Monday, September 22, 2008

Miss People Style Competition and Me!

Miss People ဆိုတာ စတိုင်လ်ကိုဦးစားပေးတဲ့ ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး၊ စတိုင်လ်မိုက်တဲ့ အချောအလှလေးတွေကို မြန်မာမှာသာမက ကမ္ဘာမှာပါ နာမည်ကြီးကျော်ကြားစေဖို့ People Magazine ကဖော်ထုတ်ပေးမယ့်ပွဲတစ်ခုပါ။ ဖက်ရှင်ဒီဇိုင်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး Stylist အနေနဲ့ပဲ ဖြစ်ဖြစ်၊ မော်ဒယ်လ်တွေနဲ့ပေါင်းပြီး အဖွဲ့လိုက်ဖြစ်ဖြစ်၊ ကိုယ်တိုင်မော်ဒယ်လ်လုပ်ပြီးတော့ပဲ ဖြစ်ဖြစ် ဖက်ရှင်နဲ့စတိုင်လ်ကိုအသားပေးလို့ ၀င်ရောက်ယှဉ်ပြိုင်နိုင်မယ့် တစ်ခုတည်းသော ပွဲကြီးဖြစ်ပါတယ်။ Miss People ပြိုင်ပွဲကြီးကို 2006ခုနှစ်လောက်မှစပြီး ခြိမ့်ခြိမ့်သဲသဲကျင်းပခဲ့တာ အခုဆိုရင် သုံးနှစ်ရှိခဲ့ပါပြီ။ 2006 ခုနှစ်ရဲ့ Miss People ရွေးချယ်ပွဲကိုတော့ Traders Hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ 2007 ခုနှစ်မှာတော့ The Strand မှာ အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ Miss People Style Competition မှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး ဆုများရရှိခဲ့ကြသော မော်ဒယ်လ်တွေဟာလည်း ယခုအချိန်မှာ အောင်မြင်ကျော်ကြားသော မော်ဒယ်လ်များအဖြစ် မော်ဒယ်လ်လောကမှာ ရည်တည်နေပြီ ဖြစ်ပါတယ်။ မြန်မာ People Magazine ရဲ့ တတိယအကြိမ်မြောက် Miss People 2008 ပြိုင်ပွဲကြီးကိုတော့ ရန်ကုန်နဲ့ မန္တလေး မြို့များမှာ တခမ်းတနား ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ ရည်ရွယ်ချက်ကတော့ စတိုင်လ် အမိုက်ဆုံး၊ အချောဆုံး၊ အဖြောင့်ဆုံး မဒီလေးများကို မြန်မာမှာသာမက ကမ္ဘာမှာပါ ကျော်ကြားသွားအောင် People Magazine မှ ဖော်ထုတ် ပေးလိုပါတယ်။ အရင်နှစ်တွေကလိုပဲ ဖက်ရှင်နဲ့ ဒီဇိုင်းပညာရှင်တွေဟာ Stylist အနေနဲ့ပဲ ဖြစ်ဖြစ်၊ မော်ဒယ်လ်နဲ့ ပေါင်းပြီး အဖွဲ့လိုက်ပဲ ဖြစ်ဖြစ်၊ ကိုယ်တိုင် မော်ဒယ်လ် လုပ်ပြီးတော့ပဲ ဖြစ်ဖြစ် ဖက်ရှင်နဲ့ စတိုင်လ်ကို အသားပေးလို့ ပါဝင် ယှဉ်ပြိုင်နိုင်ခြင်းဟာ ဒီပွဲရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။ အလှအပခံစားတတ်တဲ့၊ ဖက်ရှင်ကို စိတ်ဝင်စားတဲ့ လူတွေအားလုံး လာလို့ရအောင် ပွဲဝင်ကြေးကို မသတ်မှတ်ပဲ အခမဲ့ စီစဉ်ပေးထားပါတယ်။ မျှော်လင့်မထားလောက်အောင် ထူးခြားရင်ခုန်စေမယ့် အစီအစဉ်များကိုလည်း ဖန်တီးတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ်အားလုံး ပျော်ရွှင်ကျေနပ်စေမှာ သေချာပါတယ်။

