အချိန်တွေ အချိန်တွေ.. ဘယ်လို ဘယ်လို အကုန်မြန်နေမှန်းကို မသိဘူး.. 23 နှစ်မြောက်မွေးနေ့ဟာ မနေ့တစ်နေ့ကလိုပဲ စိတ်ထဲမှာ ပူနွေး မှတ်မိနေသေးတယ်.. ဟော 2008 ဆိုတဲ့ နှစ်သစ်ကြီးကိုလည်း ရောက်လာရော ကျွန်မလည်း အသက်တစ်နှစ်ကြီး လာပြန်သလို 24 နှစ်မြောက် မွေးနေ့ကို ရောက်လာပြန်ပြီ ပေါ့လေ။ ဟုတ်တယ် ဒီနေ့ ဇန်န၀ါရီလ 19 ရက်မှာ ကျွန်မ အသက် 24 နှစ်ပြည့်ပြီ။ လူတစ်ယောက်ရဲ့ သက်တမ်းဟာ 75 နှစ်ဆိုရင် ကျွန်မဟာ လူ့သက်တမ်းရဲ့ သုံးပုံ တစ်ပုံ နီးနှီးကို ဖြတ်သန်းပြီးပြီ။ ဘုရားရေ.. ကျွန်မလေ ကျွန်မ ဘာမှလည်း မဖြစ်သေးပါလား။ 24 နှစ်လုံးလုံး ကျွန်မ ဘာတွေ လုပ်နေခဲ့သလဲ၊ 24 နှစ်အတွင်းမှာ ကျွန်မ ဘာတွေ ဖြစ်ဖြစ်မြောက်မြောက် ရှိခဲ့လဲ၊ 24 အတွင်းမှာ ကျွန်မရဲ့ အမှတ်ရစရာလေးတွေက ဘာတွေဖြစ်မလဲ။ ရှေ့ဆက်ပြီးတော့ကော ကျွန်မ လောကကို ဘယ်လို လျှောက်လှမ်းမလဲ။ ဟုတ်တယ် ဒါတွေဟာ မတွေးချင် ပေမယ့် တွေးရမယ့် အရာတွေ။ အတိတ်ဆိုတာ မေ့ချင်ပေမယ့် မှတ်မိနေတဲ့ အရာတွေ။ ကျွန်မ ဘာတွေ လုပ်ပြီးပြီလဲ တစ်ချက်လောက် ကိုယ့်ကိုကိုယ် Self Evaluation လုပ်ကြည့်ချင်တယ်။ Ok.. တစ်ခုချင်းစီ လုပ်ကြည့်လိုက်မယ်…။
ပညာရေး။ ။ B.Com ဆိုတဲ့ စီးပွားရေးဘွဲ့ (ရသာရတာ ဘာမှမတတ်.. အလုပ်ဝင်မှ ပြန်လေ့လာယူရတယ်) တစ်လုံး ရထားတာကလွဲရင် ကျွန်မဟာ ဘာကောင်မှ မဟုတ်ပါဘူး။ သင်တန်းတွေ တက်ဖို့တော့ အမြဲ Plan တွေချဖူးတယ်..ဘယ် တက္ကသိုလ်က ဘာ ဒီပလိုမာကို လှမ်းဖြေမယ် ပေါ့လေ။ နောက်ဆုံးတော့ ပင့်ဂိုလ်းဆိုတဲ့ ကျွန်မရဲ့ စကားသံတွေဟာ သင်္ကြန်အမြောက်လိုပါပဲတဲ့ရှင်။ တက်ချင်ပါတယ်။ သူတို့တွေက ကြေးကြီးတာကိုလို့။ နေအုံး ဒေါ်လာရှာလိုက် အုံးမယ်။ တစ်လကို ဒေါ်လာ 500 လောက်ရှာနိုင်တဲ့ အချိန်မှာ တက်ချင်တာ အကုန်တက်မယ်ကွ။ ခုတော့ MBA ဆိုတဲ့ ဘာဆိုလည်း မသိပါဘူး ဘိဇီးနက်ကို စီမံတာဆိုလား ဘာဆိုလားကို တက်ဖို့ကြိုးစား နေတယ်။ လုပ်ဖြစ် မလုပ်ဖြစ်ကိုတော့ 25 နှစ်ကျရင် ပြန်ပြောမယ်နော်။
