Friday, January 11, 2008

100th Post

ကျွန်မရဲ့ ဘလောဂ့်လေးကို 2007 ခုနှစ် August လရဲ့ နေ့တစ်နေ့မှာ စတင်ရေး သားခဲ့ပါတယ်။ ဘယ်နေ့ရယ် လို့တော့ ကျွန်မသေချာ မှတ်မထားမိပါဘူး။ ပို့စ်စတင်တဲ့ရက်ကို ပြန်လိုက်ရင် ရပေမယ့်လို့ ကော်နက်ရှင် အခက်အခဲကြောင့် ကျွန်မလည်း ပြန်ရှာ မနေချင်တော့ဘူးရှင့်။ ထားပါတော့လေ။ ဟုတ်ကဲ့ အဲဒီအချိန်လေးက နေပြီး ကျွန်မဘလောဂ့်ရေး ဖြစ်ခဲ့တာ ခုဆိုရင် 6 လနီးပါးတောင် သက်တမ်းကြာရှည်နေပြီး ဒီပိုစ့်လေးဟာ ကျွန်မရဲ့ ပိုစ့် 100 မြောက်ရေးသား ချက်လေးပဲ ဖြစ်ပါတယ်။ မှတ်မှတ်ရရလေး အနေနဲ့ ကျွန်မ ထူးထူးခြားခြားလေး ရေးပေးချင်ပါတယ်။ ဒါပေမယ့် ကျွန်မပဲ စိတ်ကူး စိတ်သန်း ညံ့ဖျင်းတာလားတော့ မသိဘူးရှင့် ဘာအကြောင်းကို ဘယ်လို သီကုံးရမယ်ဆိုတာ ကျွန်မစဉ်းစားလို့ မရခဲ့ပါဘူး။ ဘာပဲ ဖြစ်ဖြစ်ပါ ပိုစ့်100 မြောက် အနေနဲ့တော့ ကျွန်မ တစ်ခုခုကို ကြိုးစားရေးပေးမှာပါ။

စစချင်း အနေနဲ့တော့ ဒီဘလောဂ့်လေးကို ရှင်သန်အောင် အသက်သွင်းပေးခဲ့တဲ့ ကိုယ့်ဟာကို ကျေးဇူးတင်ပါတယ်။ (အမ်.. မယ်ပင့်ဂိုလ်း.. တစ်မျိုးပါလား ဟိ)။ နောက်တော့ ကျွန်မရဲ့ ဘလောဂ့်ဖတ် ပရိတ်သတ်တွေ၊ ပုံမှန် အားပေးနေကျ ဘလောဂ့် လောကမှ သူငယ်ချင်းတွေကို ကျေးဇူး တင်ပါတယ်။ သူတို့တွေသာ မဖတ်ရင် ကျွန်မ ဘယ်လောက်ရေးရေး ဒီဘလောဂ့်လေး အသက်ဝင်လာမှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်မကို နည်းပညာပိုင်းမှာ ကူညီပေးခဲ့ကြသော သူငယ်ချင်းများ၊ ဘလောဂ့်လောကမှ စီနီယာ များကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မလေးစား အားကျ အတုယူရတဲ့ ဘလောဂ့်များ ဖြစ်တဲ့ ကိုရန်အောင်မလေးအိမ့်၊ ကိုညီလင်းဆက်၊ ကိုကောင်းကင်ကို၊ ကိုမင်းတစေ၊ မမမယ်လိုဒီ၊ ကိုနေဘုန်းလတ် စတဲ့ ဘလောဂ့်ဂါတွေကိုလည်း လေးစား ကျေးဇူးတင်ကြောင်း ပြောပါရစေရှင်။ ကျွန်မရဲ့ ဘလောဂ့်လေးကို ကျွန်မဂျီကျတိုင်း တစ်ခုခုပြောင်းလဲ လုပ်ချင်တိုင်းမှာ မညည်းမညူ ပြုပြင် ပြောင်းလဲပေးခဲ့ကြသော ကိုထိုက်၊ ကိုဇေယျာ၊ မိုးတိမ် စတဲ့ ချစ်သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်ရှင်။ MBS မှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားပေးတဲ့ ဘလောဂ့်ဂါ သူငယ်ချင်းတွေကိုတော့ ပြောစရာ မလိုလောက်အောင် ကျေးဇူးတင်ပါတယ်။ အဲ.. စာရေးဖို့ အိုင်ဒီယာ မရတိုင်း ကျေးဇူးပဲ လိမ့်တင်နေတာ ခုတော့ အတွေးတစ်ခု ထွက်လာပြီရှင့်.. Yo Yo!

