Showing posts with label Trip and Photos. Show all posts

Friday, December 19, 2008

Memorable May Myo!

ရတနာပုံပွဲပြီးတော့ နောက်နေ့ကို သူငယ်ချင်းတွေနဲ့ မေမြို့တက်ဖြစ်တယ်။ မေမြို့က မပြောင်းလဲဘဲ လှဆဲပါပဲ။ 2005 ခုနှစ်လောက်က ရောက်ဖူးခဲ့တဲ့ မေမြို့မှာ ခုချိန်မှာလည်း ဘာမှကို မပြောင်းလဲသေးပါဘူး။ကျွန်မတို့သွားတဲ့ အချိန်မှာတော့ အမျိုးသားကန်တော်ကြီး ဥယျဉ်က ပန်းပွဲတော် ပြီးခါစ အချိန်မို့ အလှဆင်ပန်းတွေ၊ သဘာဝ ပန်းတွေနဲ့ တော်တော်ကြီးကို လှနေပါတယ်။ အချိန်ကလည်း သိပ်မရတော့ ကျွန်မတို့တွေ ကန်တော်ကြီးရယ်၊ မဟာအံထူးကံသာ ဘုရားကြီးရယ်၊ ပွဲကောက် ရေတံခွန်ရယ်ကိုပဲ နည်းနည်းပါးပါးလည်ပြီး ပြန်ခဲ့ကြပါတယ်။ ဈေးဝယ်တာတောင် အချန် 15 မိနစ်ပဲပေးလိုက် ဖုတ်ပူမီးတိုက် ၀ယ်ခဲ့ရတယ်။ အဖေအတွက်ရယ်၊ အဘွားအတွက်ရယ်၊ ညီမလေးအတွက်ရယ်၊ အဒေါ်အတွက်ရယ်၊ နောက်တစ်ယောက် အတွက်ရယ်။ ကိုယ့်အတွက်တောင် ဘာမှ မရလိုက်ဘူး.... စိတ်နာတယ်။ အဲဒါနဲ့ ညနေရန်ကုန်ပြန်ဖို့ ကားအချိန်မမီမှာ စိုးလို့ စောစောပဲ ပြန်ဆင်းလာခဲ့တယ်။ မေမြို့ဟာ သဘာဝ အလှတာရားတွေနဲ့ မပြောင်းမလဲ လှနေတုန်းပါပဲရှင်။

မဟာအံ့ထူးကံသာ ဘုရားကြီး

Photobucket

ကန်တော်ကြီးထဲမှာ

Photobucket

လှတယ်နော်.. အနောက်က ရှုခင်းလေ...

Photobucket

အနောက်က ၀က်ဝံရုပ်က ပန်းတွေနဲ့ လုပ်ထားတာလေ။ တော်တော်မိုက်တယ်

Photobucket

အနောက်က Air Bagan လေယဉ်ကြီးကိုလဲ ပန်းတွေနဲ့ လုပ်ထားတာပဲ

Photobucket

လောလောဆယ်တော့ ပုံတွေ ဒီလောက်ပဲ ရှိသေးတယ်။ ဟို မောင်လေး DJ Wine ဆီက ပုံတွေထပ်ရောက်လာမှ ရေတံခွန်က ပုံတွေ တင်ပေးအုံးမယ်။ ဘလောဂ့်ရောက်လာ မိတ်သဟာတွေကို အမြင်နဲ့ နှိပ်စက်ရတာပေါ့ရှင်။

Sunday, December 14, 2008

Yatanarpon Teleport

Photobucket

Blog ပေါ်မှာ ကြေငြာထားတဲ့အတိုင်းပါပဲ.. ကျွန်မအခု ရတနာပုံ တယ်လီပို့ ဆိုတာကိုရောက်နေပါတယ်။ မန္တလေး-ပြင်ဦးလွင် လမ်းပေါ်မှာ ရှိတဲ့ ပြင်စာဆိုတဲ့ ရွာကလေးမှာ တည်ဆောက်ထားတဲ့ ဆိုက်ဘာစီတီး (ခေါ်) အဆောက်အဦးတစ်ခုပါ။ အင်တာနက်ရလို့ ဆိုက်ဘာစီတီးလို့ ခေါ်တာနေမှာပေါ့နော်။ အဲဒီနေရာမှာ ဒီဇင်ဘာလ 12 ရက်နေ့ကနေ 16 ရက်နေ့ထိ The 7th Myanmar ICT Week ကို ကျင်းပနေပါတယ်။ ကျွန်မ ကြိုတင်ရေးသားထားသလိုပဲ ဖျော်ဖြေရေး အစီအစဉ်တွေ၊ Seminar တွေ၊ CEO Interview တွေနဲ့ စည်စည်ကားကားကို ကျင်းပနေတာပါ။ စည်စည်ကားကားဆိုတာက မနှစ်ကထက်စာရင် လူနည်းနည်းပိုလာတာကို ဆိုလိုတာပါ။ မနှစ်တုန်းကတော့ စစချင်းလုပ်တဲ့ နှစ်လည်းဖြစ်တယ်၊ သွားလာရေးကလည်း ခက်ခဲတယ်၊ အိုင်တီပစ္စည်းတွေ၊ အိုင်တီ Knowledge တွေလည်း ဒီနှစ်လောက် ခေတ်မစားသေးတော့ လူတွေ အလာကျဲကြတာ ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ အိုင်စီတီ ရက်သတ္တပတ် ကျင်းပနေတယ်ပေါ့လေ။