အလုပ်အကိုင်နှင့် စီးပွားရေး။ ။ အင်း တပ်ထားတဲ့ ခေါင်းစဉ်လေးကတော့ နည်းနည်း ကြီးကျယ်သလို လှလည်း လှတယ်ရှင့်။ ကျွန်မကို အထင်တွေ မကြီးကြနဲ့အုံးနော်။ ကျွန်မ ဘာစီးပွားရေးမှ မလုပ်ပါဘူး။ Company တစ်ခုမှာ မဖြစ်စလောက် လစာလေးနဲ့ အလုပ်လုပ်နေတဲ့ သာမန်မိန်းကလေး တစ်ယောက်ပါ။ 23 နဲ့ 24 ကြားမှာ Brand Executive ဆိုတဲ့ ရာထူးတစ်ခုကို ရခဲ့တာက လွဲရင် စုမိ ဆောင်းမိတာ မှန်သမျှဟာ ဗိုက်ထဲမှာ ပါပဲရှင်။ စားလိုက် သောက်လိုက် ပျော်ပါးလိုက်နဲ့ ဘာဆို ဘာမှ အဖြစ်မရှိတဲ့ ပင့်ဂိုလ်းပါ။ ဒါပေမယ့် ကျွန်မ လုပ်ငန်း အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ ပညာတွေ အများကြီး လေ့လာခဲ့ရတယ်။ စဉ်းစား တွေးခေါ်ပုံတွေနဲ့ နပန်လုံးခဲ့ဖူးတယ်။ အလုပ်တွေအများကြီး ပြီးမြောက်အောင် လုပ်ခဲ့ဖူးတယ်။ တော်ပါသေးရဲ့ရှင်…. ဒါလေးတွေ ငါတတ်ခဲ့ပါလား.. ဆိုတာလေးနဲ့ ဖြေတွေးစရာလေးတွေ ရှိနေပါသေးတယ်နော်။
လူမှုဆက်ဆံရေး။ ။ ကျွန်မဟာ အရင်တုန်းက တော်တော်လေးကို လူကြောက်တဲ့ သူတစ်ယောက်ပါ။ လူတော မတိုးရဲဘူး။ လူတွေရဲ့မျက်နှာကို စေ့စေ့ကြည့်ပြီး စကားမပြောရဲဘူး။ ရည်းစား စကားလိုက်ပြောတာ ခံရရင်တောင် ထွက်ပြေးတတ်တဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့် ဒီနှစ်တွေ အတွင်းမှာ ကျွန်မ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပြီး အရမ်းကို တိုးတက်လာခဲ့တယ်။ စကားတွေကို လှလှလေး ပြောတတ်လာသလို မရင်းနှီး မသိသေးတဲ့ လူတွေနဲ့လည်း ပေါင်းသင်းဖို့ ရဲလာခဲ့ပါတယ်။ Blog လောကကို ၀င်မိတာကြောင့် သိပ်ချစ်စရာ ခင်စရာ ကောင်းတဲ့ သူငယ်ချင်းတွေကိုလည်း ရရှိခဲ့ပြီး team work ဆိုတဲ့ စကားလုံးရဲ့ အဖိုးတန် အသုံးဝင်ပုံတွေကို လက်တွေ့ကျကျ သိခဲ့ရတယ်။ တစ်ကယ်ပါ ကျွန်မဟာ မချစ်တတ် မခင်တတ်တဲ့သူလို့ ကိုယ့်ဟာကိုယ် မှတ်ယူခဲ့ပေမယ့် ဒီနှစ်တွေမှာ ကျွန်မသိပ်ချစ်တဲ့ သူငယ်ချင်းတွေကို တွေ့ခဲ့ရတယ်။ ကျွန်မ အရမ်းဝမ်းသာပါတယ်။ ဘုရားပေးတဲ့ ဆုအနေနဲ့ မှတ်ယူပါတယ်။ နောက်တော့ ကျွန်မ လူတွေရဲ့ စိတ်နေသဘောထားတွေကို အရင်ကထက်ပို ပြီသိခဲ့ရတယ်။ ရှေ့ကွယ်တစ်မျိုး နောက်ကွယ်တစ်မျိုး လုပ်တတ်တဲ့သူတွေ၊ လုပ်ငန်းခွင်ထဲမှာ အတို့အထောင် လုပ်တတ်တဲ့ သူတွေ၊ သူများ ပျက်စီးရာ ပျက်စီးကြောင်း သေချာစောင့်ကြည့်လေ့လာပြီး အမှားတွေ့တာနဲ့ ချက်ချင်းကို