ကျွန်မဟာ ကုမ္ပဏီတစ်ခုမှာ Brand Executive တစ်ယောက် အနေနဲ့ တာဝန်ထမ်းဆောင် နေတာပါ။ Brand Leader တစ်ယောက် ဖြစ်သည်နဲ့ လျော်ညီစွာ Staff Interview များကိုလည်း မကြာခဏ ဆိုသလို လုပ်ပေးရလေ့ ရှိပါတယ်။ ကျွန်မတို့ အင်တာဗျူးလုပ်တာကတော့ များသော အားဖြင့် Sales Staff ပိုစ့်တွေ အတွက်ပါ။ အဲတော့ ကျွန်မ အင်တာဗျူးလုပ်သမျှမှာ ကြုံတွေ့ရတဲ့ စိတ်ညစ်စရာ အဖြစ်အပျက်လေးတွေကို ရေးသားပါရစေနော်။

အင်တာဗျူး တစ်ခုထဲတော့ မဟုတ်ပါဘူး.. လူတော်တော် များများ ဖြေကြတဲ့ အကြောင်းအရာလေးတွေကို တစ်ခုထဲ အနေနဲ့ ရေးပေးလိုက်တာပါရှင်။

သမီး နာမည်ဘယ်လို ခေါ်လဲ

***** ပါရှင့်

သမီးက ဘယ်ကနေ လာတာလဲ။ ကားစီးလာရတာကော အဆင်ပြေရဲ့လား သမီး။ ဘယ်မြို့နယ်က လာတာလဲဟင်

ဟုတ်၊ ပြေါပါတယ် မမ. မြောက်ဥက္ကလာ ကပါရှင့်

အိုကေပါ.. သမီးက ဒီအလုပ်ကို ဘယ်လိုသိပြီး လာလျှောက်တာလဲ

Opportunity Journal မှာကြော်ငြာတွေ့လို့ပါ အမ

ဟုတ်လား၊ သမီးက အရောင်းဝန်ထမ်း လာလျှောက်တယ် ဆိုတော့ ဒီအလုပ်ကို တော်တော် စိတ်ဝင်စားမယ့် ပုံပဲနော်

ဟုတ် စိတ်ဝင်စားပါတယ် မမ၊ သမီး အရောင်း သမားတစ်ယောက် ဖြစ်ချင်ပါတယ်။

သမီးရဲ့ ပညာအရည် အချင်းလေး ပြောပါအုံး

သမီး 10 တန်းကို ဆက်မဖြေတော့ပါဘူး အမ

ဘယ်လို ဘယ်လို၊ သမီးရယ် ဘာကြောင့်များ ဆက်မဖြေချင်တော့တာလဲ.. အခု အသက်ဘယ်လောက်ရှိပြီလဲ

သမီး 21 နှစ်ပါ အမ

ငယ်ငယ်လေး ရှိသေးတာပဲ သမီးရယ် ဘာလို့များ ဆက်မဖြေချင်ရတာတုန်း ဆယ်တန်းအောင်ဖို့ မခက်ခဲပါဘူး

ပညာရေးကို စိတ်မ၀င်စားတော့ လို့ပါအမ

အဲတော့.. ပညာရေးကို စိတ်မ၀င်စားဘူး ဆိုရင် သမီးဘ၀ကို ဘယ်လိုရှေ့ဆက်မှာတုန်း

ကြီးလာရင်တော့ စီးပွားရေး တစ်ခုခုလုပ်မှာပေါ့ အမရယ်.. အရောင်း အ၀ယ် ဖြစ်ဖြစ်ပေါ့နော်။ နေပါအုံး ဒီအလုပ်က 10 တန်းအောင်မှ ခန့်တာလား

ဘယ်အလုပ်ရယ် မဆိုပါ။ ကိုယ့်ကုမ္ပဏီက ၀မ်ထန်းတစ်ယောက်ကို အလားအလာရှိတဲ့ တက်လမ်းရှိတဲ့ သူတစ်ယောက်တော့ ဖြစ်စေချင်ကြတာပဲလေ

သမီးကတော့ စာကို စိတ်မ၀င်စားတော့ဘူး အမရဲ့

အမကတော့ သမီးကို ဆယ်တန်းအောင်အောင် ဖြေစချင်တယ်။ ပြီးတော့ ဘွဲ့တစ်ခုရအောင် ကြိုးစားစေချင်တယ်။ သူများနိုင်ငံမှာ ဘွဲ့ရဖို့ အရမ်းခက်တယ်။ အမတို့ မြန်မာပြည်မှာ အဝေးသင်ဆိုရင် တစ်နှစ်ကို 10 ရက်လောက် ကျောင်းတက်ရုံနဲ့ ဘွဲ့ရဖြစ်တယ်။ ဒီလောက် ပေါလောနေတာ သမီးရယ် မြန်မာပြည်မှာ နေမယ့်သူ တစ်ယောက်ဟာ မြန်မာပြည်ရဲ့ အသိအမှတ်ပြု ဘွဲ့တစ်ခုလောက်တော့ ရထားသင့်တာပေါ့ မဟုတ်ဘူးလား

ဟုတ်.. အဲဒါတော့ အဲဒါပေါ့

ထားပါတော့လေ.. သမီးရဲ့ မိဘတွေကကော ဘာလုပ်ကြလဲ.. မောင်နှမရော ဘယ်နှစ်ယောက် ရှိလဲဟင်

အဖေကတော့ ကုန်သည် လုပ်ပါတယ် အမ။ အမေကတော့ ဒီအတိုင်းပဲ အိမ်မှာ နေပါတယ်။ အကိုတစ်ယောက်ကတော့ မလေးရှားမှာ အလုပ်လုပ်နေပါတယ်။

သြော်.. သမီးကရော မလေးရှားတွေ ဘာတွေ ထွက်ဖို့ စိတ်မကူးဘူးလား..