ကျွန်မလည်း အဲကို ကုမ္ပဏီနဲ့ပါသွားတော့ ရောက်သွားတာပေါ့.. (လာမှတော့ ရောက်မှာပေါ့နော်)။ ကျွန်မတစ်ခု တွေးမိတာက ဘာကြောင့်များ ဒီလိုနေရာမှာ အင်မတန်မှ တန်ဘိုးကြီးလှတဲ့ အဆောက်အဦးကြီးကိုဆောက်ပြီး ဆိုက်ဘာစီးတီး လုပ်ချင်နေရသလဲဆိုတာပါပဲ။ ကျွန်မ ဥာဏ်မမီတော့ မစဉ်းစားတတ်ဘူးပေါ့နော်။ တည်ဆောက်ထားသူများကတော့ ရည်ရွယ်ချက် ခိုင်ခိုင်မာမာ ရှိချင် ရှိမှာပေါ့ရှင်။ သွားလာရေးကလည်း ခက်ခဲပါတယ်။ မန္တလေးကနေ ပြင်ဦးလွင်ကို သွားတဲ့လိုင်းကားတွေကို စီးသွားရပါတယ်။ လိုင်းကားခကတော့ တစ်ယောက်ကို တစ်ထောင်ကျပ် ပေးရပါတယ်။ ကျွန်မတို့ကတော့ ဆက်သွယ်ရေးက လွှတ်ပေးတဲ့ ဖယ်ရီကို စီးပြီးသွားရပါတယ်။ နောက်တစ်ခုက အစားအသောက် အဆင်မပြေပါဘူး။ ဈေးကြီးတဲ့အပြင် အစားအစာလည်း ရှားပါတယ်။ အရသာရှိရှိလည်း မစားရဘူးပေါ့ရှင်။ ကော်ဖီတစ်ခွက်ကိုတောင် 800 လောက်ပေးသောက်ရတယ်ဆိုတော့ နည်းနည်းတွေးကြည့်ကြပေါ့နော်။ နောက်ပြီး ဒီအဆောက်အဦးကြီးကို တစ်နှစ်တစ်ခါ ပွဲလုပ်ဖို့အတွက်ပဲ ဆောက်ထားတာဆိုရင်တော့ မနိပ်ပါဘူး။ နောက်အနာဂတ်ကိုတော့ စောင့်ကြည့်ရမှာပေါ့လေ။ အဲဒီမှာ အင်တာနက် သုံးရတာ တော်တော်ကောင်းပါတယ်။ Wireless ကော၊ ၀ိုင်ယာကြိုးနဲ့ကော မြန်ပါတယ်။ သင်တန်းတွေသာ ဖွင့်မယ်ဆိုရင် ရှယ်ပါပဲ။ ဒါပေမယ့် တောင်ပေါ်ကြီးကို တစ်ကူတစ်က ဘယ်သူက လာတက်မှာလဲနော်။

ဒီနှစ်လာရောက်ပြသကြတဲ့ Software, Hardware, Telecom ကုမ္ပဏီများတော့ မနှစ်ကထက်စာရင် ရောင်းကောင်းကြတယ်လို့ သိရပါတယ်ရှင်။ ရောင်းအကောင်းဆုံးကတော့ Hand Set တွေပါပဲ။ FEC 10 တန်၊ 20 တန် sim card တွေကိုဝယ်ပြီး ချက်ချင်းဖုန်းပြောနိုင်ဖို့ Hand Set တန်းဝယ်ကြတာဆိုတော့ တော်တော်ရောင်းကောင်းပါတယ်။ အဲဒီကတ်တွေလည်း ခဏသာ ဟန်ရေးပြလို့ရမယ် အမြဲတမ်းသာ သုံးရမယ်ဆိုရင်တော့ ဖုန်းနံပါတ်လည်း ခဏ ခဏ ပြောင်းရ၊ ပိုက်ဆဲလည်း ခဏ ခဏ ကုန်ရနဲ့ အဆင်မပြေပါဘူးရှင်။ ကျွန်မက မ၀ယ်ပါဘူး.. ဘယ်.. ချစ်သူကို ဖုန်းနံပါတ် ခဏ ခဏ မှတ်ခိုင်းလို့ ဘယ်ဖြစ်မလဲရှင့်။ FEC 10 တန်ကတ်ကတော့ Expiry 2 ပတ်ဖြစ်ပြီး တောက်လျှောက်ပြောမယ်ဆိုရင် အ၀င် သုံးနာရီကြာကြာ ပြောရမှာဖြစ်ပြီး၊ ကိုယ်ကခေါ်ဆိုရင်တော့ နာရီဝက်လောက်ပဲ ပြောတာနဲ့ သက်တမ်းကုန်သွားမှာပါ။ တစ်ခြား laptop တွေလည်း အရောင်းမဆိုးဘူးလို့ သိရပါတယ်ရှင်။

ရတနာပုံမှာ ချမ်းမယ်ထင်ပြီး ၀တ်ဖို့အနွေးထည်တွေ ထည့်လာလိုက်တာ အိတ်လေးတာပဲ အဖတ်တင်ပါတယ်။ မချမ်းတဲ့ အပြင် အလုပ်များပြီး လူများတော့ ပူလို့တောင် နေပါသေးတယ်။ ပဲ မများခဲ့ရဘူးပေါ့ရှင်။ ဘာပဲ ပြောပြော ရတနာပုံဆိုက်ဘာစီးတီးဆိုပြီး သေချာလုပ်နိုင်မယ်ဆိုရင်တော့ တော်တော်ကောင်းပါတယ်။ မဟုတ်ရင် လူသူအရောက်အပေါက်နည်းတဲ့ လွင်တီးခေါင်ပြင်မှာ ဒါကြီးကို တည်ဆောက်ထားတာဟာ နှမြောစရာတော့ ဖြစ်လို့နေသားလားရှင်။

Thursday, October 16, 2008

Full Moon Day of Thadingyut!

သီတင်းကျွတ် လပြည့်ညက လက်ဆော့ထားတဲ့ ပုံလေးတွေပါ...

ဝရံတာက ဖယောင်းတိုင်တွေ...

