Thursday, September 25, 2008

My "First Things"

ပြောလို့ ပြောတာ မဟုတ်ဘူး။ တစ်ကယ်က သေလောက်အောင် အလုပ်များနေတာ။ Miss People ပွဲ အတွက်လေ။ မနက်ဖြန်လည်း မန္တလေးကို သွားတော့မှာ ဆိုတော့ ပျားတုပ်ပြီး တိုင်ပတ်နေတယ်။ ဘိုဘို ကိုတောင် ပြောလိုက်သေးတယ် အောက်တိုဘာ 15 လောက်ထိ ငါမအားတော့ဘူး လို့။ ယောင်္ကျား မရလည်း နေပါစေတော့လို့။ ဒါပေမယ့် ဒီနေ့ပဲ ချက်ချင်း ရေးဖြစ်သွားတယ်။ Designer တစ်ယောက်ရဲ့ Design ကို စောင့်နေတုန်း အချိန်လေး နည်းနည်းပိုနေတာနဲ့ ဒါကို ရေးဖြစ်သွားတယ်။ ဘိုဘို ကျွန်မကို ပထမဦးဆုံး အကြိမ် tag လုပ်တဲ့ "ပထမဆုံးများ" ကို ရေးခွင့်ကြုံသွားတယ်။

ပထမဆုံး နေခဲ့တဲ့မြို့ — ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ (မာန်အောင်ကျွန်း ပေါ်မှာရှိတယ်)

ပထမဆုံး တက်ခဲ့ရတဲ့ကျောင်း — အ.လ.က ဟင်းစနဲ (မာန်အောင်ကျွန်းပေါ်မှာပဲ)

ပထမဆုံး အတန်း — ပထမတန်း (တစ်ကယ်က 88 တုန်းက လေးနှစ်လေ။ ကျောင်းပြန်ဖွင့်ရင် သူငယ်တန်း စတက်မယ်ဆိုပြီး အဖေက စာတွေ အကုန်သင်ထားတာ၊ ကျောင်းလည်း ဖွင့်ရော သူငယ်တန်းမှာ တစ်ယေက်တည်း ထူးပြီး ချွန်နေလို့တဲ့ ဆရာတွေက ရှုပ်တယ် ဒီကလေးဆိုပြီး ပထမတန်း တင်လိုက်တာ။ အဲဒါကြေင့် အသက် ငယ်ငယ်နဲ့ 10 တန်းကို 99 မှာ အောင်လာတာပေါ့။ တစ်ကယ်က 2000 မှာမှ အောင်ရမှာ)

ပထမဆုံး သူငယ်ချင်း - ထွန်းထွန်းဝင်းနိုင်တဲ့ ( ရွကပဲ.. ကျွန်မကို မွေးတဲ့ ရွာက.. ကျွန်မတို့ကတော့ သံခဲ လို့ခေါ်တယ်)

ပထမဆုံး ရတဲ့ ကျောင်းသူငယ်ချင်း — အောင်အောင် ( တော်တော် ခင်ကြတယ်.. ခုတော့ ဘယ်ရောက်နေလဲ သိဘူး.. မာန်အောင်မှာပဲ ထင်တယ်၊ သူငယ်တန်းစတက်တော့ သူနဲ့အရင် စသိတာ၊ သူကပဲ ကျောင်းနေမပျော်တဲ့ ကျွန်မကို ပျော်အောင် လုပ်ပေးနိုင်ခဲ့တာ)

ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် — ကျောင်းစာအုပ်လား၊ တစ်ခြား စာအုပ်လား (ကျောင်းစာအုပ်ဆိုရင်တော့ သူငယ်တန်းစာအုပ်ပေါ့၊ တစ်ခြား အပြင်စာအုပ်ဆိုရင်တော့ မင်္ဂလာမောင်မယ် မဂ္ဂဇင်း .. ငယ်ငယ်တုန်းက လစဉ်ဖတ်တယ်)

ပထမဆုံး အလွတ်ရတဲ့ ကျောင်းစာ — က၊ ခ၊ ဂ။ ကျောင်းမတက်ခင်ကတည်းက အိမ်ကလူကြီးတွေက ကြိုသင်ပေးနေတာလေ။

ပထမဆုံး အရိုက်ခံရခြင်း — မမှတ်မိတော့ဘူး၊ အကျင့်ကလည်း ပုတ်တဲ့အပြင်၊ ဆိုးလည်းဆိုးလို့ အဖေက ခဏ ခဏ ရိုက်တယ်

ပထမဆုံး ရတဲ့ဆု — ပထမဆု (ကြွားအုံးမယ်.. သူငယ်တန်းကနေ ကိုးတန်းထိ ပထမဆုပဲ ရတာ.. 10 တန်းရောက်တော့လည်း ကိုယ့်မြို့နယ်မှာ ပထမ ပါပဲ)

ပထမဆုံး သွားဖူးတဲ့ခရီး — မာန်အောင်ကနေ ရန်ကုန်ကိုလာတာ (2001 ခုနှစ်မှာပေါ့)

ပထမဆုံး စီးဖူးတဲ့ကား — ကျွန်မတို့ဆီမှာ လိုင်းဆွဲတဲ့ ဒိုင်နာကား (အမျိုးတွေရှိတဲ့ ရွာကို သွားလည်ရင်း စီးဖူးတာ)

ပထမဆုံး ဆိုတဲ့သီချင်း — ဘလက်အိုင် ဆူးဇင်၊ ဘလက်အိုင်ဆူးဇင်၊ ဟောင်းအာယူ၊ ဟောင်းအာယူရ်၊ ဗဲရီးဝဲလ် အိုင် သင့်ခယူ၊ ဗဲရီးဝဲလ် အိုင် သင့်ခယူ၊ ဟောင်းအာယူ၊ ဟောင်းအာယူ။

ပထမဆုံး ရေးတဲ့ကဗျာ — ကဗျာနာမည်က "ဆန္ဒ" တဲ့.. စာသားလေးက

"မင်းနဲ့အတူ

မခွဲမခွာ

ထာဝရ နေချင်တာ

ငါ့ဆန္ဒပါ"

"It's my desire,

Parting from you never,

Living with you together"

အဲဒီ ကဗျာကို The Best English မဂ္ဂဇင်းမှာ ဖော်ပြခံရတယ်။ ကြွားတာ ဟဲဟဲ

ပထမဆုံး ရေးခဲ့သော ရည်းစားစာ — ရေးဖူး သေး ဘူး ရှင့်။

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် — မရှိပါဘူးဆိုနော်

ပထမဆုံး ချစ်သူ — သြော် ကဲ ပြော ပြီး ပါ ပြီ ကော၊ ရှိသေးပါဘူးဆို။

ပထမဆုံး ၀ယ်ဖူးတဲ့ စာအုပ် — ကောင်းသန့် (သမီးလေး ဖတ်ဖို့)

ပထမဆုံး ၀ယ်တဲ့သီချင်းခွေ — အေးချမ်းမေရဲ့ တစ်စစီကျိုးပဲ့နေတယ်

ပထမဆုံး တက္ကသိုလ်ရောက်တဲ့နေ့ — နေ့တော့မသိတော့ဘူး။ ခုနှစ်တော့သိတယ်။ ၂၀၀၁ မှာတက္ကသိုလ် စတက်တာ။

ပထမဆုံး ရဖူးတဲ့လက်ဆောင် — မမှတ်မိတော့ဘူး

ပထမဆုံး အလုပ် — Blazon မှာ Purchaser လုပ်တာ

ပထမဆုံး တစ်ယောက်ထဲခရီးသွားခြင်း — Second Year တုန်းက ကျောင်းပိတ်လို့ အိမ်ပြန်တဲ့ အချိန် (ရန်ကုန်ကနေ မာန်အောင်ကို သွားတာ အဝေးကြီးပဲ.. မှတ်မိသေးတယ် အဲတုန်းက တော်တော်ကြောက်နေတယ်. ကားပေါ်မှလည်း အသိတွေ မပါလို့)

ပထမဆုံး သောက်ဖူးတဲ့ဆေးလိပ်၊ ပထမဆုံး သောက်ဖူးတဲ့အရက် — အတော်ရိုးတဲ့ မယ်ပင့်ဂိုလ်းပါရှင်။ ဒါမျိုးတွေ လုပ်တတ်ဝူး

ပထမဆုံး တက်ဖူးသော ဆေးရုံ — နေမကောင်းတွေ ဟဲဗီးဖြစ်ပေမယ့် ဆေးရုံဘယ်တော့မှ မတက်ဘူး။ အသက် တစ်နှစ်လောက်တုန်းကတော့ ညဘက်ကြီး အပြင်းဖျားလို့ ရွာကနေ မြို့ပေါ်က ဆေးရုံကို ပြေးရဖူးတယ်လို့ အဖေကပြောတယ် (မာန်အောင် မြို့နယ် ဆေးရုံပေါ့)