လောလော ဆယ်တော့ မထွက်ဖြစ်သေးပါဘူး.. အဲမှာလုပ်တော့ ပင်ပန်းမှာပေါ့..

အဲတော့ အလုပ်လုပ်ရတာ သက်သာတယ် များထင်နေလားဟင်.. ဒီမှာလည်း အရောင်းသမား တစ်ယောက်ဟာ တစ်နေကုန် ကောင်တာမှာ မတ်တပ်ရပ်ပြီးရောင်း၊ customer တွေကို အာပေါက်အောင် ပြောပြီးရောင်းရတာပဲလေ

အင် တစ်နေကုန်ကြီး မတ်တပ်ရပ်ရတာလား ထိုင်လို့ ရဘူးပေါ့ ဟုတ်လား

အမတို့မှာ စည်းကမ်းရှိတယ် သမီး. ဘယ်အရောင်း သမားကိုမှ ထိုင်ခွင့် မပေးဘူး.. သူဟာ အမြဲတမ်း sweet ဖြစ်နေရမယ်.. ကြည့်လိုက်ရင် Uniform ကလည်း သပ်သပ်ရပ်ရပ် ရှိပြီး အမြဲ smart ဖြစ်နေရမယ်လေ.. ပြီးတော့ အမတို့ရဲ့ customer တွေက မြန်မာတွေချည်းပဲ မဟုတ်ဘူး နိုင်ငံခြားသားတွေလည်း လာတော့ အင်္ဂလိပ်လိုတွေလည်း ပြောပြီးရောင်းရတယ်.. အဲတော့ အမတို့က ပညာအရည်အချင်း မပြည့်စုံတဲ့ သူတစ်ယောက်ကို ခန့်လို့ သင့်တော်ပါ့မလား သမီး လည်း ပြန်စဉ်းစားကြည့်လေ။

သြော် .. ဒါကတော့ သင်ရင်တတ်ပါတယ်

သင်ရင်တော့ တတ်တာပေါ့။ ပြီးတော့ သမီးရဲ့ လုပ်ရည်ကိုင်ရည်ကြောင့် အမတို့က Promotion ပေးလိုက်ပြီပဲထား။ သမီးအောက်က ဘွဲ့ရပြီး အလုပ်လုပ်နေတဲ့ အငယ်တွေက 10 တန်းတောင် မအောင်တဲ့ ကိုယ့်ရဲ့ အထက်လူကြီးကို ဘယ်လောက်များ ရိုသေနိုင်မှာတဲ့လဲဟင်… ငယ်ပါသေးတယ် သမီးရယ် 10 တန်းလေးတော့ အောင်အောင် ဖြေလိုက်ပါနော်။

ဟီးဟီး… ( သူရယ်နေတာပါ)

ထားပါတော့လေ.. သမီး အားလပ်ချိန်တွေကို ဘယ်လို အသုံးချလဲ

စာဖတ်ပါတယ် အမ၊ ဗဟုသုတ ရစေမယ့် စာမျိုးတွေပေါ့

ဟုတ်လား တော်လိုက်တာ ဘယ်လိုစာအုပ်မျိုး ဖတ်တာလဲဟင်

လွန်းထားတား တို့ မီကိုဇူးဇင်တို့ ရှင်မိုး တို့ရဲ့ ၀တ္ထုတွေကို ဖတ်ပါတယ် အမ

အဲတော့.. သူတို့ ၀တ္ထုတွေ ဖတ်တော့ သမီး ဘာဗဟုသုတ တွေများ ရပါသလဲ

သူတို့တွေရေးတဲ့ မင်းသမီး မင်းသားတွေက မိုက်တယ် အမရဲ့.. တစ်ချို့ကျတော့လည်း ဆင်းရဲတယ် တစ်ချို့ကျတော့လည်း ချမ်းသာပြီး ကုန်တိုက်ကြီးတွေ ပိုင်ကြတယ်.. မင်းသမီးနဲ့ မင်းသား မာနတွေပြိုင်ကြတာ မိုက်တယ် အမ..

အမလေး အမလေးနော်.. နောက်ရော ဘာစာတွေ ဖတ်သေးလဲ

အိမ်က အမေကတော့ ဖတ်စရာ စာအုပ်တွေပေးပါတယ်.. ချစ်စံဝင်းဆိုလား ဘာဆိုလား မသိပါဘူး.. ပျင်းတယ် မဖတ်ချင်ဘူး…

သြော် ထားပါတော့လေ.. သမီးရဲ့ အနာဂတ် ရည်မှန်းချက်က ဘာလဲ

ဘယ်လိုပြောရမလဲ.. လောလော ဆယ်တော့ ဘာလုပ်ရမယ်မှန်း မသိသေးပါဘူး.. နောက်တော့မှ ပေါ့ .. အရောင်း အ၀ယ်တော့ လုပ်ချင်ပါတယ်.