Photobucket

Photobucket

လကိုလို့တော့ ရိုက်လိုက်တာပဲ.. ကင်မရာက မကောင်းတော့ အဲလို ဖြစ်သွားတယ်

Thursday, June 5, 2008

Two Nights, Three Days Trip to Bogalay

ကျွန်မဒီတစ်ခေါက်တော့ ဘာညာတို့၊ ကိုဂေါက်တို့နဲ့ ဘိုကလေးကို လိုက်သွား ဖြစ်ပါတယ်။ အဲဒီဘက်တွေကို တစ်ခေါက်မှ မရောက်သေးတာရယ်၊ ကိုယ်တိုင်လည်း တတ်အားသလောက် ပါဝင်လုပ်ကိုင်ပေးချင် တာရယ်ကြောင့် သွားဖြစ်တာပါ။ ကိုဂေါက်တို့ ဘာညာတို့ကတော့ ဘိုကလေးကို ခဏ ခဏ သွားပြီးလှူနေကြပါ။ ဒီတစ်ခေါက်ကတော့ ဘာညာတို့တွေအတွက် စတုတ္ထအကြိမ်မြောက်၊ ကျွန်မအတွက် ပထမဆုံးအကြိမ်မြောက် သွားရောက်ခြင်းပေါ့။ သူတို့တွေကတော့ ဘိုကလေးနဲ့ အနီးတစ်ဝိုက်က ရွာတွေကိုပဲ အာရုံ စိုက်ပြီး ထောက်ပံ့ရေးတွေ လုပ်ဆောင်ကြတာပါ။ ထိထိရောက်ရောက်လည်း လုပ်တယ်၊ တောဘက်က တစ်ကယ် ဒုက္ခရောက်နေတဲ့ ရွာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး လှူဒန်းကြတာဆိုတော့ အားရစရာလည်း ကောင်းလှပါတယ်။ အရင်အခေါက်တွေတုန်းက ကွမ်းခြံကုန်း၊ ဒေးဒရဲဘက် သွားနေလို့ မလိုက်ဖြစ်တာရယ်၊ ရုံးမှာ အလုပ်တွေများလို့ မလိုက်ဖြစ်တာရယ်ကို ပေါင်းပြီး ဒီတစ်ခေါက်တော့ နှစ်ညအိပ် သုံးရက်တိတိ ဘိုကလေး မြို့ကို လိုက်သွား ဖြစ်ပါတယ်ရှင့်။ ကျွန်မတို့ ဘလောဂ့်ဂါတွေ ချည်းပဲ သွားတာလား ဆိုတော့ မဟုတ်ပါဘူး။ တိပိဋက ဘုန်းတော်ကြီး ကျောင်းက ဆရာတော် ဘုရားတွေနဲ့ တစ်ခြား volunteer ၁၅ ယောက်လောက်လည်း ပါပါသေးတယ်။ လှူမယ့် ပစ္စည်းတွေကတော့ ဆယ်ဘီးကားကြီး တစ်စီးစာ လောက်ရှိတယ် ဆိုတော့ လူအင်အား များများလေးပါလေ ပိုကောင်းလေပဲ မဟုတ်လား။

ကျွန်မတို့ ဒီကစထွက်တော့ လမ်းခရီးမှာ ကားဘီကလည်း နှစ်ခါပေါက်တာကြောင့် မှန်းထားတဲ့ အချိန်ကိုတော့ ကွက်တိရောက် မသွားဘူးရှင့်။ ဒါပေမယ့် ဘိုကလေးက တည်းနေကျ ဘုန်းကြီးကျောင်းကို ရောက်ရောက်ချင်းပဲ ပစ္စည်းတွေကို ငှားထားတဲ့ စက်လှေပေါ် ချက်ချင်းတင်ပြီး မရောက်သေးတဲ့ ရွာသုံးရွာလောက်ကို လှူဖို့ သွားခဲ့ကြပါတယ်။ နောက်နေ့မှာတော့ ရွာတွေ များများကို ရောက်နိုင်အောင် မနက်လေးနာရီကတည်းက ထပြီး ပြင်ဆင်ကြတယ်လေ။ မနက်ခြောက်နာရီလောက် စထွက်မှာ သွားရမယ့် ရွာတွေကို အချိန်မီ ရောက်မှာ ဖြစ်သလို ဘိုကလေးကိုလည်း မမှောင်ခင် ပြန်ရောက်မှာ မဟုတ်လားရှင်။ ဒါတောင် မှန်းထားသလို မနက် ခြောက်နာ၇ီကို မထွက်ဖြစ်ဘူး၊ ပစ္စည်းတွေတင်ရတာ အရမ်းများတော့ မနက် ၇ နာရီလောက်မှ ထွက်ဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာ မိုးတွေ ပက်ပက်စက်စက်ကို ရွာတာ၊ ဘယ်ပြောကောင်းမလဲ လူတွေလည်း ကြွက်စုတ်တွေကို ဖြစ်ရော။ ကျွန်မတို့ သွားခဲ့တာ နာမည်တွေတော့ သေချာ မမှတ်မိပေမယ့် (၁၀) ရွာလောက် သွားဖြစ်ခဲ့ပါတယ်။ လိုအပ်တဲ့ data တွေကိုလည်း သေချာကောက်ပြီး ဘာတွေဆက်လှူရင် ကောင်းမလဲ၊ ဘယ်နေရာတွေကို ဆက်သွားမလဲ ဆိုတာလည်း ပြန်တိုင်ပင်ရပါသေးတယ်။ ကျွန်မတို့ သွားခဲ့တဲ့ ရွာတွေမှာ ကောက်ခဲ့တဲ့ အချက်အလက်တွေကို စုပြီး သူတို့ ဘာတွေလိုအပ်နေတယ်၊ ဘာတွေလုပ်ပေးဖို့ လိုအပ်တယ်၊ လက်ရှိမှာ ဘယ်လို အခြေအနေတွေ ဖြစ်နေတယ်ဆိုတာ အားလုံးလည်း သိအောင် ကျွန်မ တစ်ချက် ပြောပြချင်ပါတယ်။

သွားရောက်ခဲ့သော ရွာများ..................... (၁၃) ရွာ၊ နာမည်များကို အသေးစိတ် မပြောပြတော့ပါ

လက်ရှိနေထိုင်စား သောက်မှု

လက်ရှိမှာတော့ သူတို့တွေ ပုဂ္ဂလိက အလှူရှင်တွေရဲ့ စေတနာကို မှီခိုအားထားပြီး နေထိုင်နေရပါတယ်။ တစ်ချို့ရွာတွေမှာတော့ ငါးဖမ်းတဲ့ အလုပ်ကို လုပ်ကိုင်စား သောက်ကြပေမယ့်၊ တစ်ချို့ရွာတွေမှာတော့ ဘာမှ လုပ်ကိုင်စရာ မရှိတော့တဲ့ အတွက် ထောက်ပံ့ရေးတွေကိုပဲ မျှောလင့်ရပါတယ်။ နေထိုင်စရာ အနေနဲ့ကတော့ တဲလေးတွေ ထိုးပြီး နေကြသလို၊ UNICEF, WFP အစရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက အလှူရှင်များက ပေးတဲ့ တာလာပတ်တွေကို အမိုးအကာ လုပ်ပြီး နေထိုင်ကြတာ တွေ့ရပါတယ်။ ရွာတွေထဲက ခပ်ကောင်းကောင်းလေး ကျန်တဲ့ အိမ်မျိုးမှာ စုဝေးနေထိုင်ကြသလို ခပ်ကောင်းကောင်းလေး ကျန်တဲ့ ဓနိပင်တွေကို အမိုးအကာ ပြုလုပ်ပြီး နေထိုင်ကြပါတယ်။