ပထမဆုံး ဘလော့ပို့စ် The Value of Smile

ပထမဆုံး ခင်တဲ့ ဘလောဂ့်မိတ်ဆွေ — မြန်မာတီးရှောပ့် ဖိုရမ်ကနေ ဘလောဂ့်ဂါတွေ အများကြီးနဲ့ ခင်လာတာ ဆိုတော့ ပထမဆုံးဆိုတာ ပြောဖို့ ခက်တယ်။ ပထမဆုံး အခင်ဆုံး ဘလောဂ့်မိတ်ဆွေဆိုရင်တော့ ကိုထိုက် ပေါ့

ပထမဆုံး ကိုယ်ရှာတဲ့ပိုက်ဆံကိုယ်သုံးခြင်း — 10 တန်းပြီးလို့ Guide ပြန်လုပ်တဲ့ အချိန်

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း — 2 တန်းတုန်းကထင်တယ်။ အတန်းထဲက တစ်ယောက်နဲ့ ရန်ဖြစ်တာ၊ စာမေးပွဲဖြေတုန်း ကျွန်မဆီက စာခိုးချလို့ ဆိုပြီးတော့

ပထမဆုံး အကြိမ် ထီပေါက်ခြင်း — (2) လုံးထီစပေါက်တာ.. ကိုယ့်ဟာကိုယ် ခံစား မိတဲ့ 63 ဆိုတာလေးကို မ၀ံ့မရဲ ထိုးလိုက်တုန်းက (50 ဖိုးပေါက်တာကွ ဘာမှတ်လဲ ဟွန်း ဟွန်း)

ပထမဆုံး ရင်ခုန်ဖူးခြင်း — မွေးကတည်းက ရင်ခုန်လာတာလေ.. ဟုတ်ဘူးလား

ပထမဆုံး တီးဖူးတဲ့ဂစ်တာ — မတီးတတ်ပါ (တူရိယာ ဆိုလို့ ၀ါးလက်ခုတ်ပဲ တီးတတ်တယ်)

ပထမဆုံး ရောက်ခဲ့သော နိုင်ငံရပ်ခြား — နယ်စပ်တောင် မရောက်ဖူးဘူး။

ကျွန်မလည်း ထပ် tag မယ်။ လာထား.. ကိုသင်ကာကိုသီဟန်၊ ကိုထွန်းတောက်နေကိုကောင်းကင်ကိုခိုင်သဉ္ဖာ စည်သူ တို့ကို တက်ပါတယ်။ ရေးပေးကြပါ၊ ရေးပေးကြပါ။

Monday, September 22, 2008

Present for Love!

♥ချစ်သူနှစ်ဦး ၏ အပြန်အလှန် လက်ဆောင် ပေးတက်စေဖို့♥

( ကိုယ့်ကို အမြဲ သတိရနေပါ )

အလှစိုက်သစ်ပင် ---------- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်

ဦးထုပ် ---------- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

(မင်းရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်အောင် ဆုတောင်းပေးနေမယ် )

စက္ကူ ကြိုးကြာရုပ် တစ်ထောင် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်

စက္ကူ ရောင်စုံ ကြယ်ပွင့် တစ်ထောင်-------- မိန်းကလေး မှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်

(ကိုယ့်ကိုမေ့လိုက်ပါတော့ = ချစ်သူအဖြစ်မှ ပြတ်စဲ လိုသည့်အခါ )

မီးခြစ် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်

ပြာခွက် ---- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

( အနေဝေးလို့ မေ့မသွားနဲ့နော် = ရက်လရှည်များခွဲခွါရရင် )

ဒိုင်ယာရီစာအုပ် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ဘောလ်ပင် ----- မိန်းကလေး မှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်

(ဂုဏ်ယူပါတယ် =ချစ်သူ၏ အောင်မြင်မှု့ တစ်ခု အတွက် )

ဓာတ်ပုံမှန်ဘောင်လှလှလေး ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ဝိုင်ပုလင်း ----- မိန်းကလေးမှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်

(လွမ်းခဲ့ရသမျှ မေ့ပစ်ကြစို့ =ငိုကြွေးခဲ့သော ကာလ များ ပြီးဆုံးပြီ )

လက်ကိုင်ပုဝါ ----- ယောကျာင်္းလေးမှ မိန်းကလေးသို့ လက်ဆောင်ပေးရန်

စားပွဲတင်ပြက္ခတိန် ----- မိန်းကလေး မှယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်

(ချစ်သူကိုစိတ်ဆိုးပြေအောင်ချော့တဲ့ အခါ )

အ၀ါရောင်ပန်းပွင့် ပန်းစည်း ----ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်

သီချင်းဓာတ်ပြာ အယ်ဘမ်----- မိန်းကလေးမှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

(ကွယ်ရာမှာ သစ္စာမ ဖောက်နဲ့နော် )

ကြည့်မှန်သေး ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်

သော့ချိတ်လေး ----- မိန်းကလေးမှယောကျာင်္လေးသို့ လက်ဆောင်ပေးရန်

( လက်ထပ်ချင်ပြီ )

လက်စွပ်တစ်ကွင်း ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
လက်ပတ်နာရီ ----- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

( ကိုယ့်ကို သစ္စာမဲ့တယ်လို့ အထင်မလွဲပါနဲ့ )

နှုတ်ခမ်းနီ ဆိုးဆေး----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်

အင်္ကျီ အ၀တ်အစား -----မိန်းကလေး မှ ယောကျာင်္းလေးသို့ လကိဆောင်ပေးရန်

(တို့နှစ်ယောက် အချစ် တည်တံ့ခိုင်မြဲ ပါစေ )

ဖဲ ကြိုးလှလှလေးချည်ထားတဲ့ပန်းစည်း ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ချောကလက်ဘူး ----- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

( ချစ်တာကို ဖွင့်ပြောဖို့ မ၀င့်မရဲဖြစ်နေရင် )

အမွှေးပွပွ ၀က်ဝံရုပ် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့လက်ဆောင်ပေးရန်

ရေမွှေး ပုလင်း ----- မိန်းကလေး မှယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

ဒါလေးကို ဖတ်ပြီ: သူငယ်ချင်း အပေါင်းတို့လည်း ချစ်သူနဲ့
အစဉ်ပြေချောမွေ့ပါစေ လို့ ဆုတောင်း လိုက်ပါတယ်

ကျွန်မ ဒါလေးကို ဖတ်ဖူးတာ ၀တ္ထုစာအုပ် တစ်ခုထဲမှာပဲရှင့်.. တာရာမင်းဝေ ရေးတာလား၊ မင်းခိုက်စိုးစံ ရေးတာလား သေချာတော့ မမှတ်မိတော့ဘူး။ ခုတော့ သူငယ်ချင်း တစ်ယေက်က မေလ်းပို့လာတာနဲ့ ကျွန်မလည်း အမှတ်ရပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်။

Miss People Style Competition and Me!

Miss People ဆိုတာ စတိုင်လ်ကိုဦးစားပေးတဲ့ ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး၊ စတိုင်လ်မိုက်တဲ့ အချောအလှလေးတွေကို မြန်မာမှာသာမက ကမ္ဘာမှာပါ နာမည်ကြီးကျော်ကြားစေဖို့ People Magazine ကဖော်ထုတ်ပေးမယ့်ပွဲတစ်ခုပါ။ ဖက်ရှင်ဒီဇိုင်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး Stylist အနေနဲ့ပဲ ဖြစ်ဖြစ်၊ မော်ဒယ်လ်တွေနဲ့ပေါင်းပြီး အဖွဲ့လိုက်ဖြစ်ဖြစ်၊ ကိုယ်တိုင်မော်ဒယ်လ်လုပ်ပြီးတော့ပဲ ဖြစ်ဖြစ် ဖက်ရှင်နဲ့စတိုင်လ်ကိုအသားပေးလို့ ၀င်ရောက်ယှဉ်ပြိုင်နိုင်မယ့် တစ်ခုတည်းသော ပွဲကြီးဖြစ်ပါတယ်။ Miss People ပြိုင်ပွဲကြီးကို 2006ခုနှစ်လောက်မှစပြီး ခြိမ့်ခြိမ့်သဲသဲကျင်းပခဲ့တာ အခုဆိုရင် သုံးနှစ်ရှိခဲ့ပါပြီ။ 2006 ခုနှစ်ရဲ့ Miss People ရွေးချယ်ပွဲကိုတော့ Traders Hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ 2007 ခုနှစ်မှာတော့ The Strand မှာ အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ Miss People Style Competition မှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး ဆုများရရှိခဲ့ကြသော မော်ဒယ်လ်တွေဟာလည်း ယခုအချိန်မှာ အောင်မြင်ကျော်ကြားသော မော်ဒယ်လ်များအဖြစ် မော်ဒယ်လ်လောကမှာ ရည်တည်နေပြီ ဖြစ်ပါတယ်။ မြန်မာ People Magazine ရဲ့ တတိယအကြိမ်မြောက် Miss People 2008 ပြိုင်ပွဲကြီးကိုတော့ ရန်ကုန်နဲ့ မန္တလေး မြို့များမှာ တခမ်းတနား ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ ရည်ရွယ်ချက်ကတော့ စတိုင်လ် အမိုက်ဆုံး၊ အချောဆုံး၊ အဖြောင့်ဆုံး မဒီလေးများကို မြန်မာမှာသာမက ကမ္ဘာမှာပါ ကျော်ကြားသွားအောင် People Magazine မှ ဖော်ထုတ် ပေးလိုပါတယ်။ အရင်နှစ်တွေကလိုပဲ ဖက်ရှင်နဲ့ ဒီဇိုင်းပညာရှင်တွေဟာ Stylist အနေနဲ့ပဲ ဖြစ်ဖြစ်၊ မော်ဒယ်လ်နဲ့ ပေါင်းပြီး အဖွဲ့လိုက်ပဲ ဖြစ်ဖြစ်၊ ကိုယ်တိုင် မော်ဒယ်လ် လုပ်ပြီးတော့ပဲ ဖြစ်ဖြစ် ဖက်ရှင်နဲ့ စတိုင်လ်ကို အသားပေးလို့ ပါဝင် ယှဉ်ပြိုင်နိုင်ခြင်းဟာ ဒီပွဲရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။ အလှအပခံစားတတ်တဲ့၊ ဖက်ရှင်ကို စိတ်ဝင်စားတဲ့ လူတွေအားလုံး လာလို့ရအောင် ပွဲဝင်ကြေးကို မသတ်မှတ်ပဲ အခမဲ့ စီစဉ်ပေးထားပါတယ်။ မျှော်လင့်မထားလောက်အောင် ထူးခြားရင်ခုန်စေမယ့် အစီအစဉ်များကိုလည်း ဖန်တီးတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ်အားလုံး ပျော်ရွှင်ကျေနပ်စေမှာ သေချာပါတယ်။

