Tuesday, September 16, 2008

The 4 wives of our lives

ကျွန်မ ဘလောဂ့်စရေးတုန်းက ဒီပုံပြင်လေးကို အင်္ဂလိပ်လို တင်ခဲ့ဖူးပါတယ်။ မေလ်းထဲကို ရောက်လာတဲ့ ပုံပြင်လေးတစ်ခုကို ယူတင်ခဲ့တာလို့ပဲ ထင်တယ်ရှင့်။ သေချာတော့ မမှတ်မိတော့ဘူး။ အဲဒီအဟောင်းလေးကိုပဲ ဘာသာပြန်ပြီး ထပ်တင်ပေးလိုက်ပါမယ်နော်။ စိတ်ညစ်နေတုန်းလေး အပျင်းပြေပေါ့..

ဟိုးရှေးရှေးတုန်းကပေါ့ မိဘုရားလေးယောက် ရှိပြီး သိပ်ကို ချမ်းသာကြွယ်ဝတဲ့ ဘုရင်ကြီးတစ်ပါး ရှိသတဲ့။ ဘုရင်ကြီးဟာ သူ့ရဲ့ စတုတ္ထမြောက် မိဘုရားကိုတော့ အချစ်ဆုံးဖြစ်ပြီး အကောင်းဆုံး၊ အနုညံ့ဆုံး၊ အချိုမိန်ဆုံး ဆက်ဆံပါသတဲ့။ တတိယမြောက် မိဘုရားကိုလည်း ချစ်တာပါပဲ။ အိမ်နီးချင်း တိုင်းပြည်တွေကိုလည်း တတိယမြောက် မိဘုရားကို ကြွားလေ့ရှိပါတယ်။ ဒါပေမယ့် ဒီမိဘုရားဟာ သူ့ကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ထားသွားခဲ့မှာကိုတော့ သူစိုးရိမ်နေတတ်ပါတယ်။

ဒုတိယမြောက် မိဘုရားကို ချစ်တာကျတော့ တစ်မျိုး.. အဲဒီမိဘုရားကို သူ့ရဲ့တိုင်ပင်ဖော်၊ တိုင်ပင်ဖက်၊ ယုံကြည်အားကိုရာအဖြစ် ဘုရင်ကြီးက မှတ်ယူတယ်။ ပြသနာတွေ ဖြစ်လာတိုင်းမှာ ဒုတိယမြောက် မိဘုရားနဲ့ တိုင်ပင်လေ့ရှိပြီး မိဘုရားကလည်း အမြဲကူညီဖြေရှင်းပေးပါတယ်။ ပထမဦးဆုံး မိဘုရားကတော့ ဘုရင်ကြီးအပေါ်မှာ တော်တော်သစ္စာရှပါတယ်။ ဘုရင်ကြီးရဲ့ အုပ်ချုပ်ရေး ပိုင်းတွေမှာ ပါဝင်ကိုင်တွယ်ပေးပြီး ဘုရင်ကြီးကိုလည်း နှစ်နှစ်ကာကာကို ချစ်ခင်မြတ်နိုးပါတယ်။ ဒါပေမယ့် ဘုရင်ကြီးကတော့ သူ့ကို တစ်ခြား မိဘုရားတွေလောက် မချစ်ပါဘူး။

တစ်ရက်မှာတော့ ဘုရင်ကြီးစာ အသဲအသန်ကို နာမကျန်း ဖြစ်ပါတယ်။ သူ့ဘ၀သက်တမ်း ကုန်ဆုံးတော့မှာကို သိနေတဲ့ ဘုရင်ကြီးဟာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုတွေ၊ ဇိမ်ရှိရှိ နေခဲ့ရတဲ့ အကြောင်းကို ပြန်လည်စဉ်းစားမိပြီး "ငါ့မှာ မိဘုရား လေးယောက်ရှိတယ်.. ဒါပေမယ့် ငါသေရတော့ တစ်ယောက်ထဲပါလား" လို့ တွေးတော့မိတယ်။ နောက်တော့ သူက သူ့ရဲ့ စတုတ္ထမြောက် မိဘုရားကို ခေါ်ပြီး မေးလိုက်တယ်..