ရေရရှိမှု အခြေအနေ

ရွာတွေမှာ အရင်တုန်းကတော့ သောက်ရေကန်တွေ ရှိပေမယ့်၊ မုန်တိုင်းပြီးတဲ့ အချိန်ကတည်းက အဲဒီကန်တွေလည်း အကုန်ပျက်စီးပြီး သုံးလို့မရတော့တဲ့ အခြေအနေထိ ဖြစ်နေပါတယ်။ တစ်ချို့ရွာတွေမှာ ကန်တွေကို ပြန်လည်ပြုပြင်ပြီး၊ Water Guard ရေသန့်ဆေးတွေ ထည့်ထားကြပေမယ့် အဲဒါတွေဟာ လောက်ငမှု မရှိတာကို တွေ့ရပါတယ်။ သောက်ရေအခက်အခဲကို ရွာတိုင်းမှာ လိုလိုကြုံတွေ့ရပြီး မိုးရွာမှသာ ရေသောက်ရတဲ့ အခြေအနေကို ရောက်နေပါတယ်။ ကန်တွေကို ပြန်လည်သန့်စင်နိုင်တဲ့ ရွာတွေ တော်တော်ရှားနေပြီး ရွာတစ်ခုမှတော့ စင်ကာပူရောက် မျိုးချစ်မြန်မာများက ကန်ကို ပြန်လည်ပြုပြင်ပေးထားတာ တွေ့ရှိခဲ့ရပါတယ်။ မှတ်မှတ်ရရ "ငယ်သူ" ဆိုတဲ့ ရွာမှာ ဆိုရင် ရေကန်တစ်ဝိုက်မှ အသေကောင်တွေ အရိုးတွေ စုဝေးနေပြီး ကန်ရေဟာလည်း ပုပ်စော်နဲလျက် ရှိနေတာကို တွေ့ခဲ့ရပါတယ်။

ထောက်ပံ့ရေး ရရှိမှု အခြေအနေများ

ဘိုကလေး တစ်ဝိုက်မှာ UN, WFP, နယ်စည်းမခြား ဆရာဝန်များ၊ မွန်မြတ်ကရုဏာရှင်များ အဖွဲ့က အဓိက ထောက်ပံ့နေတာကို တွေ့ရပြီး ပုဂ္ဂလိက ထောက်ပံ့ရေး အဖွဲ့တွေလည်း ရက်ခြားလောက် ရောက်နေတယ်လို့ သိရပါတယ်။ ရွာတစ်ရွာကို အများဆုံး ထောက်ပံ့ရေးအဖွဲ့ (၈) ဖွဲ့လောက် ရောက်ပေမယ့်၊ တစ်ချို့ရွာတွေကျတော့ တစ်ဖွဲ့နှစ်ဖွဲ့လောက်သာ ရောက်ပြီး ရတဲ့ပမာဏဟာလည်း လောက်ငမှု မရှိဘူးလို့ သိရပါတယ်။ အဓိက ရရှိတဲ့ ထောက်ပံ့ပစ္စည်းတွေကတော့ ဆန်၊ တာလာပတ်၊ ခေါက်ဆွဲခြောက် စတဲ့အရာများ ဖြစ်ပြီး Red Cross ကလည်း တစ်ခါတစ်လေ ဆေးလာကုပေးတယ်လို့ သိရပါတယ်။

ရွာသားများ၏ ကျန်းမာရေး အခြေအနေများ

ကျန်းမာရေး အခြေအနေကတော့ မဆိုးလှသလို၊ အသဲအသန်ဖြစ်နေတဲ့ လူမျိုးလည်း တော်တော်တော့ ရှားပါတယ်။ အဓိက ဖြစ်နေတာတွေကတော့ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ ဒဏ်ရာအနာတစ်ရ ဖြစ်ခြင်း၊ ပွန်းပဲ့ထိခိုက်ခြင်းများနဲ့ ဖျားနာခြင်း တို့ပဲ ဖြစ်ပါတယ်။ အဓိက ဖြစ်နေတာတွေကတော့ ချောင်းဆိုးတာတွေပါ။ သူတို့တွေ မုန်တိုင်း ပြီးပြီးချင်းတုန်းက စားစရာတွေ သောက်စရာတွေ ဘာမှ မရှိတာကြောင့် အုန်းသီးရည်တွေကိုပဲ မှီခိုအားထားရတယ်လို့ သိရပါတယ်။ ချောင်းဆိုးတာဟာ ဒါတွေကြောင့်လည်း ဖြစ်နိုင်သလို၊ အမိုးအကာ ပြည့်ပြည့် စုံစုံ မရှိတဲ့ နေရာတွေမှာ နေရတာကြောင့် အအေးမိတာလည်း ဖြစ်နိုင်ပါတယ်ရှင်။

လက်ရှိနှင့် အနာဂတ်အတွက် အလုပ်အကိုင် အခြေအနေ

လက်ရှိမှာတော့ တစ်ချို့တွေဟာ ငါးတွေ၊ ဖားတွေ ရှာစားကြပေမယ့် ဒါတွေဟာလည်း လတ်တစ်လော ငတ်မွတ်မှုကို ဖြေရှင်းဖို့ အတွက်ပါပဲ။ အဓိက လုပ်ငန်းဖြစ်တဲ့ လယ်ယာလုပ်ငန်းကို ဘယ်လိုမှ ပြန်လည်လုပ်ကိုင်နိုင်ခြင်း မရှိပါဘူး။ အဓိက ပြသနာကတော့ ကျွဲ၊ နွား များ သေဆုံးမှုနဲ့ မျိုးစပါးများ ရေစိုပျက်စီးခြင်းကြောင့် ဖြစ်ပါတယ်။ လက်ရှိမှာ တပ်မတော် အနေနဲ့ လယ်ထွန်စက်များကို ချပေးနေတာကို တွေ့ရပါတယ်။ ဘိုကလေး မရောက်ခင် လမ်းပေါ်မှာ ရှိကြတဲ့ လယ်ကွင်းတစ်ချို့မှာတော့ စက်ကိုအသုံးပြုပြီး လယ်ထွန်နေတာကို တွေ့ခဲ့ရပေမယ့်၊တစ်ချို့ရွာတွေမှာတော့ ခုချိန်ထိ စက်မရရှိသေးပါဘူး။ လောလောဆယ်မှာ တပ်မတော်ကနေ စစ်ကား အစီးတစ်ရာလောက် နဲ့ လယ်ထွန်စက်များကို ဘိုကလေးမြို့နဲ့ အနီးတစ်ဝိုက် ရွာတွေအတွက် ပို့ဆောင်ပေးနေတာကို တွေ့ခဲ့ရပါတယ်။ မျိုးစပါးပြသနာကို ဘယ်လိုဖြေရှင်းပေးမယ် ဆိုတာကိုတော့ မသိခဲ့ရသေးပါဘူးရှင်။