ဟုတ်လား ဘယ်လို အရောင်း အ၀ယ်မျိုး လုပ်ချင်တာလဲ ဟင်

အရောင်းအ၀ယ်ဆိုမှ အရောင်းအ၀ယ်ပဲပေါ့
( လျှာရှည် မိတာ ကျွန်မ အပြစ်.. ကျွန်မ ဆက်ရှည်လိုက်ပါသေးတယ်)

အရောင်းအ၀ယ်က အမျိုးမျိုးရှိတယ်လေ.. စားသောက်ကုန်လား၊ ကားရောင်းမှာလား၊ အလှကုန်တွေလား

အင်း အလှကုန်တွေတော့ စိတ်ဝင်စားသား.. မသိသေးပါဘူး လုပ်တော့မှ ကြည့်လုပ်ရမှာပေါ့လေ

သြော် အရင်တုန်းကရော အလုပ်တွေဘာတွေ လုပ်ဖူးလား ဘာအတွေ့အကြုံတွေ ရှိလဲဟင်

ဟုတ် လုပ်ဖူးပါတယ် အမ.. အထည်ချုပ်စက်ရုံမှာလည်း အထည်တွေ ညှပ်ဖူးပါတယ်။ ပြီးတော့ နောက်တစ်ခုမှာလည်း ၀ါယာကြိုးတွေ ဖြတ်ရ ပတ်ရတဲ့ အလုပ်လုပ်ဖူးပါတယ်

အင်း..ပေါ့ သမီးရယ်. သမီးသာ 10 တန်းမအောင်ဘူးဆိုရင် သမီးရဲ့ ဘ၀က နောက်ပိုင်းမှာ ဒီလိုအလုပ်တွေနဲပဲ စခန်းသွားနေမှာပါပဲ.. မြန်မာပြည်ထဲမှာ နေအုံးမယ်ဆိုရင်တော့ ပညာကို ဆက်သင်စေချင်တယ်.. ဒါမှ အလုပ်ကောင်းကောင်း ရမှာပေါ့ မဟုတ်ဘူးလား

ဟုတ်ကဲ့

အင်း သမီးရဲ့ မျှောမှန်း လစာကကော

35000- 40000 လောက်ဆိုရင် ဖြစ်ပါတယ် အမ

အိုကေလေ အမတို့ ဖုန်းပြန်ဆက်ပေးမယ်နော်.. သမီးပြန်လို့ရပါပြီ

ဒီလို အဖြေတွေ ဖြေသွားတဲ့ လူတစ်ယောက်ကို ကျွန်မ အလုပ်ခန့်ဖို့ စိတ်မကူးပါဘူး။ ဒါပေမယ့် ကျွန်မ စကားတွေ ဆက်များနေမိတယ်.. အင်တာဗျူးနဲ့ မဆိုင်တဲ့ မေးခွန်းတွေ မေးနေမိတယ်။ ကျွန်မကတော့ သူတို့ကို အားပေးချင်တာပါ။ ပညာဆက်သင်စေချင်တာပါ။ တစ်ချို့တွေဆို ကိုယ်က စိတ်ဝင်စားပါလျက်နဲ့ မိဘဆင်းရဲလို့၊ ကျောင်းလခ မတတ်နိုင်လို့ ကျောင်းဆက်မတက်ရတဲ့ သူတွေရှိပါတယ်။ ဒီလို လူမျိုးတွေဟာ ကျွန်မတို့ မြန်မာပြည်ထဲမှာ အများကြီးရှိနေပါတယ်။ ကျောင်းနေအရွယ် ကလေးလေးတွေ ပညာမသင်နိုင်ပဲ ၀မ်းစာရေး အတွက် လုံးပန်းနေရတာလည်း အများကြီးပါပဲ။ တစ်ချို့တွေကတော့ ကိုယ်ကိုယ်တိုင်ကကို စိတ်မ၀င်စားလို့ မိဘက အားပေးပါလျက်၊ ကျောင်းလခ တတ်နိုင်ပါလျက် လေနေတာမျိုးတွေပေါ့။ ဒီလိုလူမျိုးတွေ များသထက် များလာနေတဲ့ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ဟာ ဘယ်လိုများ ရှိနေမှာပါလဲ။ တစ်ချို့တွေဆို ကျွန်မထက် အသက်ကြီးတယ် 25၊ 26 တောင် ဖြစ်နေပြီ။ ဘ၀ကို ပေါ့ပေါ့တွေးနေကြတုန်းပဲ။ အသက်ကြီးတဲ့ လူတွေကို အင်တာဗျူးရတာ တော်တော်တော့ ကသီလင်တ ဖြစ်ပါတယ်။ အသက်ကြီးချင်ဟန် ဆောင်ပြီး ခပ်တည်တည်ဗျူး ရတာပေါ့လေ။ ကျွန်မလည်း အရမ်းတော်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မ ရင်မောမိပါတယ်။