"အချစ်ရေ.. ကိုယ်မင်းကို အချစ်ဆုံးပဲ ဆိုတာ မင်းသိတယ်နော်.. မင်းကို ကောင်းပေ့၊ လှပေ့ဆိုတဲ့ အ၀တ်အစားတွေ၊ အသုံးအဆောင်တွေကို ချီးမြှင့်ခဲ့တယ်၊ မင်းကိုလည်း ငါ အရမ်းဂရုစိုက်ခဲ့တယ်.. မင်း ငါနဲ့ အတူတူလိုက်သေနိုင်မလား" ။ "လုံးဝပဲ" လို့ မိဘုရားက ပြန်ပြောလိုက်တယ်။ နောက်ထပ် စကားတစ်လုံး တစ်ပါတမှ မပြောပဲ လှည့်ထွက်သွားခဲ့တယ်။ သူ့ရဲ့အဖြေစကားဟာ ဘုရင်ကြီးရဲ့ နှလုံးသားကို ဓါးနဲ့မွှန်းသလိုပဲ ခံစားရစေပါတယ်။

ဝမ်းနည်းသွားတဲ့ ဘုရင်ကြီးဟာ ဒုတိယမြောက် မိဘုရားကို ခေါ်ပြန်တယ်။ "ငါဟာ မင်းကို ငါ့ဘ၀နဲ့ ချီပြီးချစ်ခဲ့တယ်။ ခုတော့ ငါသေရတော့မယ်.. မင်း ငါနဲ့တူတူ လိုက်သေနိုင်မလား"။ "မသေနိုင်ပါဘူးရှင်... ဘ၀ဆိုတာ ကောင်းတာတွေကို ခံစားဖို့ ဖြစ်လာတာ..ရှင်သေရင် ကျွန်မ နောက်တစ်ယောက်နဲ့ လက်ထပ်မှာပေါ့" လို့ဖြေလိုက်တယ်။ ဘုရင်ကြီးရဲ့ နှလုံးသားဟာ အေးစက်တောင့်တင်းသွားလေရဲ့။

နောက်တော့ တတိယမြောက် မိဘုရားကိုလည်း ခေါ်လိုက်တယ်။ "ငါဟာ အမြဲတမ်းပဲ မင်းရဲ့ အကူအညီတွေကို ယူခဲ့တယ်.. မင်းကလည်း ပြသနာတွေကို ငါနဲ့အတူတူရင်ဆိုင်ခဲ့တယ်။ ငါနဲ့ တူတူလိုက်သေနိုင်မလား အချစ်ရယ်"။ "၀မ်းနည်းပါတယ်ရှင်.. ဒီတစ်ခါတော့ ကျွန်မ ရှင့်ကို မကူညီနိုင်တော့ပါဘူး.. အဲ ဒါပေမယ့် ရှင့်ရဲ့ အသုဘကိုတော့ ကျွန်မ လိုက်ပို့ပေးပါ့မယ်.. ရှင့်ရဲ့ အုတ်ဂူဆီသို့လည်း ကျွန်မ လာပါ့မယ်" လို့ ပြန်ဖြေလိုက်တယ်။ ဘုရင်ကြီးဟာ အတော်လေးကို စိတ်ဆင်းရဲသွားတယ်။

အဲဒီအချိန်မှာပဲ "ကျွန်မ ရှင်နဲ့ အတူတူလိုက်သေမယ်.. ရှင်ဘယ်သွားသွား ရှင့်နောက်က ကျွန်မလိုက်ဖို့ အသင့်ပါပဲ" ဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ ဘုရင်ကြီးဟာ ချက်ချင်းပဲ ခေါင်းထောင်ကြည့်လိုက်တယ်။ သူ့ရဲ့ ပထမဆုံး မိဘုရားကို သူတွေ့လိုက်ရတယ်။ သူမဟာ အတော်လေးကို ပိန်လှီးနေပြီး ဝေဒနာ ခံစားနေရပုံ ပေါက်နေတယ်။ ဘုရင်ကြီးဟာ နောက်ဆုံး အနေနဲ့ သူမကို ပြောလိုက်တယ် "ငါ မင်းကို ပိုဂရုစိုက်ခဲ့သင့်တာ.. နောက် ဘ၀မှာ အခွင့်အရေး ရှိမယ်ဆိုရင် ငါပြန်လည်ပေးဆပ်ဖို့ မျှော်လင့်ပါတယ်" လို့ပြောလိုက်တယ်။

ပုံပြင်လေးကတော့ ဒါပါပဲရှင်။ ဟုတ်ပါတယ်။ ကျွန်မတို့တွေရဲ့ ဘ၀မှာ ဇနီးလေးယောက်ရှိပါတယ်...