ကောက်ကာ ငင်ကာ တိုင်တောတတ်တဲ့ သူတွေ။ လူတွေ လူတွေ ကောင်းတဲ့သူတွေ၊ မကောင်းတဲ့သူတွေ။ ဒီနှစ်ထဲမှာမှ တော်တော်လေးကို ကြုံခဲ့ရတာပါ။ ကျွန်မ လူတွေကို ပိုသတိထား တတ်ခဲ့တယ်။ လူတိုင်းဟာ မယုံရဘူးဆိုတာ လက်တွေ့ကျကျ နဖူးတွေ့၊ ဒူးတွေ့တွေ့ခဲ့ရပါတယ်။ ဘာပဲပြောပြော အားလုံးဟာ ကျွန်မတွက် အကောင်းလို့ပဲ မှတ်ယူပါတယ်ရှင်။
အချစ်ရေး။ ။ မပြောဘူး။ အသေသတ်။ စကား လာမအစ်နဲ့။ လည်ပင်းလာမညှစ်နဲ့။ ပြောဘူးဆို ပြောဘူးပဲ။ (သိပ်လည်း အထင်မကြီးကြပါနဲ့.. ပြောစရာ မရှိလို့ပါ.. ဟီး)
အခြားအရာများ။ ။ ဒါတွေဟာလည်း ကျွန်မအတွက် အရေးကြီးတဲ့ အရာတွေပါ။ 88 တုန်းက.. ပိစိကွေးလေးတုန်းက ခပ်ရေးရေးသာ သိခဲ့ မြင်ခဲ့ဖူးတဲ့ တော်လှန်ရေးဆိုတာကြီးကို စက်တင်ဘာမှာ ကျွန်မ မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရတယ်။ သတ်တာတွေ၊ ဖြတ်တာတွေ ပစ်တာ ခတ်တာတွေ၊ ရိုက်နှက်တာတွေ အားလုံးဟာ မမြင်ချင်မှ အဆုံးပဲ။ အိပ်မက်ထဲထိတောင် လိုက်လိုက် နှိပ်စက်နေခဲ့တယ်။ စက်တင်ဘာမှာပဲ Blog Seminar ကြီးကို Blogger တွေနဲ့ပေါင်းပြီး စည်းစည်းလုံးလုံးနဲ့ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်။ ကျွန်မအတွက် အပျော်ဆုံးနဲ့ မေ့မရနိုင်တဲ့ အဖြစ် အပျက်တွေပဲပေါ့။ ကျန်ပါသေးတယ်။ ပြောစရာတွေ ကျန်ပါသေးတယ်။ မပြောတော့ပါဘူး..
ဒီနေ့ ကျွန်မ ဘလောဂ့်လေးကို လာလည်သူတိုင်းကို ခါတိုင်းထက်ပိုပြီး ကျေးဇူးတင်ပါတယ်။ ကျွန်မ မွေးနေ့လေးမှာ ပျော်ပျော် ရွှင်ရွှင်နဲ့ e-food တွေကို သုံးဆောင် သွားကြပါနော်။ အားလုံး အဆင်ပြေပါစေ။ ပျော်ရွှင်ကြပါစေ။

ကော်ဖီတွေလည်း သောက်ကြပါ အုံးးးးး

ဒါကတော့ လက်ခံရရှိတဲ့ လက်ဆောင်လေးတွေပါ။ မွေးနေ့ မတိုင်ခင် ကတည်းကကြိုပေးထား ကြတာပေါ့
ဘန်ကောက်က ချစ်ဆုံးသူငယ်ချင်း ပို့လိုက်တဲ့ wallet

Demo ပေးတဲ့ အရုပ်ကလေး

မဂျစ် ပေးတဲ့ ဖိနပ်လေး

Pinkgold ကို ပန်းရောင်လေးတွေပဲ ပေးကြတာ ထူးခြား မနေဘူးလား။ အားလုံးကို ကျေးဇူး အရမ်းတင်ပါတယ်ရှင်။
23 comments:
Perfect Birthday
On your birthday I wish you much pleasure and joy;
I hope all of your wishes come true.
