Friday, January 25, 2008

The Benefits of an Online Relationship!

ကျွန်မ ဘလောဂ့်လောကနှင့် အွန်လိုင်းအချစ်အကြောင်းကို ရေးဖို့ ကြိုးစားခဲ့ပေမယ့်.. ဘာကြောင့်လဲ မသိဘူး အဲဒါရေးမယ်လို့ ပြောတိုင်းကို ထောက်ခံတဲ့သူကနည်းနည်း တားတဲ့ သူကများနေတာကြောင့် မရေးတော့ ပါဘူးလေ ဆိုပြီး မရေးပဲ နေခဲ့ပါတယ်။ ကျွန်မ အကောင်းဘက်ကနေ တွေးပြီးရေးဖို့ စိတ်ကူးတာပါ။ ဒါပေမယ့် ကျွန်မကလည်း ကျွန်မရှင့်။ စိတ်ထဲမှာ တစ်ခုခုကို လုပ်ချင် နေပြီဆိုရင် မလုပ်ရရင် ဘယ်လိုကြီးမှန်းကို မသိ။ လူတွေကိုသာ ဖွင့်မပြောတာ စိတ်ထဲမှာတော့ တစ်နုံ့နုံ့နဲ့ပေါ့။ တစ်ကယ်တော့ Online Relationship အကြောင်းကို ကျွန်မ အကောင်းဘက်ကနေ တွေးပြီးရေးမှာပါ။ အင်တာနက် ဆိုတာကြီး ခေတ်စားလာတဲ့ အချိန်မှာ အွန်လိုင်းဆိုတာလည်း လူတွေရဲ့ ဘ၀ တစ်စိတ် တစ်ဒေသ ဖြစ်လာတယ်ဆိုတာ အားလုံးလည်း လက်ခံပြီးသားပါ။ ဒီတော့ အွန်လိုင်းမှာ သံယောဇဉ်ဖွဲ့ကြတာ မဆန်းပါဘူး။ ဖြစ်လည်း ဖြစ်သင့်တဲ့ အရာတစ်ခုပါ။ အားအား ယားယားတော့ လျှောက်မကျူကြနဲ့ပေါ့ရှင်။ အွန်လိုင်းကို မှန်မှန် ကန်ကန် သုံးတဲ့သူတိုင်းဟာလည်း အလဟသ မဟုတ်တစ်ရုတ်တွေနဲ့ အချိန်ကုန် နေကြတာ မဟုတ်ပါဘူး။ အဲတော့ ကျွန်မ ပြောချင်တယ် အွန်လိုင်း relationship က ဘာတွေ ကောင်းလဲပေါ့လေ။ ကျွန်မလည်း တစ်အားကြီး လေ့လာ ထားတာတော့ မဟုတ်ပါဘူး။ ဟိုရှာ ဒီဖွေနဲ့ သူများတွေ ပြောစကားကို လိုက်မှတ်သားရင်း ရလာတဲ့ အချက်ကလေးတွေပါ။ ကျွန်မပြောတာတွေ မှားရင်လည်းမှားမယ်၊ မှန်ရင်လည်း မှန်မယ်.. Anyway ပါ.. ရေးချင်တာတော့ရေးမှာပဲ..(ကွိကွိ… Amazon ဒေသက လာတာ မဟုတ်ပါ။ ဘာညာ့ဆီက ကူးတာ)

သြော် ကျွန်မပြောမှာက အွန်လိုင်း ချစ်သူအကြောင်းပဲ မဟုတ်ဘူးနော်။ အရမ်းကို ခင်သွားကြတဲ့ သူငယ်ချင်းတွေအကြေင်းလည်း ပါပါတယ်တဲ့ရှင်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ ကိုယ်တိုင်တောင် အွန်လိုင်းမှာ အချစ်ဆုံး သူငယ်ချင်းတွေ ကိုယ်စီရှိကြပြီး သူတို့တွေများ အွန်လိုင်းတက်မလာခဲ့ရင် နေမထိ ထိုင်မသာ ဖြစ်ပြီး လွမ်းလွမ်း ဆွေးဆွေးလေး ခံစားတတ်ကြသေးတယ် မလား။ အိုကေ ပေရှည်တာနားပြီး ပြောချင်တာ ပြောတော့မယ်။ ကျွန်မပြောမှာက သူများစကားတွေကို လိုက်စုဆောင်းထားတဲ့ အချက်ကလေး နည်းနည်းထဲပါ။