တစ်ကယ်တော့ Miss People ရွေးချယ်ပွဲ ဆိုတာနဲ့ ရင်းနှီးနေတာ 2006 ကတည်းကပေါ့။ အဲဒီတုန်းကတော့ People Magazine က ကြီးမှူးပြီး လုပ်တဲ့ ဒီပွဲကြီးကို ပရိတ်သတ် တစ်ယောက်အနေနဲ့ သွားအားပေးခဲ့တယ်လေ။ Traders Hotel မှာ တစ်ခြားပွဲ တွေနဲStage အပြင်အဆင်ဋ္ဌ၊ အံ့မခန်းလောက်တဲ့ ပရိတ်သတ်အင်အား၊ လာပြိုင်တဲ့ မိန်းကလေးတွေရဲ့ စတိုင်လ် အမိုက်စားလေးတွေကို ငေးကြည့်ခဲ့ရတယ်။ တော်တော်ကောင်းတဲ့ ပွဲကြီးပါလားလို့လည်း မှတ်ချက်ချခဲ့တယ်။ အနုပညာရှင်တွေ၊ အောင်မြင်ကျော်ကြားတဲ့ ဒါရိုက်တာကြီးတွေ၊ တစ်ခြား နာမည်ကြီး မော်ဒယ်လ်တွေ တော်တော်များများနဲ့ အတော်လေးကို စည်ကားတဲ့ ပွဲဖြစ်ခဲ့တယ်။ ဒီပွဲက မွေးထုတ်ပေးလိုက်တဲ့ မော်ဒယ်လ်တွေကလည်း နာမည်ကြီးသွားချည်းပဲ။ ပြိုင်ပွဲဝင်တဲ့ သူတွေအတွက်ကော၊ ပွဲကြည့်ပရိတ်သတ်တွေ အတွက်ပါ ရင်ခုန်ပျော်ရွှင်ရတဲ့ ပွဲမို့လို့ 2006 မှာကတည်းက ကျွန်မဒီပွဲကြည့်ရတာကို နှစ်ခြိုက်ခဲ့တယ်။

2007 ကိုရောက်လာတော့ ကျွန်မပါဝင်ဆင်နွှဲပုံက တစ်မျိုးရှင့်။ အဲဒီတုန်းက ကျွန်မက TONI&GUY မှာ Brand Executive တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေခဲ့တာလေ။ Miss People 2007 ပြိုင်ပွဲမှာ စပွန်စာ ပေးခဲ့လို့ VIP တစ်ယောက်အနေနဲ့ ဒီပွဲကြီးကို တက်ရောက်ခဲ့တာပေါ့။ အဲဒီတုန်းက Miss People ပွဲကို The Strand Hotel မှာ ကျင်းပခဲ့တယ်။ 2007 တုန်းက လုပ်ခဲ့တဲ့ ပွဲကတော့ ကျွန်မမှတ်မိသလောက် သိပ်အဆင်ပြေလှတဲ့ ပွဲမဟုတ်ဘူးရှင့်။ ပွဲကို သတ်မှတ်ချိန်မှာ မစတင်နိုင်ခဲ့ဘူး၊ Lighting Sound System တွေ မကောင်းဘူး။ Presenter ဖြစ်တဲ့ သဇင်နဲ့ ညီနန္ဒ စကားပြောတာ အချိုးမပြေဘူး။ ဒါပေမယ့် ပြိုင်ပွဲဝင် မိန်းကလေးတွေရဲ့ အလှအပ၊ တစ်ခြား ဖျော်ဖြေရေး အစီအစဉ်တွေကြားမှာ ဒါတွေဟာလည်း ပြောစရာ မဖြစ်တော့ဘူး။ အရမ်းတော်တဲ့ Dancer တွေ၊ နာမည်ကြီးအဆိုတော်တွေ၊ ပြိုင်ပွဲဝင်တွေရဲ့ လှပမှုတွေကြောင့် အဆင်မပြေမှုတွေဟာ မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့ရတယ်။

ဟော ခု Miss People 2008 Style Competition ကြီးကို ရန်ကုန်မှာသာမက၊ မန္တလေးမှာပါ ပြုလုပ်တော့မယ်။ ဒီတစ်ခါ ပွဲအတွက် ကျွန်မ ပိုပြီးစိတ်လှုပ်ရှားရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မဟာ ပွဲ Organizer တွေထဲ့ တစ်ယောက်ဖြစ်နေလို့ပါပဲ။ People Magazine ကိုမွေးဖွားပေးရာ Inforithm-Maze Co.Ltd မှာ အလုပ်ဝငိခဲ့တဲ့ ကျွန်မဟာ ခုတော့ Miss People ပွဲရဲ့ အရေးပါတဲ့ နေရာတစ်ခုကနေ ပါဝင်စီမံနေရပြီလေ။ Miss People နဲ့ ကျွန်မရဲ့ ရေစက်ကတော့ ကုန်ပဲ မကုန်နိုင်ပါလားရှင်။ ထူးခြားတဲ့ ရေစက်လို့ ပြောလို့ရတာပေါ့နော်။ စက်တင်ဘာလ 28 ရက်နေ့ တနင်္ဂနွေနေ့မှာ မန္တလေးမှာရှိတဲ့ Hotel Mandalay မှာ Miss People Mandalay ရွေးချယ်ပွဲကို ကျွန်မတို့ သွားရောက်ပြုလုပ်ရတော့မယ်၊ တဖန် အောက်တိုဘာက (11) ရက်နေ့၊ စနေနေ့မှာ ရန်ကုန်က The Strand Hotel မှာ Miss People Yangon ရွေးချယ်ပွဲအတွက် ပြန်လည်းစီမံရအုံးမယ်။

ဒီပွဲအတွက် ကျွန်မတို့ရုံးက ၀န်ထမ်းတွေ အကုန်လုံးနီးပါး အလုပ်တွေ တော်တော်များခဲ့ရတယ်။ သူများထက် ထူးခြားအောင်၊ အစစ အရာရာ အဆင်ပြေအောင် Idea တွေ မွေးထုတ်ခဲ့ရတယ်၊ Meeting ပေါင်းမြောက်များစွာကို နေ့လည်စာလွတ် ပြုလုပ်ခဲ့ရတဲ့ ရက်တွေကလည်း မနည်းတော့ဘူးပေါ့။ ကျွန်မတို့ အတွက် ရင်ခုန်ရမယ့် နေ့လည်း မကြာခင်ရောက်လာတော့မယ်။ ကျွန်မလည်း 26 ရက်နေ့ မှာ ရုံးအဖွဲ့နဲ့ မန္တလေးတက်ပြီး စီစဉ်စရာတွေ စီစဉ်ရတော့မယ်။ ဒီမတိုင်ခင် 3 လအလိုလောက်ကတည်းကလည်း တစ်လ တစ်ခေါက် မန္တလေးသွားပြီး လုပ်စရာတွေကို လေ့လာပြီး လုပ်ခဲ့ရတယ်။ ခုတော့ တစ်ကယ်လုပ်ရတော့မယ်၊ အားလုံး အဆင်ပြေဖို့ မျှော်လင့်တယ်၊ ကြိုးစားခဲ့တာတွေ အောင်မြင်ဖို့ကို မြင်ယောင်မိတယ်။ People အဖွဲ့သားတွေ အကုန်လုံးရဲ့ အစွမ်းအစကို ဒီပွဲမှာ ချပြကြမှာလည်း ဖြစ်တယ်။ ကျွန်မလေ ရင်တွေ အရမ်းခုန်နေမိတယ်။ ဘာကြောင့်လဲဆိုတော့ Miss People 2008 ဟာ မန္တလေးအတွက်၊ ကျွန်မအတွက် ပျော်ရွှင်မှုလေး တစ်ခုလောက်တော့ ပေးနိုင်လိမ့်မယ်လို့ မှတ်ယူထားလို့ပါပဲ။

Winners of Miss People 2006

Miss Style – Aye Myat Thu (She is now at the leading role in Myanmar Model Society)

Image Hosted by ImageShack.us
Miss People – M. Khar Yar

Image Hosted by ImageShack.us

Miss Charming – Zin Sandar Htun

Image Hosted by ImageShack.us

Best Stylist – Su Su Aung

Image Hosted by ImageShack.us

Winners 2007!