ကျွန်မ လမ်းမှာ အမှိုက်တွေ လိုက်ကောက်တဲ့ စည်ပင်သာယာက ၀န်ထမ်းတွေကို အားအား ယားယား မေးဖူးပါတယ်။ အန်တီတို့ တစ်ရက်ဘယ်လောက် ရလဲလို့။ တစ်ရက်ကို 1500 ရပါတယ်တဲ့။ အိမ်မှာလည်း ယောင်္ကျားနဲ့ ကလေးတွေ ရှိနေပါတယ်တဲ့။ တစ်နေ့ကို ယောင်္ကျားရော အန်တီပါ လုပ်လို့ 3000 လောက်ရမှ စားလောက်တယ် အမလေးရေတဲ့။ ကျွန်မတို့ Company တွေမှာ အောက်ခြေ၀န်ထမ်း တစ်ယောက်ရဲ့ လစာက 35000 ပါ။ သူသာ ဒီပိုက်ဆံကို တစ်ယောက်ထဲ သုံးမယ်လို့ စဉ်းစားကြည့်ပါ။ ထမင်းဖိုး တောင် မလောက်ပါဘူးရှင်။ အ၀တ် အစားတွေ ၀ယ်ဝတ်ရဖို့ မဆိုထားနဲ့။ ဒီလိုနဲ့ပဲ Company တစ်ခုမှ Resign Turnover တွေ အရမ်းများလာရတယ်။ သူဌေးကလည်း သူ့အတွက်ပဲ စဉ်းစားသလို၊ ၀န်ထမ်းတွေကလည်း ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့နေကြရတယ်။ ဒီလိုပြောင်ရွှေ့မှုတွေ များနေတဲ့ Company တွေနဲ့ ၀န်ထမ်းတွေရဲ့ အနာဂတ် ဘယ်လိုရှိမလဲ။

သေချာတာကတော့ ၀န်ထမ်းတွေဟာ လုပ်နေစဉ်ကာလအတွင်းမှာ လစာနည်းနည်းနဲ့ သူဌေးအတွက် များများ ပေးဆပ်ရတယ်။ သူဌေးတွေကတော့ လစာတိုးပေးဖို့ကို သေမလောက်စဉ်းစားကြပြီး ၀န်ထမ်းတွေဆီက အကျိုးအမြတ်တွေ ယူကြတယ်။ နေရာတိုင်းကို ကျွန်မ မဆိုလိုပါဘူး။ ဒီလို ဒီလို ဖြစ်နေတဲ့ Company တစ်ချို့နဲ့ ၀န်ထမ်း တစ်ချို့ကို သာ ဆိုလိုကြောင်းပါရှင်။

19 comments:

Anonymous said...

comment တွေကို ပိုစ့်မှားရေးကြတယ်ဗျို့ အပေါ်မှာပါရှင် တည်နေရာက

Anonymous said...

မလော်ရာရေ..
ယောက်ျားလေးတွေရော လျှောက်လို့ ရလား မသိဘူးနော်။ ငါက ဆယ်တန်းတော့ အောင်ထားပါတယ်။ :)

Anonymous said...

လော်ရာ..
ငါ့ကိုလည်း အင်တာဗျူးပါဦးဟ..ဖြေချင်လွန်းလို့...မမေးဘူးဆိုရင်တော့ ကိုယ့်ဘာသာ ကိုယ်မေး ပြီး ပြန်ဖြေမှာနော်..
အစမ်းသဘောလေး ...
၁၀ တန်းအောင်ပြီး ပီလား...ဘုန်းကြီးကျောင်းမှာစာသင်ရတာ ဘယ်ကလာအတန်းတက်ရမှာလဲ..
ဒီအလုပ်ကို စိတ်ဝင်စားလား..
စိတ်ဝင်စားသမှ . အရမ်းကိုစိတ်ဝင်စားတယ်....
.အတန်းကျောင်းမနေရလို့ အားမငယ်ပါဘူး။ ပီမိုးနင်းက
ပြောတယ်.. လူနေခြုံကြား..စိတ်နေဘုံဖျားတဲ့။
ခြုံကြားမှာနေပေမဲ့ စိတ်က ၀တိံဘုံဖျားလောက်မြင့်
ထားတယ်။ ဒူးလောက်မှန်းမှ ရင်လောက် ကျမှာ (ရင်
လောက်မှန်းမှ ဒူးလောက်ကျ ဆိုတာ မဟုတ်) မဟုတ်
လား။ ဒါကြောင့် ဒီမှာသာ အလုပ်ရရင် ၅ နှစ်မှ ၁၀ နှစ်
အတွင်း ပါတနာ.ဒါမှမဟုတ် ဘော့စ် ဖြစ်လာဖို့ ရည်မှန်း
ထားတယ်။
နည်းလမ်းကောင်းလေးများရှိနေသလား...
ရှိသပေါ့ဗျာ..သိပ်ရှိသပေါ့..
သိခွင့်ရှိရင် သိချင်ပါတယ်.ရှင့်
သိချင်ရင် အလုပ်အရင်ခန့်ရမယ်..ဟုတ်လား..

