခဲ့ပါတယ်။

အဖ ရခိုင်သားရို့ ရွာ... ဆိုတဲ့ Online Community လေးဟာ ရခိုင်သားချင်းများ လွပ်လွပ်လပ်လပ် ဆုံစည်းနိုင်ပြီး ခံစားချက် အတွေးအမြင်တွေကို ဖလှယ်ဖို့ ဖန်တီးထားတဲ့ နေရာလေးပါ။ တစ်ခြား နာမည်ကြီး Online Portal တွေလိုပဲ Forum, Photo, Webpage, Group, Video စတဲ့ ရခိုင်းသားများရဲ့ လက်ရာတွေကို ဝေငှလို့လည်း ရပါသေးတယ်။ ရခိုင်သားတွေပဲ သုံးမှာလား လို့မေးစရာ ဖြစ်လာနိုင်ပါတယ်။ ရခိုင်လူမျိုးတွေအတွက် အဓိက ရည်ရွယ်ခဲ့ပေမယ့် လူမျိုးတိုင်းကို ချစ်ခင်တတ်တဲ့ ရခိုင်လူမျိုးတွေ ဖြစ်တာမို့ တစ်ခြား မိတ်ဆွေ သူငယ်ချင်း မောင်နှမ တွေကိုလည်း ရခိုင်ရွာ ကိုလာရောက်ဖို့ နွေးထွေးလက်နဲ့ ကြိုနေမှာပေါ့ရှင်။

ရခိုင်တွေ စုစည်းပြီး တစ်မျိုးသားလုံးနဲ့ ချစ်ခင်မှုကို တည်ဆောက်မယ့် အဖရခိုင်သားရို့ ရွာ ကို တစ်ခေါက်လောက်တော့ သွားရောက်ဖို့ တိုက်တွန်း ပါရစေ။

Saturday, April 19, 2008

Thanlwin Magazine is Back Online!!

သံလွင်မဂ္ဂဇင်း အတွဲ (2)၊ အမှတ် (1) ထွက်ပေါ်လာပါပြီ ဆိုတဲ့ အကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေ။ သံလွင်ကို ချစ်တဲ့၊ သံလွင်ကို မျှော်လင့်နေတဲ့ သံလွင်ရဲ့ စာဖတ် ပရိတ်သတ်တွေ အတွက်၊ သံလွင်ရဲ့ မောင်နှမတွေကလည်း အားတက်သရော ကြိုးစား ဖန်တီး ပေးထားကြပါတယ်ရှင်။ စာဖတ်သူတွေ အကြိုက်တွေ့စေမယ် ကာတွန်း၊ အက်ဆေး၊ အင်တာဗျူး၊ ကဗျာ၊ ၀တ္ထုတွေ အပြင် တစ်ခြား ပါနေကျ ကဏ္ဍလေးတွေနဲ့ ဝေေ၀ ဆာဆာ ဖော်ပြထားတဲ့ ဒီမဂ္ဂဇင်းကို
သံလွင်အိပ်မက်
မှာ သွားရောက် ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ ရှင်!!!!

Tuesday, January 15, 2008

Announcement with 101st Post

ဘာညာက 101 ကြိမ်မြောက် ပိုစ့်တင်ပါ ဆိုလို ဒီပိုစ့်လေးနဲ့ အတူ ကြေငြာချက်လေးတစ်ခု ထုတ်ချင်ပါတယ်။ ကျွန်မ သတိထားမိသလောက် ကျွန်မဘလောဂ့်မှာ comment ပေးသူ တော်တော် များများဟာ ပိုစ့်မှား ပေးနေကြတာကို တွေ့ရပါတယ်။ ကျွန်မကလည်း သူများထက် ထူးချင်တဲ့သူဆိုတော့ မထူး ထူးအောင် comment တွေကို သက်ဆိုင်ရာ ပိုစ့်ရဲ့ အပေါ်မှာ အညွှန်းတပ်ထားတယ်လေ။ ဒီတော့ ဘလောဂ့်ဖတ် ပရိတ်သတ် အပေါင်းက အပေါ်က ကွန်းမန့်လေးတွေကို သတိမထားမိကြပါ ဘလောဂ့်တော်တော် များများမှာ ပါနေကျ ထုံးစံအတိုင်း အောက်ခြေနားမှာရှိတဲ့ comment ကိုပဲ နှိပ်နှပ်ပြီးရေးကြတော့ အပေါ်ပိုစ့်ကို ကွန့်မန့်ပေးရာ မရောက်ပဲ နောက်တစ်ပိုစ့်မှာ မဆီမဆိုင် သွားရေး သလို ဖြစ်နေပါတယ်ရှင်။ ဒီတော့ ကျွန်မရဲ့ ဘလောဂ့်မှာ comment များသည် သက်ဆိုင်ရာပိုစ့်တွေရဲ့ Post Title ဘေးမှာ (ပိုစ့်တွေရဲ့ အပေါ်မှာ) ရှိနေကြောင်းကို ပြောလိုက်ရပါတယ်ရှင်။

သြော် ပြီးတော့ ဒီပိုစ့်လေးကို ကျွန်မ Date ရွှေ့ပြီးရေးထား ပါတယ်။ လူတော်တော်များများ သတိထားမိအောင် တစ်လလောက် အပေါ်မှာ ရှိနေစေချင်လို့ပါ။

Friday, December 7, 2007

Changing the Title

ကျွန်မရဲ့ The World Of Physical and Mental Beauty ဆိုတဲ့ ဘလောဂ့် Title ကို The World Of Pinkgold လို့ ပြောင်းလဲ လိုက်ပါတယ်ရှင်။ ခုလောလောဆယ်တော့ ဘန်နာ ပျောက်နေပါတယ်။ ဘန်နာ ဆွဲပေမယ့် စေတနာရှင်၊ အလှူရှင် လေးများ ရှိရင် ကျွန်မကို ပံ့ပိုးပေးဖို့ တောင်းဆိုပါတယ်။ ဘန်နာဆွဲပေးရင် မုန့်ကျွေးမှာနော်.. ကွိကွိ.. အိုကေပါ The World Of Pinkgold မှာ ကျွန်မရေး ချင်တာတွေ ပွားချင်တာတွေကို အရင်လိုပဲ ဆက်ရေး ဆက်ပွား သွားမယ့်အကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ရှင်။