Jar San - Miss People

Image Hosted by ImageShack.us

Chan Chan - 1st Runner Up and People's Choice (Now she is very popular both as a model and a singer)

Image Hosted by ImageShack.us

Soe Pyae Pyae San - Second Runner Up ( She is now also a popular Model in Myanmar)

Image Hosted by ImageShack.us

Miss People 2008 တွေဟာ ဘယ်သူတွေ ဖြစ်မလဲ၊ သူတို့တွေဟာ မော်ဒယ်လ်လောကမှ ဘယ်လို အောင်မြင်လာမလဲ ဆိုတာကိုတော့ ကျွန်မတို့ စောင့်ကြည့်ရမှာပေါ့ရှင်။

Miss People Mandalay
- 28-Sep-08
- Hotel Mandalay
- Free Entrance (ကြိုတင်လက်မှတ်ယူပါ)

Miss People Yangon
- 11-Oct-08
- The Strand Hotel
- Free Entrance (ကြိုတင်လက်မှတ် ယူပါ)

Miss People 2008 Official Website ကိုတော့ ဒီနေရာလေးမှာ ကြည့်နိုင်ပါတယ်ရှင်။

Thursday, September 18, 2008

Good Tips for Life!

ဒီလောကမှာရှိတဲ့ လူတစ်ဦးတစ်ယောက်နဲ့မှ သင့်ကိုယ်သင် ယှဉ်မကြည့်လိုက်ပါနဲ့.. ယှဉ်ကြည့်မယ်ဆိုရင် ဒါဟာ ကိုယ့်ဟာကိုယ် စော်ကားတဲ့ သဘောပါပဲ။

သော့မရှိပဲ ဖွင့်လို့ရတဲ့ lock ကို ဘယ်သူကမှ မတီထွင်ခဲ့ပါဘူး။ ထိုနည်းတူပါပဲ.. ဘုရားသခင်ကလည်း အဖြေမရှတဲ့ ပြသနာတွေကို ဖန်ဆင်းပေးနေတာ မဟုတ်ပါဘူး။

သင်စိတ်ဆင်းရဲနေတဲ့အခါ လောကကြီးက သင့်ကိုလှောင်ပြောင်လိမ့်မယ်၊ သင်စိတ်ပျော်ရွှင်နေချိန်မှာတော့ သင့်ကိုပြုံးပြနေလိမ့်မယ်။ သင်ကတစ်ခြားသူတွေကို ပျော်ရွှင်စေချိန်မှာတော့ သင့်ကို လောကကြီးက အလေးပြုနေမှာပေါ့။

အောင်မြင်တဲ့ လူသားတိုင်းမှာ နာကြည်းစရာကောင်းတဲ့ ဇတ်လမ်းလေးတွေ ရှိနေတတ်ကြတယ်။ ၀မ်းနည်းစရာ၊ နာကြည်းစရာ ပုံပြင်တွေ၊ ဇတ်လမ်းတွေဟာလည်း ပျော်ရွှင်စရာ နိဂုံးတွေ ရှိတတ်ကြပါတယ်။ ဒီတော့.. နာကျင်စရာတွေကို လက်ခံပြီး အောင်မြင်မှုအတွက် အသင့်ဖြစ်နေပါစေ။

တစ်ပါးသူတွေရဲ့အမှားကို ထောက်ပြဖို့ သိပ်ကိုလွယ်ကူတယ်၊ ကိုယ့်အမှားကို ကိုယ် သဘောပေါက်လက်ခံဖို့ ကျတော့ ခက်ခဲတတ်ကြတယ်။ ကိုယ့်ခြေထောက်ကိုယ် ဖိနပ်နဲ့ လုံခြုံအောင် ကာကွယ်ထားနိုင်ပေမယ့် ကမ္ဘာကြီးကိုကျတော့ ကော်ဇောတစ်ချပ်နဲ့ ဘယ်လိုမှ လုံအောင်ဖုံးနိုင်မှာ မဟုတ်ဘူး။

ဆိုးဝါးတဲ့ အတိတ်ကို ဘယ်သူကမှ ပြန်ပြီးပြောင်းလဲလို့ မရနိုင်ဘူး။ ဒါပေမယ့် လူတိုင်းဟာ အနာဂတ်မှာ အောင်မြင်နိုင်ဖို့ ခုကတည်းက စတင်နိုင်တယ်။

ပြသနာတစ်ခုကို ဖြေရှင်းနိုင်မယ်ဆိုရင် ဘာမှတွေးပူနေစရာ မလိုဘူး။ စိုးရိမ်ပူပန်ခြင်းတွေကြောင့်သာ ပြသနာတွေကို ဖြေရှင်းလို့မရ ဖြစ်သွားနိုင်တယ်။

အခွင့်အရေးကို လက်လွတ်လိုက်ရရင်လည်း ငိုကြွေးမနေပါနဲ့၊ သင့်ရှေ့မှာ ပိုကောင်းတဲ့ အခွင့်အလမ်းတစ်ခု ရှိနေပါသေးတယ်။

ရင်ဆိုင်ရမှာတွေကို ပြောင်းလဲလိုက်ခြင်းက ဘာကိုမှ ဖြစ်မလာစေဘူး။ အပြောင်းအလဲတွေကို ရင်ဆိုင်လိုက်မှသာ အရာရာကို ပြောင်းလဲသွားစေမှာပါ။

တစ်ခြားလူတွေကို နားပူနားဆာ လုပ်မနေပါနဲ့၊ ငြိမ်းချမ်းမှုကို လိုချင်ရင် သင့်ကိုယ်သင် ပြောင်းလဲပစ်လိုက်ပါ။

အမှားဆိုတာ ဖြစ်လာတဲ့အချိန်မှာတော့ နာကျင်စရာတွေပါ။ ဒါပေမယ့် နှစ်တွေကြာလာတဲ့အခါမှာတော့ အမှားတွေစုဝေးပြီး အတွေ့အကြုံဆိုတာ ဖြစ်လာတယ်။ အဲဒီ အတွေ့အကြုံတွေနဲ့ပဲ အောင်မြင်မှုကို ရရှိစေတယ်။

သင်ရှုံးနိမ့်တဲ့အခါ ရဲရင့်ပါ.. အောင်မြင်တဲ့အခါကျတော့ တည်ငြိမ်တတ်ပါစေ။

Tuesday, September 16, 2008

The 4 wives of our lives

ကျွန်မ ဘလောဂ့်စရေးတုန်းက ဒီပုံပြင်လေးကို အင်္ဂလိပ်လို တင်ခဲ့ဖူးပါတယ်။ မေလ်းထဲကို ရောက်လာတဲ့ ပုံပြင်လေးတစ်ခုကို ယူတင်ခဲ့တာလို့ပဲ ထင်တယ်ရှင့်။ သေချာတော့ မမှတ်မိတော့ဘူး။ အဲဒီအဟောင်းလေးကိုပဲ ဘာသာပြန်ပြီး ထပ်တင်ပေးလိုက်ပါမယ်နော်။ စိတ်ညစ်နေတုန်းလေး အပျင်းပြေပေါ့..