စတုတ္ထမြောက် ဇနီးကတော့ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာပါပဲ.. သူ့ကို ဘယ်လောက်ပဲ ကောင်းကောင်း ကျွေးမွေး ပြုစုခဲ့ပါစေ.. သေသွားတဲ့ တစ်နေ့မှာတော့ ထားခဲ့ရတာပါပဲ။

တတိယမြောက် ဇနီးကတော့ ကျွန်မတို့ရဲ့ ပိုင်ဆိုင်မှုတွေပါ။ ကိုယ်သေသွားတဲ့ အချိန်မှာ တစ်ပါးသူ လက်ထဲရောက်သွားတာပဲလေ။

ဒုတိယမြောက် ဇနီးကတော့ ကျွန်မတို့ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေပေါ့။ အသက်ရှင်နေစဉ်မှာ အနားမှာရှိပြီး ဘယ်လောက်ပဲ ကောင်းခဲ့ ကောင်းခဲ့၊ သူတို့တွေ ကိုယ့်အတွက် အများဆုံး လုပ်ပေးနိုင်တာကတော့ ကိုယ်သေသွားတဲ့အချိန်မှာ အသုဘ လိုက်ပို့မယ်.. နောက်တော့ အုတ်ဂူလေးဆီလာကြမယ်.. ဆုတောင်းပေးကြမယ်။

အဲ. ပထမဆုံး ဇနီးကတော့ ကျွန်မတို့တွေရဲ့ ၀ိညာဉ်.. စိတ်ပဲပေါ့ရှင်။ သူ တစ်ခုတည်းကသာ သေသွားတဲ့ အချိန်မှာ ကိုယ်သွားရာနောက်ကို လိုက်နိုင်တဲ့ သူတွေပေါ့။



အဲဒီတော့ ကျွန်မတို့တွေ လုပ်သင့်တာက ကိုယ့်ရဲ့ စိတ်ဓါတ်၊ စိတ်အင်အားကို ခုကတည်းက တောင့်တင်းခိုင်မာအောင် လုပ်ကြဖို့ပါပဲ။ ပြောရမယ်ဆိုရင် ကိုယ်သေချိန်မှာ ဘ၀ကူးကောင်းအောင် ခုကတည်းက ပြင်ဆင်ထားသင့်တာပေါ့။ ကျွန်တို့ ကျင်လည်ရာ သံသရာမှာ သူကသာ အဓိက ဖြစ်ပါတယ်။ ခရစ်ယန်တွေရဲ့ အလိုတော်အရ ပြောရမယ်ဆိုရင်တော့ ဘုရားသခင်က ပြန်လည်ရှင်သန်ထမြောက်ဖို့ရာ အခွင့်အရေးပေးတဲ့ တစ်နေ့မှာ ကိုယ်ဟာ ဒီအတွက် အဆင်သင့်နဲ့ အကောင်းဆုံးဖြစ်နေမှာပဲပေါ့။

4 comments:

Anonymous said...

ပုံပြင်လေးကို ကြားဖူးပါတယ်။ ရှင်းရှင်းလေးပါ။ အောက်က ဖြေရှင်းချက်တစ်ချို့က နည်းနည်းများ လွဲနေသလားလို့ပါ။ ပြန်ဖတ်ကြည့်ပါဦး။


မေတ္တာဖြင့်

Anonymous said...

စာလုံးအကြီးတွေနဲ့အစား စာလုံးပုံမှန်ကိုပဲ ကာလာနဲ့ဆိုရင် ဖတ်လို့ပိုအဆင်ပြေမယ်ထင်ရဲ့

Anonymous said...

ကိုတောင်ငူရေ.. ဖြေရှင်းချက်တွေကတော့ ဒီအတိုင်းပဲရှင့်.. အောက်ဆုံးတစ်ကြောင်းရောက်ခါနီးမှာ GM က Meeting ခေါ်လို့ run through ဘာသာ ပြန်လိုက်ရတာတော့ ရှိတယ်ရှင့်... (our Soul is the only thing that will follow us wherever we go. Cultivate, strengthen and cherish it now, for it is the only part of us that will follow us to the throne of God and continue with us throughout Eternity. Thought for the day: Remember, when the
world pushes you to your knees, you're in the perfect position to pray.) ဆိုတာ လေးကိုပါရှင်.. အဲဒါကို သူ့အတိုင်း မရေးပဲ ခပ်တိုတိုပဲ ထင်သလို ရေးလိုက်မိပါတယ်.. အဟီး။

တိုတိုလူသစ်.. စာလုံးက တမင်ကြီးထားတာ မဟုတ်ဘူး.. မေလ်းကနေ ပိုစ့်လုပ်တော့ အဲလို ဖြစ်တွားတာ.. အထဲဝင်ပြင်တော့လည်း မရတော့ဘူး ဘာမှားနေလဲ တိဝူးတော့

Anonymous said...

You may glance thru following link if you have time. And you will understand more of circle of life.
And quality of life.

http://mindinn.blogspot.com/

kind regards,