မုန်တိုင်းသင့် ရွာများ၏ ပညာရေး အခြေအနေများ

နိုင်ငံတော်ကတော့ မုန်တိုင်းသင့် ဒေသတွေအတွက် ကျောင်းဖွင့်ဖို့ကို တစ်လ တိတိနောက်ဆုတ်ပေးထား ပါတယ်။ ဒါပေမယ့် စာသင်ကျောင်း တော်တော်များများဟာ လေဒဏ်ကြောင့် ပျက်စီး ပြိုလဲသွားပြီး တစ်လ အတွင်း ပြန်လည်ထူတောင်နိုင်ဖို့ ဖြစ်နိုင်ပါ့ မလားဆိုတာ စဉ်းစားစရာ ဖြစ်လို့နေပါတယ်။ ကျောင်းပြန်ဖွင့်ရင်တောင်မှ ကလေးသူငယ်မျာ သေဆုံးမှု များပြားတာကြောင့်ရယ်၊ လက်ရှိ စားဝတ်နေရေးကို ဖြေရှင်းဖို့ လုံးပန်းနေရတာကြောင့်ရယ်နဲ့ ကျောင်းစရိတ် ပြသနာကြောင့် ကျောင်းကို ကလေး ဘယ်နှစ်ယောက်များ ပြန်လာနိုင်မလဲ ဆိုတာတော့ တစ်ချက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လက်ရှိ လိုအပ်ချက်များနှင့် အရေးပေါ် လိုအပ်ချက်များ

ရွာတိုင်း လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တာကတော့ ဆန်ဖြစ်ပါတယ်။ ဒုတိယ လိုအပ်ချက်ကတော့ သောက်ရေပါ၊ နောက်လို အပ်တာတွေကတော့ အမိုးအကာတွေရယ်၊ တာရှည်ခံ အစားအသောက်တွေရယ် ဖြစ်ပါတယ်။ အ၀တ်အထည် အနေနဲ့ကတော့ ရှိတာလေးနဲ့ နေထိုင်လို့ ရနိုင်ပေမယ့် သူတို့တွေမှာ လုံးဝ မရှိတာကတော့ ဖိနပ်တွေပဲ ဖြစ်ပါတယ်။ ကျွန်မ အရင်တုန်းက သွားခဲ့တဲ့ ကွမ်းခြံကုန်း၊ ဒေးဒရဲ ဘက်မှာလည်း ဖိနပ်စီးထားတဲ့ ဒုက္ခသည်တွေ ဆိုတာ မရှိသလောက်ပါပဲ။ အဲဒီတော့ သူတို့တွေ ခြေထောက်မှာ သံစူးတာတို့၊ ဆူးစူးတာတို့ကို မကြာခဏ ခံရလေ့ရှိတဲ့ အတွက် ဖိနပ်ကိုလည်း မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုလို့ ထင်မြင်မိပါတယ်ရှင်။ အဲတော့ အဓိက လိုအပ်ချက်တွေဟာ...
(၁) ဆန်
(၂) သောက်ရေ
(၃)အမိုးအကာ
(၄)ဖိနပ်
(၅) တာရှည်ခံ အစားအစာနှင့် ဆန်၊ ဆီ၊ ကြက်သွန်.... စသည်တို့ ဖြစ်ပါတယ်ရှင်။

ကျွန်မတို့၏ ထောက်ပံ့မှုများ..

ကျွန်မတို့ အဓိက ထောက်ပံ့တာကတော့ ဆန်၊ တာရှည်ခံ အစားအစာ၊ ရေသန့်၊ ပလပ်စတစ် ဖျာများ၊ ဆေးပစ္စည်း နည်းနည်းပါးပါးနဲ့ အ၀တ်အထည် တွေပဲ ဖြစ်ပါတယ်ရှင်။ ရန်ကုန်မှာ ရှိတဲ့ ကိုဘလာဂေါက်၊ ဘာညာ၊ ဖိုးသူတော် စတဲ့ ဘလောဂ့်ဂါတွေ အပြင် တစ်ခြား လိုက်နိုင်တဲ့ လိုက်ချင်တဲ့ သူတွေက ထိုင်းနိုင်ငံမှ အလှူရှင်များ ပို့ပေးတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို သွားရောက် လှူဒန်းပေးနေပါတယ်ရှင်။ ကျွန်မတို့တွေ အခုလိုသွားရောက် လှူဒါန်းပေးနေတဲ့ ပစ္စည်း တွေကို ထိုင်းမြန်မာ ကူညီရေးအဖွဲ့နဲ့စေတနာရှင်တွေက မဟာချူုလာလောင်ကွန်း တက္ကသိုလ်က အရှင် ဇောတိကကို လှူဒါန်းထားတာတွေဖြစ်ပြီး ၊ တိပိဋက ဆရာတော် ဦးဝံသပါလ ကိုလှူဒါန်းထားတာတွေလဲ ပါဝင် ခဲ့ ပါတယ်။ တစ်ခြား စိတ်ပါဝင်စားတဲ့ သူတွေလည်း ထောက်ပံ့ရေးတွေ ပါဝင်ချင်တယ် ဆိုရင် ကျွန်မတို့ကို ဆက်သွယ်နိုင်ပါတယ်။ ဆက်သွယ်ရမယ့် မေလ်းတွေကတော့.....

ဘာညာ.... barnyar.demo@gmail.com
Pinkgold...... cuttiepinkgold@googlemail.com
ကိုဘလာဂေါက်...... zzml33@gmail.com
ဖိုးသူတော်.............mgphoethutaw@gmail.com..... တို့ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

ကဲ ခုတော့ ရိုက်လာတဲ့ ပုံလေးတွေကို ရှုစားလိုက်ကြပါ အုံးနော်

ပစ္စည်းတွေ တင်ကြတယ် (မနက် လေးနာရီ ထပြီးတော့)

Photobucket

တည်းတဲ့ဘုန်းကြီး ကျောင်းရှေ့မှာ ပစ္စည်းတွေ တင်ပြီးလို့ မောလို့ ခဏ နားနေတာ
Photobucket

စထွက်ကြပြီ...ရွာတွေဆီသို့....

Photobucket

အက်စစ်မိုးကြောင့်တဲ့.. အုန်းပင်တွေ ပျက်စီးနေတာ

Photobucket

ရွာသူ ရွာသားတွေကို ဆေးလည်း ကုပေး.. မေးချင်တာတွေလည်း မေးပေါ့

Photobucket

ဒီလို ဒီလိုတွေ အများကြီး တွေ့ခဲ့ရတယ်.. တရားကို ရရော..

Photobucket

ဖိနပ်တွေလည်း မစီးကြဘူး.. ရှိမှ မရှိတာကိုး...

Photobucket

တစ်ချို့တွေကြတော့ ဒီလိုနေကြ ရရှာတယ်..