May each hour and minute be filled with delight,
And your birthday be perfect for you!
လန်းဆန်းကြည်လင်တဲ့ နှစ်သစ်နှင့်အတူကျရောက်လာတဲ့ လော်ရာရဲ့ မွေးနေ့ ကစပြီး .. ဘ၀ကိစ္စအ၀၀တို့ ၌
ဘေးရန်ခပ်သိမ်းကင်းပါစေ၊ ကြောင်းကြ ခပ်သိမ်းကင်းပါစေ၊ ပျော်ရွှင်သာယာတဲ့ အချိန်ကာလတို့ ကို ဖြတ်သန်း
ကုန်လွန်ပြီးသကာလ ငြိမ်သက်အေးချမ်းသော ဘ၀အဆုံးရှိပါစေလို့  တောင်းဆုမွန်ပြုပါတယ်။
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ပင့်ကူ..
လိုတာပြည့်ပါစေ..
ညနေကျရင် ကြံစည်ထားတာ အောင်မြင်ပါစေ..
=P
ပျော်ရွှင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်...စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါစေ မပင့်ဂိုး..
မွေးနေ့မှာ ပျော်ရွှင်ပါစေ..မွေးနေ့လွန်သွားတဲ့ နောက်ရက်တွေမှာလည်း ပျော်ရွှင်ပါစေ ......
မွေးနေ့မင်္ဂလာပါနော် ထက်ရေ..မွေးနေ့မှာစပြီးနောင်နှစ်ပေါင်းများစွာ တိုင်ပျော်ရွင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေ...အရာရာလဲ အဆင်ပြေပါစေနော် ဘလော့ကနေ ကျွေးတာတော့ မ၀ဘူးကွာ.. အပြင်မှာလဲကျွေးကွာ...မွေးနေ့လက်ဆောင်ပေးမယ် မျက်လုံးမှိတ်ထား အာဝါးးးးးးးးး ♥♥♥♥
ပျော်ရွှင်ဖွယ်ရာ မွေးနေ့မွေးရက်လေး ဖြစ်ပါစေနော်... ဖြစ်ချင်တဲ့ဆန္ဒတိုင်းကို လက်တွေ့အကောင်အထည်ဖော်နိုင်ပါစေနော်....
ပိုးလ်ဂင့် လို့ပြောင်းခေါ်မယ်...
မယ်ပိုးလ်ဂင့်က “အီးဖု” တွေကျွေးတယ်တဲ့
ကိတ်မုန့်လဲ ဟုတ်ဘူး စားဘူးဟေ့....
ညနေ ဘာတွေ ကြံစည်ထားလဲဟင်... နာလဲပါမယ် :$
မုန့်တွေ အ၀စားသွားတယ်ဗျာ. ကျေးဇူး. လိုက်ပွဲလေးချပါဦး. :) ပင့်ဂိုးလ်တစ်ယောက် ကျန်းမာချမ်းသာလို့ လန်းဖြာကာ ၀မ်းသာနိုင်ပါစေဗျားးးး (အဲဒါ သီးလေးသီးမဟုတ်ဘူးနော်. ငါးသီး. ရန်သီးတဲ့ဗျ) ဟတ်ဟတ်
ဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ညနေကျရင် လူမိုက်တို့ရဲ့ သွားရာလမ်းမှာ မုန့်ကျွေးမှာမို့ လာနိုင်ရင် လာခဲ့ကြနော် ပုန်းနေမယ် ဟိဟိ
မွေးနေ့ လေးမှာ ချစ်ခင်ရသူအပေါင်းနဲ့  ပျော်ရွှင်ပါစေ အမ ပင့်ကူး ရေ...
လက်ဆောင်လေး..လောင်စွပ်သယ်လာ တာစီစစ်ရေးက ဆပလိုင်းချက်ဝင်တာနဲ့ .. ထားခဲ့ရတယ်..
http://www.dkimages.com/discover/previews/865/15018960.JPG
ဒီလင့်လေးက ပဲကြည့်ပြီး ယူလိုက်ပါတော့နော့...။
မွေးနေ့မှသည် နောင်နှစ်ပေါင်း(၁၂၀)ကျော်တိုင်အောင် ပင့်ဂိုးစိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့... ဘ၀ရီးကို ဘ၀လက်တွဲဖော် ချစ်တဲ့သူနဲ့အတူ ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေလို့ ....