Anonymous said...

ဟီး
အရှင်ဘုရားကိုတော့ မဗျူါ်ရဲ့ပါဘူးဘုရား
ပြီးတော့ တပည့်တေည် ပြောတာက 10 တန်း အောင်ခြင်း မအောင်ခြင်းထက် ဘ၀မှာ ရည်မှန်းချက် ကောင်းကောင်း မထားကြတဲ့ လူငယ်တွေကို ပြောချင်တာပါ ဘုရား လာရောက် ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ် ဘုရား

Anonymous said...

အမတို့ မြန်မာပြည်မှာ အဝေးသင်ဆိုရင် တစ်နှစ်ကို 10 ရက်လောက် ကျောင်းတက်ရုံနဲ့ ဘွဲ့ရဖြစ်တယ်။

10 ရက်ကြီးများတောင် တက်ရသလား။ အဟီး။

Anonymous said...

ပင့်ဂိုးတို့ကတော့ အင်တာဗျုးနေတာကိုး...
ကျွန်တော်လည်း လာလျှောက်ပါဦးမယ်...ယူထားတဲ့ဘွဲ့နဲ့ အရောင်းစာရေးနဲ့တော့ မကိုက်ဘူး....
တလွဲစီဖြစ်နေတာနော်....
ကျွန်တော်လာလျှောက်ရင်တော့
ခန့်၇မယ် .. ဒါပဲ..

Anonymous said...

၁၀ရက် ၃ခါလောက်တက်ရင်ရတယ်ဆိုတော့ ကိုယ့်ရဲ့ သဘောပါ။ ဘွဲ့ရထားတော့လည်း ပိုပြီး အသိကျယ်တာပေါ့လေ။ လူငယ်တွေကော မငယ်တငယ်တွေကော ကြိုးစားနိုင်ပါမှ..ကိုယ့်အတွက်ကော တိုင်းပြည်အတွက်ပါ ကောင်းနိုင်မှာပါ။ ဒီလိုစာမျိုးလေးတွေ များများရေးပါ။ အားပေးနေပါတယ်အမ။

Anonymous said...

ဘာပဲဖြစ်ဖြစ် ဒီခေတ်မှာ လုပ်မယ်ဆိုရင် အခြေခံပညာအထက်တန်းတော့ အောင်သင့်ပါတယ်။ဘွဲ့ကတော့ ဘွဲ့ပေါ့ဗျာ.

Anonymous said...

ပင့်ဂိုးလ်ခေါ် လော်ရာ ခေါ် ထက် ခေါ် (ပင့်ကူတို့ ပန်းရွှေတို့တော့ မပြောပါဘူး လို့) အလှကြိုက်တဲ့ ဘလော့ဂါလေး ပို့စ် ၁၀၀ မှသည် ပို့စ် ထောင်သောင်းများစွာ ပျော်ပျော်ရွှင်ရွှင် ဆက်ရေးသွားနိုင်ပါစေ လို့
ချစ်သော
ပန်ဒိုရာ

Anonymous said...

၁၀၀ မှသည် ထောင်သောင်းချီ ...
လာဖတ်ပါတယ်။

Anonymous said...

ဟဲ့ ပန်းရွှေဆိုတာ နာ ပေးတဲ့ နာမည်လေ မှတ်မိလား။

ပင့်ဂိုးလေးက အရမ်းကို အတွေးအခေါ်တွေ တိုးတက်နေပါလား။ ကောင်းသော အနာဂတ်ပါကွယ်။ သို့သော် အင်တာဗျူးမေးခံရတဲ့ ကောင်မလေးကို သနားမိတယ်။ သူ့ခမျာ တိုးတက်မှု အခွင့်အလမ်းတွေ ပိတ်ခံနေရရှာတော့ တိုးတက်အောင် မလုပ်တတ်တော့ဘဲ လေနေတာပါ။ အဲဒါ စာကို စိတ်မ၀င်စားရတဲ့ အကြောင်းရင်းပေါ့။

ဒီလို ပင့်ဂိုးရဲ့။ ငါ ဖတ်ဖူးတာမှာ လူမှာ choice နဲ့ variety ဆိုတာ ရှိတယ်တဲ့။ ရွေးချယ်မှု နဲ့ ဘယ်လောက်များများ ရွေးချယ်နိုင်လဲဆိုတာရယ်ပေါ့။ သူ့ခမျာ ရွေးချယ်စရာ လမ်းကို မဆုံးဖြတ်တတ်ဘူး ထင်ပါတယ်။ ဒီလို လူမျိုးကို ပင့်ဂိုးလ်လေးများ တွေ့ရင် တရားချ လွှတ်လိုက်ရမယ်။ ဒါဟာ လူတယောက်ကို ကယ်တင်တာပဲ။