တစ်ကယ်တော့ Miss People ရွေးချယ်ပွဲ ဆိုတာနဲ့ ရင်းနှီးနေတာ 2006 ကတည်းကပေါ့။ အဲဒီတုန်းကတော့ People Magazine က ကြီးမှူးပြီး လုပ်တဲ့ ဒီပွဲကြီးကို ပရိတ်သတ် တစ်ယောက်အနေနဲ့ သွားအားပေးခဲ့တယ်လေ။ Traders Hotel မှာ တစ်ခြားပွဲ တွေနဲStage အပြင်အဆင်ဋ္ဌ၊ အံ့မခန်းလောက်တဲ့ ပရိတ်သတ်အင်အား၊ လာပြိုင်တဲ့ မိန်းကလေးတွေရဲ့ စတိုင်လ် အမိုက်စားလေးတွေကို ငေးကြည့်ခဲ့ရတယ်။ တော်တော်ကောင်းတဲ့ ပွဲကြီးပါလားလို့လည်း မှတ်ချက်ချခဲ့တယ်။ အနုပညာရှင်တွေ၊ အောင်မြင်ကျော်ကြားတဲ့ ဒါရိုက်တာကြီးတွေ၊ တစ်ခြား နာမည်ကြီး မော်ဒယ်လ်တွေ တော်တော်များများနဲ့ အတော်လေးကို စည်ကားတဲ့ ပွဲဖြစ်ခဲ့တယ်။ ဒီပွဲက မွေးထုတ်ပေးလိုက်တဲ့ မော်ဒယ်လ်တွေကလည်း နာမည်ကြီးသွားချည်းပဲ။ ပြိုင်ပွဲဝင်တဲ့ သူတွေအတွက်ကော၊ ပွဲကြည့်ပရိတ်သတ်တွေ အတွက်ပါ ရင်ခုန်ပျော်ရွှင်ရတဲ့ ပွဲမို့လို့ 2006 မှာကတည်းက ကျွန်မဒီပွဲကြည့်ရတာကို နှစ်ခြိုက်ခဲ့တယ်။

2007 ကိုရောက်လာတော့ ကျွန်မပါဝင်ဆင်နွှဲပုံက တစ်မျိုးရှင့်။ အဲဒီတုန်းက ကျွန်မက TONI&GUY မှာ Brand Executive တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေခဲ့တာလေ။ Miss People 2007 ပြိုင်ပွဲမှာ စပွန်စာ ပေးခဲ့လို့ VIP တစ်ယောက်အနေနဲ့ ဒီပွဲကြီးကို တက်ရောက်ခဲ့တာပေါ့။ အဲဒီတုန်းက Miss People ပွဲကို The Strand Hotel မှာ ကျင်းပခဲ့တယ်။ 2007 တုန်းက လုပ်ခဲ့တဲ့ ပွဲကတော့ ကျွန်မမှတ်မိသလောက် သိပ်အဆင်ပြေလှတဲ့ ပွဲမဟုတ်ဘူးရှင့်။ ပွဲကို သတ်မှတ်ချိန်မှာ မစတင်နိုင်ခဲ့ဘူး၊ Lighting Sound System တွေ မကောင်းဘူး။ Presenter ဖြစ်တဲ့ သဇင်နဲ့ ညီနန္ဒ စကားပြောတာ အချိုးမပြေဘူး။ ဒါပေမယ့် ပြိုင်ပွဲဝင် မိန်းကလေးတွေရဲ့ အလှအပ၊ တစ်ခြား ဖျော်ဖြေရေး အစီအစဉ်တွေကြားမှာ ဒါတွေဟာလည်း ပြောစရာ မဖြစ်တော့ဘူး။ အရမ်းတော်တဲ့ Dancer တွေ၊ နာမည်ကြီးအဆိုတော်တွေ၊ ပြိုင်ပွဲဝင်တွေရဲ့ လှပမှုတွေကြောင့် အဆင်မပြေမှုတွေဟာ မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့ရတယ်။

ဟော ခု Miss People 2008 Style Competition ကြီးကို ရန်ကုန်မှာသာမက၊ မန္တလေးမှာပါ ပြုလုပ်တော့မယ်။ ဒီတစ်ခါ ပွဲအတွက် ကျွန်မ ပိုပြီးစိတ်လှုပ်ရှားရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မဟာ ပွဲ Organizer တွေထဲ့ တစ်ယောက်ဖြစ်နေလို့ပါပဲ။ People Magazine ကိုမွေးဖွားပေးရာ Inforithm-Maze Co.Ltd မှာ အလုပ်ဝငိခဲ့တဲ့ ကျွန်မဟာ ခုတော့ Miss People ပွဲရဲ့ အရေးပါတဲ့ နေရာတစ်ခုကနေ ပါဝင်စီမံနေရပြီလေ။ Miss People နဲ့ ကျွန်မရဲ့ ရေစက်ကတော့ ကုန်ပဲ မကုန်နိုင်ပါလားရှင်။ ထူးခြားတဲ့ ရေစက်လို့ ပြောလို့ရတာပေါ့နော်။ စက်တင်ဘာလ 28 ရက်နေ့ တနင်္ဂနွေနေ့မှာ မန္တလေးမှာရှိတဲ့ Hotel Mandalay မှာ Miss People Mandalay ရွေးချယ်ပွဲကို ကျွန်မတို့ သွားရောက်ပြုလုပ်ရတော့မယ်၊ တဖန် အောက်တိုဘာက (11) ရက်နေ့၊ စနေနေ့မှာ ရန်ကုန်က The Strand Hotel မှာ Miss People Yangon ရွေးချယ်ပွဲအတွက် ပြန်လည်းစီမံရအုံးမယ်။

