Tuesday, January 29, 2008

Me and My Names

တစ်ခါတစ်လေ တော့လည်း ဘလောဂ့်ရေးရတာ စိတ်ပျက်စရာ တော့ကောင်းသားရှင်။ တစ်ခြားတော့ မဟုတ်ပါဘူး။ ရေးစရာ အကြောင်းလေးတွေကို ရှာဖွေရတာ ပြောပါတယ်။ ခုလည်း ဘာရယ် ညာရယ်တော့ မဟုတ်ပါဘူး ကျွန်မကို ဘလောဂ့်ဂါတော်တော်များများက ပင့်ကူလေး ပင့်ကူလေး ခေါ်ခေါ်နေတော့ ကျွန်မရဲ့ တစ်ကယ့် နာမည်တွေရယ်၊ ကျွန်မကို နောက်ပြောင်ခေါ်တဲ့ နာမည်တွေရယ်ကို ပြန်တွေးကြည့်တာ ကျွန်မလည်း နာမည် တော်တော် များသားရှင့်။ ငယ်ငယ်တုန်းကတည်းက တစ်ယောက် တစ်မျိုး ခေါ်ကြတဲ့ နမည်ကလည်း အများကြီးပဲလေ။ အဲဒီ နာမည်တွေများ မသိချင်ကြဘူးလားဟင် (စကား ခေါ်ကြည့်တာ ဟီး) တစ်ကယ်တော့ မသိချင်ဘူးပြောလည်း ရေးမှာပါပဲ။ ကျွန်မ ငယ်ငယ်ကတည်းကနေ ခုချိန်ထိ အခေါ်ခံရတဲ့ နာမည်တွေကို ပြန်ပြောင်းတွေးကြည့် ရသော် .........


ကျွန်မက မွေးတုန်းက တော်တော် ချစ်စရာ ကောင်းတာရှင့်။ ၀၀ကစ်ကစ် ဖြူဖြူ ဖွေးဖွေးလေးပေါ့။ ခုချိန်မှာတော့ ပိန်ပိန် ညိုညို ရုပ်ဆိုးဆိုးလေးပေါ့လေ။ အဖေကတော့ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းကို သိပ်ချစ်လို့ ဆိုပြီးတော့ ကျွန်မကိုလည်း အဲဒီ အမကြီးရဲ့ နာမည် အတိုင်း ထက်ထက် လို့ နာမည်ပေးခဲ့ပါတယ်။ နောက် အသက်ကလေးလဲ နည်းနည်း ကြီးလာတော့ အသက် တစ်နှစ် နှစ်နှစ် အရွယ်လောက်မှာ တော်တော် အကျင့်ပုတ်တယ် ဆိုပဲ။ လူတွေ လုပ်ကြံပြောကြတာတော့ မဖြစ်နိုင်ဘူးနော် တစ်ကယ် ပုတ်ရင်လည်း ပုတ်မှာပေါ့ (ဟိ) ။ အဲတော့ ကျွန်မကို နာမည်လေးများ လှလှလေး ပေးလိုက်ကြတာ အပုတ်လေး တဲ့ (အင့် ဟင့် ဟင့် တူများကိုနော်).. ဒါပေမယ့် ကျွန်မက ငယ်ငယ်တုန်းက တော်တော် ချစ်စရာ ကောင်းတယ်လို့ ပြောဖူးတယ် မဟုတ်လား။ မျက်နှာဝိုင်းဝိုင်းလေးနဲ့ပေါ့။ အဲတော့ တစ်ချို့တွေက ခေါ်ကြတယ် အ၀ိုင်း တဲ့။ ကျွန်မ အဖေက ကျောင်းဆရာလေ။ အဖေတို့ကျောင်းက ကျောင်းအုပ်ဆရာမကြီးဆို ကျွန်မကို ခေါ်တာများ လပြည့်ဝန်း တဲ့။ ခုချိန်ထိ ခေါ်တုန်းနော်။ သြော် ချစ်စရာ ကောင်းတာ မယုံကြဘူးပေါ့လေ။ မယုံရင် *ဒီမှာကြည့်လိုက်*။ ၀ိုင်းဝိုင်း ၀န်းဝန်းလေးကို တွေ့သွားရစေ့မယ်။