စကားမစပ် ငါပြောရဦးမယ်။ တလောက ရန်ကုန်က housing ဆင်းမယ့် ဆရာဝန်လောင်းလေး လာလည်တယ်။ သူ့က ဆရာဝန်ဖြစ်ပြီးရင် ဘယ်နိုင်ငံ သွားလုပ်ရမလဲပေါ့။ ဘယ်လို အနာဂတ်ရယ်ပေါ့။ သူ့ကို စင်္ကာပူမှာ အလုပ်လုပ်ဖို့ အဲဒီ ဆရာဝန် ဘွန်း ပြီးရင်ထင်တာပဲ။ ဦးလေးတွေက ပြောတယ်။ ငါက ပြောတယ်။ မင်း စင်္ကာပူ မလာနဲ့။ အင်္ဂလန်ကို မင်းအမေ လွှတ်ပေးနိုင်တာပဲ။ F.R.C.S ဆက်တက်တာ မင်းအတွက် ဂုဏ်ယူဖို့ ပိုကောင်းတယ်လို့။ မြန်မာပြည်က ဆရာဝန်က စင်္ကာပူလာရင် ဘာလုပ်နိုင်မှာမို့လဲ။ အင်္ဂလန်မှာ ပညာဆက်သင်ရင် မြန်မာပြည်အတွက် အနည်းဆုံး ဆရာဝန်ကြီး တယောက် ရသေးတယ်။ မြန်မာပြည် မပြန်ချင်တောင် အင်္ဂလန်က ဘွဲ့နဲ့ ပိုတောင် လူဝင်ဆံ့သေးတယ်။ အင်္ဂလန်ကို try ဖို့တော့ ရုန်းကန် ကြိုးစားရမှာပေါ့။ ဒါပေမဲ့ ယောက်ျားပဲကွာ။ ကြိုးစားရမှာပေါ့နော်။

တကယ်က လူတယောက် ကြိုးစားချင်လာအောင် motivation ဆိုတာလိုတယ်။ ဒီ motivation ဆိုတာကို လုပ်ပေးနိုင်တဲ့ environmental factor တွေဟာ (၁) အခွင့်အလမ်းများ (၂) မိဘ (၃) စာအုပ် (၄) မိတ်ဆွေကောင်း တွေ ဟာ အင်မတန် အရေးကြီးတယ်။ ဒီမှာ ပြောလိုတာက အခွင့်အလမ်းတွေ မရှိဘဲ လူဟာ မကြိုးစားချင်ဘူး။ အခွင့်အလမ်းတွေကို ဖွင့်ပေးနိုင်တာ ဘယ်သူလဲ။ နင်သိပါတယ်။ ငါပြောစရာ မလိုဘူး။ ဒါကြောင့်လဲ လူတွေ မလေးရှားထွက်ကြ၊ ထိုင်းထွက်ကြ။ ငါကော ဘာထူးလဲ။ စင်္ကာပူ ထွက်လာသေးတာပဲ။

ကဲ ဒီလောက်ဆို တော်လောက်ပြီ။ ငါ နင့်အတွက် ၀မ်းသာတယ် တကယ်ပြောတာ။ နောက် စင်္ကာပူလာရင် တွေ့တာပေါ့နော်။ ကြိုးစားပါဟာ။ ငါ့သူငယ်ချင်းတွေ အကုန် တော်ကြပါတယ်။

ကဒေါင်းညင်သာ

Anonymous said...

ဟုတ်ပါ့ ဒေါင်းဒေါင်းရေ ဦးသန်းရွှေတူမ ပန်းရွှေရေ ဆိုပြီးလာ ခေါ်တာ မမေ့ပါဘူးတဲ့ရှင်
နင်ပြောတော့ ငါ့အတွေးတွေ တိုးတက်လာတယ် ဆိုပါလား.. တိုးတက်လာတာ မဟုတ်ပါဘူးအေ ငါအရင်ကလည်း ဒီလိုပါပဲ အတွေးတွေကို ချမပြတာပဲ ရှိတာပါဟာ..

ငါအဲလိုမျိုး အလုပ်လာလျှောက်တဲ့ ကောင်မလေးတွေကို အားပေးပါတယ် ဒေါင်းဒေါင်းရေ.. ဒါပေမယ့် တစ်ချို့တွေက ပေါ့ပဲ ပေါ့နိုင်လွန်းတယ်.. အားမရဘူး..ငါကတော့ ဒီလိုလူတွေကို ဆယ်တန်းပြန်ဖြေဖို့ ဘွဲ့တစ်ခုခုရရင် တက်လမ်းပွင့်လာ နိုင်ကြောင်းကို အမြဲအားပေးပါတယ် ပြောပါတယ်.. ဒါပေမယ့် ငါက သူတို့တွေရဲ့ အုပ်ထိန်းသူမှ မဟုတ်တာလေ ရှေ့မှာ ဟုတ် ဟုတ် နဲ့ နောက်မှာ ရုတ်ရုတ် လုပ်နေတဲ့ သူတွေ ပုံလို့ဟာကို.. တစ်ကယ်ကြိုးစားချင်တဲ့ သူတွေ ရှိပါတယ်.. မရှိတာ မဟုတ်ပါဘူး.. ဒါပေမယ့် ကိုယ်ကိုယ်တိုင် ကိုယ်က စိတ်မပါတဲ့ သူမျိုးကို ပြောရတာ ကျတော့ အဖတ်မတင်ဘူး ဒေါင်းဒေါင်းရေ.. နင်လည်း သိမှာပါ

Anonymous said...