ဒီပွဲအတွက် ကျွန်မတို့ရုံးက ၀န်ထမ်းတွေ အကုန်လုံးနီးပါး အလုပ်တွေ တော်တော်များခဲ့ရတယ်။ သူများထက် ထူးခြားအောင်၊ အစစ အရာရာ အဆင်ပြေအောင် Idea တွေ မွေးထုတ်ခဲ့ရတယ်၊ Meeting ပေါင်းမြောက်များစွာကို နေ့လည်စာလွတ် ပြုလုပ်ခဲ့ရတဲ့ ရက်တွေကလည်း မနည်းတော့ဘူးပေါ့။ ကျွန်မတို့ အတွက် ရင်ခုန်ရမယ့် နေ့လည်း မကြာခင်ရောက်လာတော့မယ်။ ကျွန်မလည်း 26 ရက်နေ့ မှာ ရုံးအဖွဲ့နဲ့ မန္တလေးတက်ပြီး စီစဉ်စရာတွေ စီစဉ်ရတော့မယ်။ ဒီမတိုင်ခင် 3 လအလိုလောက်ကတည်းကလည်း တစ်လ တစ်ခေါက် မန္တလေးသွားပြီး လုပ်စရာတွေကို လေ့လာပြီး လုပ်ခဲ့ရတယ်။ ခုတော့ တစ်ကယ်လုပ်ရတော့မယ်၊ အားလုံး အဆင်ပြေဖို့ မျှော်လင့်တယ်၊ ကြိုးစားခဲ့တာတွေ အောင်မြင်ဖို့ကို မြင်ယောင်မိတယ်။ People အဖွဲ့သားတွေ အကုန်လုံးရဲ့ အစွမ်းအစကို ဒီပွဲမှာ ချပြကြမှာလည်း ဖြစ်တယ်။ ကျွန်မလေ ရင်တွေ အရမ်းခုန်နေမိတယ်။ ဘာကြောင့်လဲဆိုတော့ Miss People 2008 ဟာ မန္တလေးအတွက်၊ ကျွန်မအတွက် ပျော်ရွှင်မှုလေး တစ်ခုလောက်တော့ ပေးနိုင်လိမ့်မယ်လို့ မှတ်ယူထားလို့ပါပဲ။


Winners of Miss People 2006

Miss Style – Aye Myat Thu (She is now at the leading role in Myanmar Model Society)

Image Hosted by ImageShack.us
Miss People – M. Khar Yar

Image Hosted by ImageShack.us

Miss Charming – Zin Sandar Htun

Image Hosted by ImageShack.us

Best Stylist – Su Su Aung

Image Hosted by ImageShack.us

Winners 2007!

Jar San - Miss People

Image Hosted by ImageShack.us

Chan Chan - 1st Runner Up and People's Choice (Now she is very popular both as a model and a singer)

Image Hosted by ImageShack.us

Soe Pyae Pyae San - Second Runner Up ( She is now also a popular Model in Myanmar)

Image Hosted by ImageShack.us



Miss People 2008 တွေဟာ ဘယ်သူတွေ ဖြစ်မလဲ၊ သူတို့တွေဟာ မော်ဒယ်လ်လောကမှ ဘယ်လို အောင်မြင်လာမလဲ ဆိုတာကိုတော့ ကျွန်မတို့ စောင့်ကြည့်ရမှာပေါ့ရှင်။


Miss People Mandalay
- 28-Sep-08
- Hotel Mandalay
- Free Entrance (ကြိုတင်လက်မှတ်ယူပါ)

Miss People Yangon
- 11-Oct-08
- The Strand Hotel
- Free Entrance (ကြိုတင်လက်မှတ် ယူပါ)

Miss People 2008 Official Website ကိုတော့ ဒီနေရာလေးမှာ ကြည့်နိုင်ပါတယ်ရှင်။

4 comments:

tint said...

စိုးပြဲပြဲအောင်နဲ့  အမ်ခါးယားဆိုတဲ့ နာမည်တွေတော့ကြိုက်တယ်

strike said...

စိုးပြဲပြဲအောင် ဆိုမှတော့မပြောတော့ပါဘူး။

MrDBA said...

11 Oct ဆိုတော့ ရန်ကုန်မှာ ရောက်နေလောက်ပြီ။ ကြည့်ချင်လိုက်တာ

Pinkgold said...

Mr DBA.. လာခဲ့ပါရှင်. ရုံးမှာ Ticker လာထုတ်လို့ ရပါတယ်.. တစ်ယောက်ကို နှစ်စောင်နှုန်း ထုတ်ပေးပါတယ်.. လပြည့်ဝန်း ပလာဇာ (10) ထပ် People ရုံးခန်းမှာပါ