Photobucket

ဒုက္ခသည်များ....

Photobucket

အလှူပစ္စည်းတွေ နဲ့ ရွာသားတွေ...

Photobucket

အားလုံးက ဆင်တူတွေနဲ့ ရေလည် လန်းတယ်.....

Photobucket

စင်ကာပူက အလှူရှင်တွေရဲ့ ကောင်းမှု

Photobucket

ကားဘီးက ခဏ ခဏ ပေါက်တော့ နားရတာ အညောင်း အညာပြေတာပေါ့

Photobucket

ကျွန်မတို့ အရမ်းပင်ပန်း ခဲ့ကြပါတယ်။ ရွာတွေဆီ သွားရာ လမ်းမှာ မိုးကလည်း သဲသဲ မဲမဲ ရွာတာကြောင့် လူတွေလည်း အချမ်းတွေတက်၊ ညဘက်မှာ ဖျားတဲ့ သူကဖျား၊ ကိုယ်တွေ လက်တွေ ကိုက်တဲ့ သူကကိုက်နဲ့ပေါ့။ ဒါပေမယ့် လှူဒန်းရတာ အရမ်းကို ပျော်ပါတယ်။ နောက်လည်း ဘိုကလေးကို ဆက်တိုက် သွားလှူအုံးမှာပါ။ ဘာညာ ဆိုရင်လည်း ဘိုကလေးမှကို တစ်လလောက် နေပြီး ဒေတာတွေ ကောက်ပါလိမ့်မယ်။ ဘာတွေ လိုအပ်တယ်.. ဘယ်လိုအခြေအနေ ရှိတယ် စတာတွေကိုပေါ့။

ဒီလို ဆိုးဝါးတဲ့ ကပ်ဒုက္ခ၊ ဘေးဒုက္ခမျိုး မြန်မာပြည်ကို နောက်တစ်ကြိမ် မလာပါ စေနဲ့တော့ရှင်။

Tuesday, May 20, 2008

One Day at Daeda Yea

မေလ ၁၈ ရက်၊ တနင်္ဂနွေနေ့က ကျွန်မတို့အဖွဲ့ ဒေးဒရဲ မြို့ကိုသွားပြီး ထောက်ပံ့ရေးတွေကို ဆက်လက်လုပ်ဆောင် ခဲ့ပါတယ်။ တစ်ကယ်တော့ အဲဒီနေ့ မနက် ၆ နာရီကမှ ကျွန်မ မန္တလေးကနေ ရန်ကုန်ကို ပြန်ရောက်လာလာပါ။ ရောက်ရောက်ချင်း ဒေးဒရဲကို တန်းသွားရတော့တာပါပဲ။ ကျွန်မတို့သွားတာက ဒေးဒရဲမြို့ပေါ်ကို သွားလှူတာ မဟုတ်ပါဘူး။ ပဲ့ထောင်စီးပြီး တစ်ကယ်ပျက်စီး ဒုက္ခရောက်နေတဲ့၊ အလှူရှင်တွေလည်း အရောက်အပေါက်နည်းတဲ့ တောရွာလေးတွေဘက်ကို သွားရောက်လှူဒန်းခဲ့တာပါ။ လမ်းခရီးမှာ ကြုံတွေ့ ခဲ့ရတာတွေရယ်၊ ဒေသခံတွေကို ကျွန်မ အင်တာဗျူးလာတာတွေရယ်ကိုပါ ပြောပြချင်ပါတယ်ရှင်။

ကွမ်းခြံကုန်းကို ကျော်လို့ ဒေးဒရဲကို သွားရာလမ်းတစ်လျှောက်မှာ ပိုမိုများပြားတဲ့ ဒုက္ခသည်တွေကို ကျွန်မတို့ တွေ့ခဲ့ရပါတယ်။ ကားလမ်းဘေးတစ်လျှောက် အလှူခံနေကြတဲ့ လူတွေက ကွမ်းခြံကုန်း အကျော်လေးကနေ ဒေးဒရဲ တံတားအထိ ဆက်တိုက်ပါပဲ။ တစ်ချို့ကားတွေကလည်း အဲနေရာမှာပဲ ရပ်ပြီး ပါလာတဲ့ ပစ္စည်းတွေကို ပေးဝေပါတယ်။ အ၀တ်အထည်၊ အစားအသောက်၊ ရေသန့် စတာတွေပေါ့။ ကျွန်မတို့ အဖွဲ့ကတော့ ဒေးဒရဲထိ ခရီဆက်ခဲ့ကြပါတယ်။

လမ်းတစ်လျှောက် စီတန်းနေကြသော များပြားလှတဲ့ ဒုက္ခ သည်များ

ဒေးဒရဲကို ရောက်တော့ အသင့်ငှားထားတဲ့ ပဲ့ထောင်ကို မတွေ့ရပါဘူး။ ကျွန်မတို့ ရောက်တာ နည်းနည်းနောက်ကျတဲ့ အတွက် တစ်ခြားအဖွဲ့တစ်ခုနဲ့ လိုက်သွားပြီတဲ့။ ဒါနဲ့ပဲ ဒေးဒရဲက အသိတွေ နောက်ပဲ့ထောင်ကို လိုက်ရှာတုန်းမှာပဲ အချိန်ရသလောက်လေး ဒေးဒရဲမြို့ရဲ့ ပျက်စီး ဒုက္ခရောက်ရမှု အခြေအနေလေးတွေကို မေးမြန်းစပ်စုခဲ့ပါတယ်။ ကျွန်မမေးသမျှကို အဲဒီက အမကြီးက စိတ်ရှည်ရှည်နဲ့ ဖြေပေးခဲ့ပါတယ်။