အင်တာလာဗျုးခံပါတယ် အပေါ်ကမေးခါန်းတွေတော့ မမေးကြေး
ဖြေတတ်ဘူး ဟတ်ဟတ်
ပို့စ် ၁၀၀ မြောက်မှသည် နောင်နောင်များစွာတိုင်
အဆင်ပြေပြေ ဆက်လက်ရေးသားနိုင်ပါစေဗျာ။

Anonymous said...

နောက်ထပ် ပို့စ်လေး များစွာကို လက်ရာ ပြောမြောက်စွာ ရေးသား နိုင်ပါစေဗျာ။ မလာတာ ကြာပြီမို့ ခုတန်းပလိတ်လေးကို မြင်တော့ တော်တော်လေး သဘောကျမိတယ်။ အင်တာဗျူး အကြောင်း ရေးထားတာ ကြည့်ပြိး စေတနာ ထားတတ်တဲ့ စိတ်လေးကို မှန်းမိပါတယ်။ ဆိုက်ကား သမား အိမ်မက်မက်တဲ့ ဟာသလေးကိုလည်း ဖတ်ပြီး ခွိခွိ ဖြစ်သွားရသဗျ။ ဘာတဲ့… ကြိုက်ရာ sim card ရွေးပြိး ထုတ်ပြီးလို့ မော်ဒယ် ၂ပတ်လောက် အောက်သွားရင် အလကားရတယ်ဆိုတာ ။ ဟိဟိ အဂယ်ဖစ်လာမှာရားဟင် ။ ဘယ်နှရာစုနှစ်မှာလဲ ကျော။ ပျော်ရွှင်ပါစေဗျာ…

Anonymous said...

ပို့စ် 100 မှသည် 1000 10000 အထိ ဆက်လက် အာားပေးနေပါမယ်ခင်ဗျာ :)

Anonymous said...

ပိုစ့်၁၀၀တောင် ရှိသွားပြီလား။ နောက်ပိုင်းလဲ ပိုစ့်လေးတွေ ဆက်ဆက်ပြီး တင်သွားနိုင်ပါစေ။

Anonymous said...

ဟဲ့.. ပိုးဂင်.. နောက်နေ့ ပိုစ့် 101 မြောက်ဟာတင်နော်.. =).. ပြန်လာရေးမယ်.. ကွိကွိ..

Anonymous said...

pinkgold ရေ...ပို့စ်တစ်ရာမြောက် အင်တာဗျူးအကြောင်း ရေးထားတဲ့ ပို့စ်လေးကို သဘောကျတယ်။ ကိုယ့်လုပ်ငန်းခွင်မှာ ကြုံရတာလေးတွေ ရေးပြတော့ သူများတွေလဲ သိရတာပေါ့...။ လူငယ်တွေ တကယ့်ကို ရည်မှန်းချက် ပျောက်နေကြတယ်နော်...။ အဲဒါ ဘယ်သူ့ကို အပြစ်တင်ရမလဲဟင်...။ ကိုယ်ဖြစ်ချင်တာ ဖြစ်ခွင့်မရသေးရင်တောင် ဘာဖြစ်ချင်တယ် ဆိုတာမျိုးလေးတော့ ရှိသင့်တယ်လို့ ထင်တယ်နော်...။

Anonymous said...

ပန်းခရေဆီကနေ လင့်တွေ့လို့ လိုက်လာတာ။ အတော်လေး ဖတ်လို့ကောင်းပါတယ်။ အခုခေတ်မှာ ပညာရေးကို စိတ်မ၀င်စားတဲ့ လူငယ်တွေ အတော်များလာပါတယ်။ ပညာကို စိတ်မ၀င်စားပေမယ့် တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ အပျော်အပါးတွေက ဆန်းဆန်းပြားပြား အမျိုးကိုစုံလို့ပါ။ ဒါတွေနောက်ကို လိုက်ကြတဲ့လူငယ်တွေဟာ ပညာမတတ်လို့ လခ မကောင်းကြပေမယ့် လိုချင်တာရဖို့ ငွေလိုတဲ့အခါ အလွယ်လမ်းကို လိုက်ကြရင်း ဘ၀ပျက်ကြရပါတယ်။ မပင့်ဂိုးက မန်နေဂျာတစ်ယောက်ဆိုတော့ လက်အောက်က မိန်းကလေးငယ်လေးတွေကို ဒီလို လမ်းမှားမရောက်ရအောင် ဆုံးမပေးနိုင်ရင်ပဲ တော်တော် ကုသိုလ်ရနေပါပြီ။