ဟိုးရှေးရှေးတုန်းကပေါ့ မိဘုရားလေးယောက် ရှိပြီး သိပ်ကို ချမ်းသာကြွယ်ဝတဲ့ ဘုရင်ကြီးတစ်ပါး ရှိသတဲ့။ ဘုရင်ကြီးဟာ သူ့ရဲ့ စတုတ္ထမြောက် မိဘုရားကိုတော့ အချစ်ဆုံးဖြစ်ပြီး အကောင်းဆုံး၊ အနုညံ့ဆုံး၊ အချိုမိန်ဆုံး ဆက်ဆံပါသတဲ့။ တတိယမြောက် မိဘုရားကိုလည်း ချစ်တာပါပဲ။ အိမ်နီးချင်း တိုင်းပြည်တွေကိုလည်း တတိယမြောက် မိဘုရားကို ကြွားလေ့ရှိပါတယ်။ ဒါပေမယ့် ဒီမိဘုရားဟာ သူ့ကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ထားသွားခဲ့မှာကိုတော့ သူစိုးရိမ်နေတတ်ပါတယ်။

ဒုတိယမြောက် မိဘုရားကို ချစ်တာကျတော့ တစ်မျိုး.. အဲဒီမိဘုရားကို သူ့ရဲ့တိုင်ပင်ဖော်၊ တိုင်ပင်ဖက်၊ ယုံကြည်အားကိုရာအဖြစ် ဘုရင်ကြီးက မှတ်ယူတယ်။ ပြသနာတွေ ဖြစ်လာတိုင်းမှာ ဒုတိယမြောက် မိဘုရားနဲ့ တိုင်ပင်လေ့ရှိပြီး မိဘုရားကလည်း အမြဲကူညီဖြေရှင်းပေးပါတယ်။ ပထမဦးဆုံး မိဘုရားကတော့ ဘုရင်ကြီးအပေါ်မှာ တော်တော်သစ္စာရှပါတယ်။ ဘုရင်ကြီးရဲ့ အုပ်ချုပ်ရေး ပိုင်းတွေမှာ ပါဝင်ကိုင်တွယ်ပေးပြီး ဘုရင်ကြီးကိုလည်း နှစ်နှစ်ကာကာကို ချစ်ခင်မြတ်နိုးပါတယ်။ ဒါပေမယ့် ဘုရင်ကြီးကတော့ သူ့ကို တစ်ခြား မိဘုရားတွေလောက် မချစ်ပါဘူး။

တစ်ရက်မှာတော့ ဘုရင်ကြီးစာ အသဲအသန်ကို နာမကျန်း ဖြစ်ပါတယ်။ သူ့ဘ၀သက်တမ်း ကုန်ဆုံးတော့မှာကို သိနေတဲ့ ဘုရင်ကြီးဟာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုတွေ၊ ဇိမ်ရှိရှိ နေခဲ့ရတဲ့ အကြောင်းကို ပြန်လည်စဉ်းစားမိပြီး "ငါ့မှာ မိဘုရား လေးယောက်ရှိတယ်.. ဒါပေမယ့် ငါသေရတော့ တစ်ယောက်ထဲပါလား" လို့ တွေးတော့မိတယ်။ နောက်တော့ သူက သူ့ရဲ့ စတုတ္ထမြောက် မိဘုရားကို ခေါ်ပြီး မေးလိုက်တယ်..

"အချစ်ရေ.. ကိုယ်မင်းကို အချစ်ဆုံးပဲ ဆိုတာ မင်းသိတယ်နော်.. မင်းကို ကောင်းပေ့၊ လှပေ့ဆိုတဲ့ အ၀တ်အစားတွေ၊ အသုံးအဆောင်တွေကို ချီးမြှင့်ခဲ့တယ်၊ မင်းကိုလည်း ငါ အရမ်းဂရုစိုက်ခဲ့တယ်.. မင်း ငါနဲ့ အတူတူလိုက်သေနိုင်မလား" ။ "လုံးဝပဲ" လို့ မိဘုရားက ပြန်ပြောလိုက်တယ်။ နောက်ထပ် စကားတစ်လုံး တစ်ပါတမှ မပြောပဲ လှည့်ထွက်သွားခဲ့တယ်။ သူ့ရဲ့အဖြေစကားဟာ ဘုရင်ကြီးရဲ့ နှလုံးသားကို ဓါးနဲ့မွှန်းသလိုပဲ ခံစားရစေပါတယ်။

ဝမ်းနည်းသွားတဲ့ ဘုရင်ကြီးဟာ ဒုတိယမြောက် မိဘုရားကို ခေါ်ပြန်တယ်။ "ငါဟာ မင်းကို ငါ့ဘ၀နဲ့ ချီပြီးချစ်ခဲ့တယ်။ ခုတော့ ငါသေရတော့မယ်.. မင်း ငါနဲ့တူတူ လိုက်သေနိုင်မလား"။ "မသေနိုင်ပါဘူးရှင်... ဘ၀ဆိုတာ ကောင်းတာတွေကို ခံစားဖို့ ဖြစ်လာတာ..ရှင်သေရင် ကျွန်မ နောက်တစ်ယောက်နဲ့ လက်ထပ်မှာပေါ့" လို့ဖြေလိုက်တယ်။ ဘုရင်ကြီးရဲ့ နှလုံးသားဟာ အေးစက်တောင့်တင်းသွားလေရဲ့။

နောက်တော့ တတိယမြောက် မိဘုရားကိုလည်း ခေါ်လိုက်တယ်။ "ငါဟာ အမြဲတမ်းပဲ မင်းရဲ့ အကူအညီတွေကို ယူခဲ့တယ်.. မင်းကလည်း ပြသနာတွေကို ငါနဲ့အတူတူရင်ဆိုင်ခဲ့တယ်။ ငါနဲ့ တူတူလိုက်သေနိုင်မလား အချစ်ရယ်"။ "၀မ်းနည်းပါတယ်ရှင်.. ဒီတစ်ခါတော့ ကျွန်မ ရှင့်ကို မကူညီနိုင်တော့ပါဘူး.. အဲ ဒါပေမယ့် ရှင့်ရဲ့ အသုဘကိုတော့ ကျွန်မ လိုက်ပို့ပေးပါ့မယ်.. ရှင့်ရဲ့ အုတ်ဂူဆီသို့လည်း ကျွန်မ လာပါ့မယ်" လို့ ပြန်ဖြေလိုက်တယ်။ ဘုရင်ကြီးဟာ အတော်လေးကို စိတ်ဆင်းရဲသွားတယ်။

အဲဒီအချိန်မှာပဲ "ကျွန်မ ရှင်နဲ့ အတူတူလိုက်သေမယ်.. ရှင်ဘယ်သွားသွား ရှင့်နောက်က ကျွန်မလိုက်ဖို့ အသင့်ပါပဲ" ဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ ဘုရင်ကြီးဟာ ချက်ချင်းပဲ ခေါင်းထောင်ကြည့်လိုက်တယ်။ သူ့ရဲ့ ပထမဆုံး မိဘုရားကို သူတွေ့လိုက်ရတယ်။ သူမဟာ အတော်လေးကို ပိန်လှီးနေပြီး ဝေဒနာ ခံစားနေရပုံ ပေါက်နေတယ်။ ဘုရင်ကြီးဟာ နောက်ဆုံး အနေနဲ့ သူမကို ပြောလိုက်တယ် "ငါ မင်းကို ပိုဂရုစိုက်ခဲ့သင့်တာ.. နောက် ဘ၀မှာ အခွင့်အရေး ရှိမယ်ဆိုရင် ငါပြန်လည်ပေးဆပ်ဖို့ မျှော်လင့်ပါတယ်" လို့ပြောလိုက်တယ်။

ပုံပြင်လေးကတော့ ဒါပါပဲရှင်။ ဟုတ်ပါတယ်။ ကျွန်မတို့တွေရဲ့ ဘ၀မှာ ဇနီးလေးယောက်ရှိပါတယ်...

စတုတ္ထမြောက် ဇနီးကတော့ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာပါပဲ.. သူ့ကို ဘယ်လောက်ပဲ ကောင်းကောင်း ကျွေးမွေး ပြုစုခဲ့ပါစေ.. သေသွားတဲ့ တစ်နေ့မှာတော့ ထားခဲ့ရတာပါပဲ။

တတိယမြောက် ဇနီးကတော့ ကျွန်မတို့ရဲ့ ပိုင်ဆိုင်မှုတွေပါ။ ကိုယ်သေသွားတဲ့ အချိန်မှာ တစ်ပါးသူ လက်ထဲရောက်သွားတာပဲလေ။

ဒုတိယမြောက် ဇနီးကတော့ ကျွန်မတို့ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေပေါ့။ အသက်ရှင်နေစဉ်မှာ အနားမှာရှိပြီး ဘယ်လောက်ပဲ ကောင်းခဲ့ ကောင်းခဲ့၊ သူတို့တွေ ကိုယ့်အတွက် အများဆုံး လုပ်ပေးနိုင်တာကတော့ ကိုယ်သေသွားတဲ့အချိန်မှာ အသုဘ လိုက်ပို့မယ်.. နောက်တော့ အုတ်ဂူလေးဆီလာကြမယ်.. ဆုတောင်းပေးကြမယ်။

အဲ. ပထမဆုံး ဇနီးကတော့ ကျွန်မတို့တွေရဲ့ ၀ိညာဉ်.. စိတ်ပဲပေါ့ရှင်။ သူ တစ်ခုတည်းကသာ သေသွားတဲ့ အချိန်မှာ ကိုယ်သွားရာနောက်ကို လိုက်နိုင်တဲ့ သူတွေပေါ့။