“အမတို့ ဒေးဒရဲမှာတော့ မြို့မှာထက် ရွာဘက်တွေမှာ ပိုပျက်စီးတယ်။ မုန်တိုင်းတိုက်တဲ့ ညကဆို ရေတွေလည်း ခါးလောက်ထိ တက်လာတယ်။ အိမ်ခေါင်မိုးတွေ လန်နေတာကတော့ မြင်တဲ့အတိုင်းပဲ။ ပင်လယ်ဝက ရွာကလေးတွေမှာ ပိုပျက်စီးတယ်။ အကင်းတို့၊ ထင်းပုံတို့၊ သန္ဒိတ်တို့၊ ချောင်းကြီးတို့ ဘက်မှာဆို ရွာတွေပါ အကုန်ပျောက်ထွက်ကုန်တာ။ လူတွေလည်း ဘေးလွတ်ရာကို ပြေးကြရတော့တာပေါ့။ တော်တော် များများလည်း သေကြတယ်။ တစ်ချို့မိသားစုတွေဆို လင်ယောင်္ကျားတစ်ယောက်ပဲ ကျန်ခဲ့တာတွေ၊ လူမမယ်ကလေး တစ်ယောက်ပဲ ကျန်ခဲ့တာတွေ၊ ဘာမှ မလုပ်တတ်တော့တဲ့ အဖွားကြီးကပဲ အသက်ရှင်ကျန်ခဲ့တာတွေ ရှိတယ်။ ကျွဲ၊ နွားတွေ မသေပဲ ကျန်ခဲ့တာတွေလည်း ရှိတယ်။ ဒါပေမယ့် ကျွဲတွေ နွားတွေ ကျန်ခဲ့ပြန်ရင်လည်း လုပ်ကိုင်ပေးမယ့် ယောင်္ကျားသားက မရှိ၊ ယောင်္ကျားသား ရှိတဲ့ အိမ်ထောင်စုတွေ ကျပြန်တော့လည်း ကျွဲ နွားက မရှိနဲ့ ဘာမှ လုပ်လို့မရတော့ဘူး။ အဓိက ကတော့ မျိုးစပါးတွေ ရေစိုကုန်တာပဲပေါ့။ နေစရာကမရှိ၊ စားစရာက မရှိနဲ့ တော်တော် ဒုက္ခရောက်နေကြတယ် ညီမလေးရယ်”

“ခုရော သူတို့တွေ ဘယ်လို နေထိုင် စားသောက်ကြလဲ အမ”

“ဒီလိုပဲ လာတဲ့ အလှူရှင်ကို မျှော်ရတာပေါ့။ တော်တော် များများကတော့ ဘုန်းကြီးကျောင်းမှာ ခိုနေကြရတယ်လေ။ ဘုန်းကြီးက အလှူခံ ကျွေးတာပေါ့။ မနက်ကပေါ့ အကင်းဆိုတဲ့ ရွာက ဘုန်းကြီးက မြို့ကိုတက်လာပြီး ဥက္ကဌဆီမှာ လာအလှူခံတာ ဥက္ကဌက ပေးစရာ ဘာမှ မရှိဘူးဆိုပြီး မောင်းထုတ်လိုက်တယ်။ သူ့အိမ်ပေါ်မှာ နိုင်ငံခြားက ရောက်နေတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေရော၊ စစ်တပ်က ပေးတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေရော ပုံလို့။ မေးလိုက်ရင်တော့ အထက်ကညွှန်ကြားတာကို စောင့်နေတာလေး ဘာလေးနဲ့၊ အဲဒါနဲ့ပဲ ဒုက္ခရောက်နေတဲ့သူတွေ ငတ်သေတော့မှာ။ အမလည်း မကြည့်ရက်တာနဲ့ မနက်က တတ်နိုင်သလောက်လေး ဆန်နှစ်အိတ် သွားလှူနေတာ ညီမလေးတို့နဲ့ လွဲသွားတာပေါ့။ ဆိုးတာက ကြံ့ခိုင်ရေးက အတွင်းရေးမှူးတွေ ဥက္ကဌတွေပဲ။ ရသမျှကို အကုန် အမျိုးတွေနဲ့ မျှဝေ စားသောက်နေတာလေ။ စွမ်းအားရှင်တို့ ဘာတို့ဆိုတာ အရင်တုန်းက တစ်နေ့လုပ်မှ တစ်နေ့စားရတာတွေ၊ ခုတော့ ဆန်တွေကို အိတ်လိုက်ထောင်စား နိုင်တဲ့အခြေအနေရောက်နေပြီ။ သူတို့က ခုမှ သူဌေးတွေ ဖြစ်နေကြတာလေ။ ရပ်ကွက်လူကြီးဆိုတာကလည်း သူ့အိမ်တောင် လေတိုက်လို့ ပျက်သွားတာ သူများအိမ်တွေ ပျက်စီးတာ သူလည်း ဘယ်လိုက်ကြည့် အားမတုန်း”

“အိမ်ပျက်တွေကို မိုးဖို့ ဟိုကထောက်ပံ့တဲ့ သွပ်တွေရော အမ၊ သူတို့ မပေးဘူးလား”

“အဲဒါပေါ့ ဟိုနေ့က စွမ်းအင်ဝန်ကြီး လာမယ်ဆိုတော့မှ ၀န်ကြီးဖြတ်သွားမယ့် လမ်းက အိမ်တွေကို ဝေပေးလိုက်တာ။ ၀န်ကြီးဖြတ်သွားတဲ့ လမ်းကလည်း အမတို့ဆီမှာ သူဌေးတွေနေတဲ့ လမ်းမကြီးပါ။ ဗိုလ်ချုပ်လမ်းလေ။ အဲဒီတော့ သူဌေးတွေပဲ ရပြီး တစ်ကယ်လိုအပ်နေတဲ့ ဆင်းရဲသားတွေက မရဖြစ်နေတာပေါ့။ သူ့အိမ်မှာပဲ သွပ်တွေ အများကြီး ကျန်သေးတယ်။ ဘာလုပ်ဖို့ ထားတာလဲ မသိဘူး ညီမလေးရဲ့၊ နေစရာ နေရာ မရှိတဲ့ သူတွေကတော့ သာသနာ့ဗိမ္မာန် ဓမ္မာရုံမှာ စုနေကြတယ်လေ။ စစ်တပ်က ပေးတော့ပေးပါတယ်။ ဒါပေမယ့် မလောက်တော့ လူကုန်မရဘူး။ ရပ်ကွက် လူကြီးက အိမ်ထောင်စု တွေကို မဲဖောက်ပေးရတာပေါ့။ ကိုယ်မဲပေါက်တာကိုပဲ ယူရတာ။ ကိုယ်တစ်ကယ် လိုအပ်နေတာကို ရချင်မှ ရတာ။”

ကျွန်မတို့ စကားပြောနေတုန်းမှာပဲ ပဲ့ထောင်ရပြီဆိုလို့ မြစ်ဆိပ်ကို ပဲ့ထောင်စီးဖို့ သွားကြပါတယ်။ ကျွန်မတို့နဲ့ အသိအိမ်က ပဲ့ထောင်ခခံပေးလို့ ကျွန်မတို့ ၀မ်းသာရပါသေးတယ်။