သူငယ်ချင်းရေ...
အေးချမ်းသွားတဲ့အခါ တို့ကိုလည်း မေ့မသွားနဲ့အုံး....။
ပင့်ဂိုးရေ
ဟက်ပီး ဟက်ပီး ဟက်ပီး ဘတ်ဒေးပါနော်
မွေးနေ့မှာပျော်ရွှင်စရာ တစ်ပွေ့တစ်ပိုက်ကြီးနဲ့
နောင်နှစ်ပေါင်းများစွာကိုဖြတ်သန်းနိုင်ပါစေ
Hello PinkGold,
The Brightness Days...Successful Life...Lovely Friedns...Will be filled and surrounded you...
Your Dreams and Wish may come true on this special day and throughout your Life.
Happy Birthday
PinkGold,
Happy 24th Birthday..
May all your dreams & wishes come true..
အမြဲတမ်းပျော်ရွှင်နိုင်ပါစေ..
ခင်တဲ့
ဒီမို
ဟတ်ပီးဘတ်ဒေး စစ် ဘလော့ဂ်မှာကော်ကော်လာသောက်သွားတယ် ဒါနဲ့တော့ မရဘူး မသောက်ရရင် မနေနိုင်လို့ ညနေကြရင်တော့ လာထား ငှက်ငှက်ငှက်
happy birthday ပါ ညီမလေး..အစာရှာထွက်လာရင်း မုန့်တွေနဲ့ တည့်တည့်တိုးလို့ဝါးးတယ်...။ ဒေါ်လာတွေ၇ပြီး တက်ချင်တဲ့ဟာတွေ တက်နိုင်ပါစေကွယ်..။
မေါးနေ့မှသည် နောင်နှစ်များစွာတိုင် ငြိမ်းချမ်း အောင်မြင်
ပျော်ရွှင် အဆင်ပြေပါစေ။ အစ်မပင့်ဂိုးရေ ဘဲချောချောလေးနဲ့
လည်း တွေ့ပါစေ ဟတ်ဟတ် ။။။
ပန်းရောင်ချစ်တဲ့ ပင့်ဂိုးလ်လေးရဲ့ မွေးနေ့မှာ
စိတ်ချမ်းသာမှုအပေါင်းနဲ့ ပြည့်ပြီး လိုရာခရီးကို အရောက်လှမ်းနိုင်ပါစေ။
ပြောပြလို့ မရတဲ့ အရေးတွေလည်း မြန်မြန် ပြောပြနိုင်ပါစေ။ ဟဲဟဲ။
ဟတ်ပီးဘတ်ဒေး ညီမလေးရေ မွေးနေ့ မှာ ဟက်ပီး ၀ဲတီး ဟဲတီး လပ်ကီးဖြစ်ပါစေလို့ 
ံHappy, Wealthy, Healthy, lucky birthday to you.. အာဘွား လက်ဆောင်ပေးလိုက်ပြီ
မွေးနေ့နှစ်တရာ တိုင် ပျော်ရွှင်ချမ်းမြေ့ပါစေ..
အမြဲပဲ ချစ်ခင်နေမဲ့
အန်တီ ခင်မင်းဇော်
Happy Birthday Pinkgold yaye..
All the best!!
(malayy is not at home.. MMfont ma shi lo bar)
မွေးနေ့မှာ လာရောက် ဆုတောင်းပေးကြတဲ့ သူတွေ အကုန်လုံးကို အရမ်းကို ကျေးဇူးတင်ပါတယ်။ ပင့်ဂိုလ်း အနေနဲ့ blogger မောင်နှမတွေ အကုန်လုံးနဲ့ မွေးနေ့ ကျင်းပ ချင်ပါသေးတယ်။ အဲလို ဖြစ်နိုင်ပါစေလို့လည်း ဆုတောင်းနေပါတယ်ရှင်။ အားလုံးပေးတဲ့ ဆုနဲ့လည်း တစ်လုံး တစ်ဝကြီး ပြည့်ချင်ပါသေးတယ်ရှင်
Happy Birthday ပါဗျို့ !!!
Post a Comment