အဲဒီတော့ ကျွန်မတို့တွေ လုပ်သင့်တာက ကိုယ့်ရဲ့ စိတ်ဓါတ်၊ စိတ်အင်အားကို ခုကတည်းက တောင့်တင်းခိုင်မာအောင် လုပ်ကြဖို့ပါပဲ။ ပြောရမယ်ဆိုရင် ကိုယ်သေချိန်မှာ ဘ၀ကူးကောင်းအောင် ခုကတည်းက ပြင်ဆင်ထားသင့်တာပေါ့။ ကျွန်တို့ ကျင်လည်ရာ သံသရာမှာ သူကသာ အဓိက ဖြစ်ပါတယ်။ ခရစ်ယန်တွေရဲ့ အလိုတော်အရ ပြောရမယ်ဆိုရင်တော့ ဘုရားသခင်က ပြန်လည်ရှင်သန်ထမြောက်ဖို့ရာ အခွင့်အရေးပေးတဲ့ တစ်နေ့မှာ ကိုယ်ဟာ ဒီအတွက် အဆင်သင့်နဲ့ အကောင်းဆုံးဖြစ်နေမှာပဲပေါ့။

Sunday, September 14, 2008

A New Quotable Woman

ခုတစ်လော ကျွန်မလည်း ဦးတင့်ပြောသလို ကံနိမ့်နေတယ်ထင်တယ်။ ပြောလိုက်သမျှ၊ ရေးလိုက်သမျှတွေက အနှောင့်အသွားကို မလွတ်ဘူးဖြစ်နေတယ်။ တမင်တကာ ရည်ရွယ်တာလည်း မဟုတ်ရပါပဲနဲ့ လူပြောသူပြော များချင်စရာ ဖြစ်နေတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ကလည်း အတွေးအခေါ်တွေ အမြင်တွေ မတူနိုင်ကြတော့ ပဋိပက္ခတွေများကြတာလည်း ဆန်းတော့ မဆန်းပါဘူးလေ။ ထားပါတော့။ ကျွန်မ မနေ့က စာအုပ်ဆိုင်မှာ ၀င်မွှေရင်း မှတ်မှတ်သားသား မိန်းမတို့ ပြောသောစကားဆိုတဲ့ စာအုပ်ကလေးကို တွေ့တော့ သဘောကျပြီး ၀ယ်လာမိတယ်ရှင့်။ အဲဒီထဲက တစ်ချို့စာသားလေးတွေကို ကြိုက်တာနဲ့ ဒီမှာပြန်လည် မျှဝေပေးလိုက်ပါတယ်ရှင်။

နောက်ခုံမြင့် ဖိနပ်တွေသာ အံ့သြစရာ ဖြစ်နေဦးမယ်ဆိုရင် ပုရိသတွေ စီးနေကြဦးမှာပဲ။
(ဆူး ဂရပ်ဖ်တန် - အမေရိကန် စာရေးဆရာမ)

မိမိရဲ့ နဖူးထက်မှာ အတွန့်တွေ အရေးကြောင်းတွေ ထင်ချင်ထင်နေပါစေ၊ နှလုံးသားပေဓမှာတော့ အရေးကြောင်းတွေ မထင်စေနဲ့၊ စိတ်ဓါတ်ကို အိုမင်းရင့်ရော် မသွားပါစေနဲ့။
(တယ်လင် ရိုလင် )

အသက်ဘယ်လောက်ကြီးပြီဆိုတာ အရေးမကြီးဘူး၊ ဘယ်လိုအသက်ကြီးနေလဲဆိုတာ အရေးကြီးတယ်။
(မေရီ ဒရက်ဆလာ - အမေရိကန် အသံတိတ်ရုပ်ရှင် မင်းသမီး)

လှပတဲ့ မိန်းကလေးတွေအကြောင်းပဲ ပြောခဲ့ကြတယ်၊ တေးဖွဲ့ခဲ့ကြတယ်၊ အသက်ကြီးကြီး အမျိုးသမီးတွေရဲ့အလှကို စာဖွဲ့ဖို့ စိတ်ကူးမရကြဘူးလား။
(ဟာရိယက် ဘီချာစတိုဗီ - အမေရိကန် ငွေဝယ်ကျွန် ပပျောက်ရေး စာရးဆရာမကြီး)

နိုင်ငံရေးလောကမှာ တစ်ခုခုပြောချင်ရင် ယောင်္ကျားတစ်ယောက်ကို သွားမေးပါ၊ တစ်ခုခုလုပ်ချင်တယ်ဆိုရင် အမျိုးသမီးတစ်ယောက်ကို မေးပေတော့။
(မာဂရက် သက်ချာ - ဗြိတိန် ၀န်ကြီးချုပ်ဟောင်း)

ဘ၀ဆိုနာ စွန့်စားမှုကို ဖြစ်ပေါ်စေမယ့် ဆန္ဒ တိုက်ပွဲတစ်ရပ် ဖြစ်သင့်တယ်။ အဲဒီစွန့်စားမှုတွေရဲ့ မြင့်မြတ်မှုဟာ ၀ိညာဉ်ခွန်အားကို ဖွံ့ဖြိုးဖြစ်ပေါ်စေနိုင်တယ်။
(ရီဘက်ကာ ၀က်စ် - အိုင်းရစ်စာရေးဆရာနှင့် သတင်းစာ ဆရာမ)

သူရဲကောင်းကြီးတွှေ နိုင်ငံရေး သုခမိန်ကြီးတွေ၊ ဒသနပညာရှင်ကြီးတွေ ပေါ်ပေါက်လာစေရန် ဥာဏ်ပညာဖြင့် ပြည့်စုံသော အမျိုးသမီးများ ရှိနေရန် လိုအပ်သည်။
(အာဘီဂေး အဒမ်းစ် - အမေရိကန် သမတ ကတော်ဟောင်း)

အမျိုးသမီး တစ်ဦးအား ပညာသင်ပေးခြင်းသည် အိမ်ထောင်စု တစ်စုအား ပညာသင်ပေးလိုက် ခြင်းပင်ဖြစ်သည်။
(ဂျီဗီတာ အီတာ - အမေရိကန် သတင်းစာဆရာမ)

ဆက်ပါဦးမယ်ရှင်။ အဲဒီစကားတွေနဲ့ ပတ်သက်ပြီး ငြိစရာပါတယ် ဆိုရင်လည်း သက်ဆိုင်ရာ လူတွေကိုပဲ ပြသနာ သွားရှာလိုက်ကြပါတော့ နော်။

Thursday, September 11, 2008

Belated Birthday Wish (2)

9-Sep-08

တစ်ကယ်က အဲဒီနေ့ဟာ ကိုတက်စ်ရဲ့ မွေးနေ့မှန်း ကျွန်မ မသိခဲ့ပါဘူး။ အဲဒီနေ့ည 9 နာရီကျော်ကျော် လောက်မှာမှ သိခဲ့ရတာပါ။ အဲဒီနေ့ဟာ ကျွန်မတို့အတွက် ပျော်စရာအလွန်ကောင်းပြီး အမှတ်တရဖြစ်ခဲ့ရတဲ့ နေ့လေး တစ်နေ့လည်း ဖြစ်ပါတယ်။ အဲဒီနေ့က နေ့လည် ထမင်းစားချိန်ကြီး.. ကျွန်မ ထမင်းစားခန်းးထဲမှာ ထမင်းစားနေတုန်း ဧည့်သည်လာတယ်ဆိုလို့ သွားလည်းတွေရော ကိုဘလာဂေါက်တို့ ဖိုးသူတော်တို့ကို ဧည့်ခန်းထဲ မိန့်မိန့်ကြီး ထိုင်နေတာ တွေလိုက်ရပါရဲ့။ သူတို့နဲ့အတူ အမကြီးတစ်ယောက်လည်း ပါလာတယ်။

"ပင့်ကူ ဒါမနိုင်နိုင်းစနေလေ " လို့ ကိုဘလာဂေါက်လည်း မိတ်ဆက်ပေးရာ.. ဟာ အမ ဆိုပြီး လက်ကလေး ပြေးကိုင်မိတယ်။ မနိုင်းကို ဓါတ်ပုံထဲမှာတော့ တွေ့ဖူးပေမယ့် ရုတ်တရက်ကြီးဆိုတော့ အပြင်မှာ မမှတ်မိလိုက်ဘူး ဖြစ်သွားတယ်။ "ပင့်ကူလေးကို ညနေ M3 လိုက်ခဲ့ဖို့ လာခေါ်တာ၊ ပင့်ကူက အပြင်မှာ ဓါတ်ပုံထက်မှာထက် ကြီးတယ်နော်" တဲ့။ ပင့်ကူ နင်ဘာတွေ လုပ်ထားလဲ လို့တောင် ကျွန်မကို ၀ိုင်းနောက်ကြပါသေးတယ်။ " လာခဲ့မှာပေါ့ အမရယ်.. ရုံးဆင်းတာနဲ့ ချက်ချင်း လိုက်ခဲ့မယ်လို့" ကျွန်မပြန်ဖြေအပြီးမှာတော့ ကော်ဖီသောက်ချင်တယ် ကော်ဖီတိုက်လို့ လူဆိုးကြီးတွေက ပြောလို့ ကော်ဖီတိုက်လိုက်ရသေးတယ်.. ဟွန်း။