ဆန်အိတ်တွေ တင်တယ်

ရေသန့်ဘူးတွေရော၊ အင်္ကျီတွေရော

ဒေးဒရဲက ပျက်စီးမှုတွေ

မြစ်ကမ်းဘေး တစ်လျှောက်က နွားသေ ကျွဲသေတွေ

ကျွန်မတို့ သွားခဲ့တဲ့ ရွာကလေးကတော့ ချောင်းကြီးလို့ ခေါ်ပါတယ်။ ဒေးဒရဲကနေ တစ်နာရီ ကျော်ကျော်လောက် ပဲ့ထောင် စီးသွားရပါတယ်။ လမ်းခရီမှာ ပဲ့ထောင်မောင်တဲ့ ဦးလေးက အခုလို ပြောပြပြန်ပါတယ်ရှင်။

“ခုချိန်မှာ ရွာတွေကို ပြန်လည်ထူထောင်နိုင်တာ ဆိုလို့ ဘုန်းကြီးပဲ ရှိတော့တယ်။ ဟိုကောင်တွေက လာကြည့်တာ မဟုတ်ဘူး။ ဘုန်းကြီးကျောင်း ပျက်နေတာကိုတောင် လာမပြင်ပေးဘူး။ ရွာသားတွေလည်း ဒီလိုပဲ မိုးလုံတဲ့ နေရာလေးမှာ စုနေကြရတော့တာပေါ့။ ဟိုနေ့ကလည်း စစ်တပ်က ငါးသေတ္တာတွေ၊ ခရမ်းချဉ်သီးတွေ ဝေပေးပါဆိုပြီး ကြံ့ခိုင်ရေးက အတွင်းရေးမှူးတွေကို ပေးလိုက်တာ ခရမ်းချဉ်သီးတွေပဲ ရောက်လာတယ်၊ ငါးသေတ္တာတွေပါမလာဘူး။ သူတို့ စားလိုက်ကြတာလေ။ ရောင်းလည်း စားကြတယ်။

“သမီးတို့ ဖြတ်လာတော့ ကွမ်းခြံကုန်းဘက်မှာ ပြန်လည်ထူထောင်ရေးကို Asia World Company ကနေ တာဝန်ယူနေတာ တွေ့တယ် ဒီဘက်တွေရော မရောက်ဘူးလား”

“ဟုတ်တယ် အဲဒီ Asia World က စာသင်ကျောင်းတွေ ဆောက်ပေးဖို့ တာဝန်ယူထားတာ။ ကွမ်းခြံကုန်းမှာတော့ စဆောက်နေပြီပေါ့။ လျှပ်စစ်မီးတွေ ပြန်ရဖို့ကိုတော့ နောက်တစ်ခုကနေ လုပ်မယ်ပြောတယ်။ ကျောင်းတွေ ပြန်ဆောက်ဖို့ သစ်တွေကို ကြံ့ခိုင်ရေး ရုံးထဲမှာ ပုံထားတာ၊ ဟိုကောင်တွေက သစ်အကောင်းတွေနဲ့ အဆိုးတွေကို လဲလိုက်ကြတယ်။ ဆောက်ပေးတဲ့ ကုမ္ပဏီကလည်း သူတို့ပေးတာနဲ့ပဲ ဆောက်ရတော့တာပေါ့”

အဲဒီအချိန်မှာပဲ ဘေးနားက ဖြတ်သွားတဲ့ ပဲ့ထောင်သေးသေးလေး တစ်ခုက သူတို့ဆီမှာ ကုန်တွေများနေလို့ ကျွန်မတို့ ပဲ့ထောင်မှာ တစ်ခုလောက် ပေးလိုက်ပါရစေတဲ့။ ပဲ့ထောင်ချင်း ကပ်ပြီး အထုပ်ကို လှမ်းပစ်တော့ ကျလာတာက ဒီအထုပ်ပါရှင်။ စောင်တွေ အထည် ၅၀၀ ပါတဲ့။ တန် တန့် တန်……!!

ချောင်းကြီးကိုရောက်တော့ ရွာသားတွေကို ဘုန်းကြီးကျောင်းမှာ စုဝေးစေပြီး ပါလာတဲ့ ဆန်တွေ၊ ရေသန့်ဘူးတွေ ကို အိမ်ထောင်စု အလိုက်ဝေပါတယ်။ အင်္ကျီတွေကိုတော့ ဒီအတိုင်းပဲ ပေးလိုက်ပါတယ်။

ဆန်တွေကို ခွဲထည့်ကြတယ်….

အင်္ကျီတွေ လှူတယ်

အလှူရှင်မျှော်နေတဲ့ ဒုက္ခသည်တွေ

ဒါကတော့ ဘကြီး ဘုန်းကြီး

ကျွန်မတို့လိုပဲ လာလှူတဲ့ နောက်အဖွဲ့

ဒေးဒရဲကနေ ညနေ ၅ နာရီ ခွဲလောက်မှာ ပြန်လာခဲ့ကြပါတယ်။ ရန်ကုန်ရောက်တော့ ည ကိုးနာရီ ထိုးပါပြီး။ ကျွန်မမှာတော့ ပင်ပန်းလိုက်တာ။ မန္တလေးကနေ ရန်ကုန်၊ ရန်ကုန်ကနေ ဒေးဒရဲ၊ ဒေးဒရဲကနေ ရွာကို ခရီးဆက်။ စိတ်ကလေး ဆောင်နေလို့သာ ခရီးစဉ် တစ်လျှောက် ဘာမှ မဖြစ်တာ။ ပြန်လည်းရောက်ရော ဖျားလိုက်တာရှင်……။ နောက်လည်း သွားအုံးမှာရှင့်။ ဆိပ်ကြီးခနောက်တို ဘက်ကို သွားရင် ကောင်းမလား မသိဘူး။

လှူခဲ့သော ပစ္စည်းစာရင်

ဆန်အိတ် ၃၀ (၁၅၅၀၀ x ၃၀ = ၄၆၅၀၀၀)
ရေသန့် ဗူးကြီး ၁၅၀ (၇၅၀ x ၁၅၀ = ၁၁၂၅၀၀)
ရေသန့် ဗူးသေး ၂၀၀ (၃၀၀ x ၂၀၀ = ၆၀၀၀၀)
အင်္ကျီ အထည် ၅၀၀ (၅၀၀ x ၅၀၀ = ၂၅၀ ၀၀၀)
စုစုပေါင်း = ၈၈၇ ၅၀၀ ကျပ်

အလှူငွေများ ပါဝင်ကူညီသော ရန်ကုန်မှ ရွှေနဂါး မိသားစုနဲ့ ဒေါ်လာ ၅၀၀ ပို့ပေးသော စင်ကာပူမှာ မအေးချမ်းစိုး၊ Los Angles, America မှ မအိန္ဒြာစိုး တို့ကို ကျေးဇူး အထူးတင်ရှိပါတယ်ရှင်။