နောက် အဖေက ရွာတစ်ရွာမှာ အလယ်တန်းပြ ဆရာအနေနဲ့ တာဝန် ကျတုန်းကတော့ အဲဒီ ရွာက လူတွေက ခေါ်ကြတာက မလေး တဲ့။ ခုချိန်ထိ ခေါ်တာနော်။ သူတို့တွေက ချစ်စရာ ကောင်မလေးတွေကို မလေးလို့ ခေါ်လေ့ရှိတယ်တဲ့။ နောက် ကျွန်မလည်း အသက်ကြီးလာ၊ 10 တန်းအောင်ပြီး တက္ကသိုလ် တက်တော့ တစ်ရက်လည်း ကျရော ကောင်လေး တစ်အုပ် အနောက်ကနေ လိုက်ပြီး နာမည်မေးတာ။ အမြင် ကပ်ကပ်နဲ့ ပြောထည့်လိုက်တာ စနိုး လို့။ ခေါ်လိုက်ကြသေးတယ် တစ်လလောက်။ အဲနာမည်ကိုလေ။ ပြီးတော့ ကျွန်မက မွေးရာပါ ပဲများတယ်ရှင့်။ ပဲများပြီး မွေးလာတာတော့ မဟုတ်ဘူး။ ပြောရရင် ကျွန်မ လမ်းလျှောက်တဲ့ ပုံစံကြောင့် တော်တော် များများက ပဲများတယ် ထင်ကြတာလေ။ Model တွေ catwalk လျှောက်သလိုပဲ (နောက်တာ မဟုတ်ဘူး၊ မယုံရင် လိုက်မေးကြည့်ပါလား။ လိမ်ဖယ်ဖယ်လေး လျှောက်တာ) အဲတော့ ကျွန်မ သူငယ်ချင်း တစ်ချို့ ခေါ်ကြတာက ရွှေပဲ တဲ့။ ကျွန်မကလည်း ခေါ်တိုင်း အခေါ်ခံတဲ့သူ။ ဘယ်တော့မှ စိတ်မဆိုးဘူး။ ဘယ်လိုခေါ်ခေါ် အေးဆေး။ ဈေးထဲမှာ ရွှေပဲသီးတွေ အော်ရောင်းတာတောင်မှ ကျွန်မ တစ်ခါ ကိုယ့်ကို ခေါ်တယ်ထင်ပြီး လိုက်မေးဖူးသေးတယ်။ အန်တီ သမီးကို ခေါ်လားလို့။ (ရှက်လိုက်တာ)


နောက် Blazon မှာ အလုပ်ဝင်တော့ အဲဒီကလူတွေ ခေါ်ကြတာက ရွှေထက်။ အခု လူတော်တော် များများ ခေါ်တဲ့ နာမည်လေးပေါ့။ ကျွန်မလည်း ကြိုက်ပါတယ်။ နောက်တော့ နာမည်ဘယ်သူလဲ မေးရင် ရွှေထက်ပဲ ပြောဖြစ်တာ များပါတယ်။ Planet မှာ ဖိုရမ် ၀င်ရေးတော့ နာမည်က လော်ရာ (Laura)။ ပလန်းနက်က သူငယ်ချင်းတွေဆို အပြင်မှာတွေ့လည်း လော်ရာပဲ။ နောက် မြန်မာတီးရှောပ့် ပေါ်လာတော့ နာမည်ပြောင်းရေးတယ် PinkGold။ သေချင်တဲ့ကျား တောပြောင်းဆိုတာ မှန်တယ်။ ဆိုင်မဆိုင်တော့ မသိဘူး။ အဲမှာတင် နာမည်က တော်တော် ပေါသွားတာ။ ကဒေါင်းညင်သာက စခေါ်တယ်။ ပန်းရွှေတဲ့။ နောက်တော့ ကိုတက်ဆလာတို့၊ စိန်မျောက်မျောက်တို့၊ ကိုထိုက် တို့ ခေါ်ကြပြန်တယ် ရွှေပန်း တဲ့ (ဆိုးတယ်နော)။ တစ်ချို့တွေက လာကြသေးတယ် ပန်းရောင်ရွှေတဲ့။ အဲ ဘလောဂ့်လည်း ရေးရော PinkGold ဆိုတဲ့ နာမည်နဲ့ပါပဲ။ တစ်ရက် စီမီနာ ကိစ္စ အစည်းအဝေးလေး တက်ဖြစ်ပါတယ်။ ကိုညီလင်းဆက်ကနေ စခေါ်လိုက်တာ ပင့်ကူတဲ့။ လူအဖြစ်ကနေ တိရစ္ဆာန်ဘ၀ကို လုံးလုံးရောက်တော့တာပဲ။ ခုချိန်ထိလည်း ဘလောဂ့်ဂါ တော်တော် များများက ပင့်ဂိုလ်းတောင် မခေါ်ကြတော့ဘူး။ ပင့်ကူလေး၊ မမပင့်ကူ စသဖြင့် ခေါ်ကြတာပေါ့နော်။


ကျွန်မက နာမည်သာ ပေါတာ မဟုတ်ဘူး။ ကာရံကလည်း ရှိသေးတယ်
အဖော်မပါတဲ့ လော်ရာ
အတော်ရိုးတဲ့ မယ်ပင့်ဂိုလ်း
အတော်ရိုးတဲ့ မယ်ပင့်ဂိုလ်း


အဲလို အဲလို ကျွန်မမှာ လူက မချမ်းသာ ပေမယ့်၊ နာမည်ကတော့ ပေါများ ချမ်းသာကြောင်း ပိုစ့်တင်ပြီး ကြွားလိုက်ရ ကြောင်းပါရှင်။ သြော် ကျွန်မရဲ့ နာမည်အရင်းကော သိကြလား။ မသိရင် ပြောပြမယ် တင်မြတ်ထက် တဲ့။ အဖေပေးတဲ့နာမည်။

1 comment:

ဆောင်းဟေမာန် said...

မမ ညီမလေး ချစ်စဘွယ်
နံမည်လှပါတယ်

သွယ်လျလျနဲ့ ယဉ်တာများ
မော်ဒယ်လို့ ထင်မှား

ကြွရွ လှမ်းတဲ့ ခြေလှမ်းရယ်
မူနွဲ့ ပါတယ်ကွယ်

ချစ်လို့ ခေါ်မယ် လူတကာကြား
ပင့်ကူလေးတဲ့လား။

ချစ်လို့ စတာပါ ညီမလေးရယ် စိတ်မဆိုးပါနဲ့ 