အဲဒီနေ့က ကျောင်းဖျက်ပြီး M3 လိုက်သွားလိုက်တယ်။ ဟိုရောက်တော့ သိပ်မရှာလိုက်ရပါဘူး။ အကိုကြီးတွေလေ အမကြီးတစ်ယောက်ပါတယ်လို့ ပြောလိုက်တာနဲ့ Waiter လေးက ချက်ချင်းကို သိတာပါပဲ။ သူတို့သီချင်းဆိုနေတဲ့ အခန်းနားကို ရောက်တော့ ကြားလိုက်ရတဲ့ သီချင်းသံကြောင့် အခန်းများမှားပြီးလား လို့တောင်တွေးမလိုက်မိပါသေးတယ်။ သီချင်းကြီးကလည်း ဇတ်သီချင်းကြီး.. " အိုဒေ၀စ္ဆာရာ.. အို အို အို ဒေ၀စ္ဆာရာ အိုး အိုး အိုး အို ဒေ၀စ္ဆာရာ.. တဲ့"။ ကျွန်မတို့တွေ M3 မှာ ခဏ ခဏ ကာရာအိုကေ သွားဆိုနေကျပါ။ တစ်ခါမှ ဘယ်သူမှ ဒီလိုသီချင်း မဆိုဖူးဘူး။ မထူးပါဘူးလေဆိုပြီး တံခါးလေးလည်း ဖွင့်ကြည့်လိုက်တော့ အား ပါး ပါး ကိုဘလာဂေါက်က အပီအပြင်ကိုဟဲနေပြီး ကျန်တဲ့ သူတွေကလည်း ကွေးနေအောင်ကို ကနေကြပါတယ်ရှင့်။ ကျွန်မလည်း ဘယ်နေလိမ့်မတုန်း ရောက်ရောက်ချင်း ၀င်နွှဲလိုက်တာပေါ့။ ကိုတက်စလာ၊ ကိုမျက်စိ တို့လည်းရောက်နေတာ တွေ့ရတယ်။ ကိုတက်စ်ကတော့ မျိုးကျော့မြိုင်သီချင်းတွေနဲ့ ရက်ပါ လုပ်ပါတယ်။ ကိုမိုးလှိုင်ညကတော့ ထူးအိမ်သင် သီချင်းတွေကို ကန်ထရိုက်ဆွဲတယ်၊ ကိုမျက်စိကလည်း မျိုးကြီးမှ မျိုးကြီးပါပဲ၊ ဖိုးသူတော်ကတော့ Yo Yo နဲ့ Hip Hop တွေဟဲနေလေရဲ့။ ကိုဘာလာဂေါက်လည်း လေးဖြူ သီချင်းတွေ အပြတ်ဆိုလို့၊ ခဏနေတော့ စိုးဇေယျ ရောက်လာပြီး "ရောဂါ ရောဂါ" နဲ့ စဆိုပါတော့တယ်။ သူ့မှာပါလာတဲ့ SLR Camera ကြီးနဲ့ လူတွေကို ရုပ် မဆိုး ဆိုးအောင်လည်း ဓါတ်ပုံတွေ လိုက်ရိုက်နေသေးတယ်။ Blogger Gossip မှာထည့်မလို့တဲ့လေ။ မနိုင်နိုင်းကလည်း တရုတ်သီချင်းတွေ ဟဲပါတယ် "ချန်ကော်လိုင် ချန်းကော်လိုင်" ဆိုတာပဲ မှတ်မိတော့တယ်။ ကျန်တဲ့ သူတွေ တရုတ်သီချင်းမှ မရတာ ၀ူးဝါး ၀ူးဝါး လိုက်အော်ကြတာပေါ့။

ခဏလည်းနေရော "အေးမြတဲ့ ဆောင်းတစ်ညမှာ မီးရောင်စုံစုံ… " ဆိုတဲ့ သီချင်းလည်းလာရော အကုန်လုံး ရှမ်းအက ထက ကြပါတော့တယ်။ ကျွန်မကလား…မကပါဘူး.. သီချင်းပဲဆိုပေးတာ.. တစ်ကိုယ်လုံး ခါပြီးတော့လေ.. ဟား ဟား။

M3 မှာသီချင်းဆိုပြီးတော့ ထွက်လည်းလာရော ကိုညီလင်းဆက်က ဟေ့ကောင်တွေ ငါလာနေပြီ ဘယ်ကို လိုက်ခဲ့ရမတုန်း လို့ ဖုန်းဆက်လာပါတယ်။ အင်းလျားလမ်းက ကျွန်မတို့ စားသောက်နေကျ Friendship မှာပဲ ညစာစားရင်း ဆုံဖို့သတ်မှတ်လိုက်ကြပြီး ဒုတိယပိုင်း အစီအစဉ် အနေနဲ့ အဲကို ချီတက်ကြပါတယ်။ ကျွန်မတို့လည်းရောက် ကိုညီလင်းဆက်လည်းရောက်ပါပဲ။ အဲမှာ အစာစားရင်း စကားများရင်းပေါ့ရှင်။ ကျွန်မ ဘလောဂ့်ပိတ်ထားတဲ့ အကြောင်းတွေရော၊ တစ်ခြား နိုင်ငံရေးဓ၊ စီးပွားရေး၊ အချစ်ရေး ဘာညာ ဘာညာ ပြောကြဆိုကြ ငြင်းကြနဲ့ ပြန်ကြမယ် ပိုက်ဆံရှင်းကြမယ်လည်း ဆိုရော မနိုင်းက ထအော်ပါတယ်.. ဒီနေ့တက်ဆလာ မွေးနေ့ဆိုတဲ့။ အဲတော့ မှ ဟေးးးးးးးးးးးး ဟုတ်သားပဲ ဆိုပြီး ဖြစ်သွားကြ။ မွေးနေ့ဆုတောင်းပေးကြ၊ ပိုက်ဆံရှင်းတော့ ကိုညီလင်းဆက်က တစ်ဝက်စိုက်ပေးလိုက်တယ်.. ကိုတက်စ်ကို သနားလို့တဲ့.. အဟားးးးးးးးးး။ Happy Belated Birthday ပါ ကိုတက်စ်ရေ။ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ အောင်မြင်မှုတွေ ရရှိနိုင်ပါစေရှင်။ အဲဒီနေ့က ကိုတက်စ်ပြောလိုက်တဲ့ စကားလေး တစ်ခွန်းက အမှတ်ရစရာ ကောင်းပါတယ်။ ဘယ်အကြောင်းကနေ ဘယ်လိုဆက်စပ်ပြီး ပြောမိတာလဲ ဆိုတာတော့ ကျွန်မလည်း မမှတ်မိတော့ဘူးရှင့်။ သူပြောခဲ့တာလေးက..

"လောကမှာ ကိုယ့်ကို အမှန်တစ်ကယ် လေးစားတဲ့သူ၊ ကိုယ့်ရဲ့မိတ်ဆွေစစ်ဖြစ်သူ၊ ကိုယ့်ကိုအမှန်တစ်ကယ် ယုံကြည်သူတွေဟာ ကိုယ်တစ်ခုလုပ်လိုက် ပြောလိုက်တာနဲ့ ဘာကိုဆိုလိုတယ် ဘာကိုပြောချင်တယ်ဆိုတာ နားလည် လိမ့်မယ်.. ကျန်တဲ့သူတွေကတော့ အမြင်စောင်းကြမယ်.. နားလည်မှုလွဲကြမယ်.. ကိုယ့်စကားအလုံး တစ်ထောင်မှ 999 လုံးကမှန်ပြီး 1 လုံးလေး လွဲနေရင်တောင် ဒါကိုပဲ တက်နင်းပြီး ပြသနာရှာကြလိမ့်မယ်.. သူတို့ကိုရှင်းပြရင် လေကုန်တာပဲ အဖတ်တင်မယ်.. ရှင်းပြနေမယ့်အစား ကိုယ့်လုပ်စရာကိုဆက်လုပ် နောက်ပိုင်းမှာ သိလာကြလိမ့်မယ်" ဆိုတဲ့ စကားလေးကို ကျွန်မ တော်တော်သဘောကျမိပါရဲ့။

Belated Birthday Wish (1)

Photobucket

06-Sep-08.. ကျွန်မသိပ်ချစ်တဲ့ သူငယ်ချင်းရဲ့ 26 နှစ်မြောက်မွေးနေ့ပါ။ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်အနေနဲ့ ခုချိန်မှာမှ မွေးနေ့ဆုတောင်းပေးတာဟာ ခွင့်မလွတ်နိုင်လောက်အောင် တရားလွန်ရာရောက်မှန်းတော့ ကျွန်မသိပါတယ်။ ဒါပေမယ့် ချစ်ဆုံးရဲ့မွေးနေ့တုန်းက ကျွန်မစိတ်တွေ အရမ်းညစ်နေခဲ့တယ်။ မပြောချင်ပဲ ပြောလိုက်ရတဲ့ စကားလေးတစ်ခွန်းကြောင့် ဘလောဂ့်လောကကြီး ဗြောင်းဆန်သွားခဲ့သလို ကျွန်မလည်း ထိချက်တွေ တော်တော်ပြင်းပြင်း ခံခဲ့ရတယ်။ "အေးဆေးနေပါဟာ မောရင်ပါးစပ်ပိတ်သွားလိမ့်မယ်.. နင်စိတ်မကောင်း မဖြစ်နဲ့နော်လို့" ကျွန်မကို ပြန်အားပေးနေခဲ့တဲ့ သူ့ကို ကျွန်မရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိရုံမက ပိုပြီးတောင် ချစ်မိသွားသေးတယ်လေ။ "Happy Birthday Chit Sone" ဆိုတဲ့ စကားလေးကိုတောင် ည 11 နာရီကျော်.. သူ့မွေးနေ့ပြီးဆုံးခါနီးမှ ကျွန်မ သွားပြောမိတာပါ။ "နင် ငါ့မွေးနေ့ကို မေ့မနေတာပဲ တော်ပါပြီ" လို့ ကျွန်မကို ပြန်ပြောခဲ့ပေမယ့်.. ကျွန်မစိတ်မကောင်း ဖြစ်ရတုန်းပါပဲ။ ကျွန်မ မွေးနေ့တုန်းကဆို သူများထက် စောပြီးဆုတောင်းချင်လို့ဆိုပြီး မနက်အစောကြီး လာဆုတောင်းပေးခဲ့တာလေ။ ကျွန်မတို့နှစ်ယောက်က အွန်လိုင်းပေါ်မှာ ရင်းနှီးခဲ့တာ ဖြစ်ပေမယ့် အပြင်က သူငယ်ချင်းတွေထက်ကို ပိုပြီးချစ်ခင်မိကြတယ်။ သူများတွေနဲ့ မတူချင်လို့ဆိုပြီး "လဒရေ" လို့ နောက်ပြောင်ခေါ်တတ်ကြတယ်။ တစ်ခြားသူငယ်ချင်းတွေဆို ဂျူဂျူးနဲ့ နင်နဲ့က တစ်ယောက်ကို တစ်ယောက် လဒရေ လို့ခေါ်တယ်ဆို ဆိုပြီး တအံ့တသြ မေးကြတိုင်း ကျွန်မတို့နှစ်ယောက် ရီလိုက်ရတာ။ မှတ်မှတ်ရရ နာဂစ်တိုက်တဲ့ညတုန်းက သူကလည်း ဘန်ကောက်ကပြန်ရောက်နေချိန်၊ ကျွန်မကလည်း သူ့အိမ်မှာ သွားအိပ်တဲ့နေ့နဲ့ ကြုံနေခဲ့တယ်လေ။ အိပ်ရာပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အတင်းဖက်ပြီး ကြောက်နေခဲ့တာကို အမှတ်ရနေသေးတယ်။ ကျွန်မတောင် သူ့အိမ်မှာ ရက်တော်တော်ကြာ သောင်တင်နေခဲ့ပါသေးတယ်။

အဲဒီကျွန်မရဲ့ အခင်ဆုံး၊ အချစ်ဆုံး သူငယ်ချင်းဆိုတာ "လတ်တလော ခံယူချက်များ" မှာတုန်းက

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက………… ထိုင်းမှာလေ၊ ABAC မှာ ကျောင်းတက်နေတယ်…

လို့ရေးခဲ့တော့ တော်တော်များများက ကျွန်မကို ဂျီတော့မှာ လာမေးပါတယ်။ ဘယ်သူတုန်း၊ ဘယ်ကတုန်းပေါ့။ ဟုတ်ကဲ့ အခုကျွန်မ မွေးနေ့ဆုတောင်း ရေးပေးနေတဲ့ သူငယ်ချင်းပါရှင်။ ဂျူဂျူးရေ နင့်ရဲ့ 26 နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ တိုင်အောင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ (ငါ့လို) ချစ်စရာ ကောင်းတဲ့သူငယ်ချင်းတွေလည်း များများရပါစေဟာ။ ငါနဲ့လည်း တစ်သက်လုံး ချစ်ချစ်ခင်ခင် နေသွားနိုင်ပါစေ။

Thursday, September 4, 2008

လတ်တလော ခံယူချက်များ

ခုတစ်လော ကျွန်မ ဘလောဂ့်မှာ တော်တော် သောင်းကျန်းခြင်းခံနေရတယ်။ စီမီနာမလုပ်ဖြစ်တာ သတင်းမှားကြောင်းလေး ဖြေရှင်းချက် တင်မိပါတယ်.. ဟိုဘက် ဒီဘက် ဘက်တော်သားများရဲ့ သူတို့အချင်းချင်း ထုထောင်းဖို့ Pinkgold စစ်မြေပြင်ဖြစ်သွားတယ်။ တော်တော်လည်း စိတ်ညစ်သွားတယ်။ ဒီတော့ လူတွေကိုလည်း အာရုံပြောင်းအောင်၊ ကိုယ်လည်း စိတ်ချမ်းသာအောင် ဆယ်တန်းတို့ First Year တို့တုန်းက အသေလုပ်ခဲ့ဖူးတဲ့ ရေးပေးပါ ဆိုတာလေးကို အောင်မျိုးဟန်နဲ့ ကိုသီဟန်က တက်လို့ ရေးပေးလိုက်ပါတယ်ရှင်။

ကိုယ့်ရဲ့နာမည် ………… Pink Gold (နာမည်တွေသိချင်ရင် Me and My Names ကိုဖတ်)
ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် ………… လာပါအုံး
ကိုယ်ဒီမှာနေတယ်………… ရန်ကုန်မှာလေ တိုက်ခန်းငှားနေတယ်
ကိုယ့်ဆီဖုန်းဆက်ချင်ရင်………… Nokia နဲ့ပဲ ဆက်နော်

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက

အရောင်ဆိုရင်…………...... ဖြူ၊ ပြာ၊ နက်
အ၀တ်အစားဆိုရင်………… ဂျင်းဘောင်းဘီ အတို၊ အရှည်၊ ကွာတား၊ ဒူးလောက်၊ ပေါင်လောက် အကုန်ဝတ်
အစားအစာဆိုရင်………….. ကြေးအိုး
ပစ္စည်းဆိုရင်…………........ ကောင်းကောင်းလေးတွေ
သီချင်းဆိုရင်…………........ Hip Hop/ R & B/ Pop
စာရေးစာဆရာ…………...... တော်တော်များများ ကြိုက်ပါတယ်
စာအုပ်………….................ကြိုက်တာများတယ်
Life style…………........... လူတွေ လေးစား၊ အားကျရတဲ့ ဘဝ
ကိုယ့်ရဲ့ဝါသနာ…………...... စာဖတ်တာ၊ သီချင်းဆိုတာ အာပလာရိုက်တာ
အလိုချင်ဆုံးလက်ဆောင်………… HP Laptop၊ ဘဘောဂ့်ဂါ အကိုကြီး တစ်ယောက်က ပေးမယ်လို့ပြောတဲ့ ဖက်လို့လည်းရ.. ခွလို့လည်းရတဲ့ အရုပ်အကြီးကြီး (ဟဲဟဲ)

ကိုယ့်ရဲ့ အချစ်ဆုံးသူက………… အချစ်ဆုံး "သူ"
ကိုယ့်ရဲ့ အလေးစားဆုံးသူက………… အဖေနဲ့ အမေ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက………… ထိုင်းမှာလေ၊ ABAC မှာ ကျောင်းတက်နေတယ်
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက………… မရှိသေးဘူး
ကိုယ့်ရဲ့ အမုန်းဆုံးသူက………… အမုန်းဆုံးသူ မရှိသေးဘူး
ရင်အခုန်ဆုံးအချိန်………… ရင်မခုန်ရင် သေသွားမှာပေါ့
အကြောက်ဆုံးအချိန်………… မဖြစ်ချင်တာတွေ ဖြစ်လာတဲ့အချိန်
အပျော်ဆုံးအချိန်………… ကိုယ်လုပ်လိုက်တဲ့ ကိစ္စတစ်ခု အောင်မြင်သွားတဲ့ အချိန်
အမှတ်တရနေ့…………… မရှိသေးဘူး
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု………… အိုဘားမားနဲ့ ညားပါစေ
အချစ်ဆိုတာ………… ထိ၊ ခိုက် ရှ လွယ်တဲ့ ခံစားချက်
အမုန်းဆိုတာ………… မရှိတာ ကောင်းတယ်
အလွမ်းဆိုတာ………… ပူလောင်တယ်
သံယောဇဉ်ဆိုတာ………… သံတွေရောထားတဲ့ တံစဉ်း
ဘ၀ဆိုတာ………… ဘ ရေ ဘ..  ၀ ရေ ဝ
သူငယ်ချင်းဆိုတာ………… ပေါဖော် ပေါဖက်
ချစ်သူဆိုတာ………… ချစ်ရတဲ့ "သူ"
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်………… ရုပ်ချော၊ သဘောကောင်း၊ တော်လည်းတော်
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က………… အစွဲမရှိဘူး
အပြောချင်ဆုံးစကားတစ်ခွန်း………… ပြောရင်ကော လိုက်လုပ်ကြမှာ မို့လို့လား..

ကဲ… ကျေနပ်တော့ အောင်မျိုးဟန်နဲ့ ကိုသီဟန်ရေ။