  1. "အွန်လိုင်းမှာ ချစ်ကြတာတွေရဲ့ အကောင်းဆုံးအချက်ကတော့ လူနှစ်ယောက်ဟာ လူချင်း မတွေ့ပဲတောင် သူတို့တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေနဲ့ သံယောဇဉ် နှောင်ဖွဲ့မိကြပြီး နောက်ပိုင်းမှာ စိတ်ချင်းဆက်သွယ် ချစ်မိသွားတာပဲလို့ ကျွန်မယုံကြည်ပါတယ်။ သူတို့တွေဟာ တစ်ယောက်အကြောင်းကို တစ်ယောက် နက်နက်ရှိုင်းရှိုင်း သိမြင်နားလည်လာတယ်။ ဒီလို နားလည်လာခြင်းဟာ ချစ်ခြင်းရဲ့ အဓိကကျတဲ့ အရာပဲ မဟုတ်လားရှင်" -Mary Sammons
  2. "ဘာပဲ ဖြစ်ဖြစ်ပါ. နောက်ဆုံးမှာတော့ လူချင်းတွေ့ကြတာ အကောင်းဆုံးပါပဲ" -Sandy
  3. "နှစ်ယောက်သားသာ တစ်ယောက်တစ်နေရာစီမှာ နေနေကြတယ်။ ဝေးတာပဲ ဖြစ်ဖြစ် နီးတာပဲ ဖြစ်ဖြစ်ပေါ့။ အဲတော့ တစ်ယောက်က တစ်ယောက်ကို လွှမ်းမိုးတာမျိုး မရှိတော့ဘူး။ အပြင်လောကကြောင့် တစ်ယောက်ကို တစ်ယောက် စိတ်ပျက်စရာ မျိုးတွေလည်း မကြုံရတော့ဘူး" -Charlene
  4. " ကျွန်တော်တို့ စကားပြောရင်းနဲ့ပဲ တစ်ယောက်အကြောင်း တစ်ယောက် အများကြီး သိလာကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ မသိတဲ့ လျှိုထားတဲ့ အကြောင်းအရာတွေလည်း ရှိအုံးမှာပါပဲ။ အဲဒါတွေကတော့ နောက်ပိုင်း ဆက်ဆံရေးမှာ နည်းနည်းတော့ စိတ်ရှုပ်စရာလေးတွေ ဖြစ်လာနိုင်တာပေါ့" -SAK
  5. "အွန်လိုင်းမှာ ချစ်ကြတာက ပိုပွင့်ပွင့် လင်းလင်းရှိတယ်၊ ပိုပြီးတော့ ရိုးရိုးသားသား ပြောလို့ရတယ်။ ကိုယ့်အကြောင်းကို အားမနာတမ်း ပွင့်လင်းစွာ ပြောနိုင်တယ်" -Allison
  6. " ကျွန်တော်တို့ တစ်ယောက်အကြောင်းကို တစ်ယောက် လေ့လာနိုင်တယ်ဗျာ။ လူချင်းတွေ့လို့ မပြောဖြစ်တဲ့ ရင်ထဲက ခံစားချက်တွေကိုတောင် အွန်လိုင်းမှာ ရင်ဖွင့်လို့ သိပ်ကောင်းတယ်" -Rachel
  7. "အွန်လိုင်း ဆက်ဆံရေးမှာ ကျွန်မ တွေ့ရတဲ့ အဓိက အားသာချက်ကတော့ communication skill တိုးတက်လာတာပဲရှင့်။ ကိုယ့်ရဲ့ ခံစားချက်ကို စကားလုံးတွေနဲ့ ဘယ်လို ဖော်ပြရမလဲ ဆိုတာ ကောင်းကောင်း သိလာတယ်။ အပြင်မှာ ချိန်းတွေ့စရာလည်း မလိုတဲ့အတွက် သူ့အတွက် အထူးရွေးချယ်ပြီး အ၀တ်တွေ ၀တ်ရတာမျိုးတို့၊ သူကြိုက်တဲ့ ရုပ်ရှင်ကို ရွေးကြည့်ရတာမျိုးတော့ စတာတွေနဲ့ နပန်းလုံးစရာ မလိုတော့ဘူးပေါ့" -Melissa Vladar
  8. "ကျွန်မတို့ ချိန်းတွေ့တဲ့ အခါလည်း sex နဲ့ပတ်သတ်တဲ့ pressure တွေ၊ လက်ပွန်းတတီး ရင်နှီးထွေးပွေ့ မှုတွေ စတာတွေကို ကြောက်စရာမလိုဘူးလေ။ အွန်လိုင်းမှာ အဲလိုကိစ္စ အရှုပ်အထွေးတွေ ဘာမှ မရှိပါ ဘူး။ " -Adena
  9. " အွန်လိုင်းမှာ ချစ်ကြတာရဲ့ ကောင်းတဲ့ အချက် တစ်ချက်က ကျွန်မတို့ရဲ့ ရုပ်ရည်ရူပကာ ပယောဂကြောင့် မဟုတ်ပဲ ဒီလူကို ချစ်တာ၊ ဒီလူရဲ့ စိတ်ဓတ်ကို ချစ်တာ အဲဒါပါပဲရှင်" -S. Mazingo
  10. "တစ်ကယ်လို့ အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲကြမယ်ဆိုရင်တောင် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ (ဥပမာ..ပါးရိုက်တာ ဘာညာ) မျိုးတွေ မဖြစ်စေပဲ စကားလုံး သက်သက်နဲ့ ရပ်စဲလို့ရတယ်လေ။" -Yewande Fasoranti
  11. "အွန်လိုင်း ဆက်ဆံရေးမှာ အားသာချက်တစ်ခု ရှိတာက လူတစ်ဘယ်လို ရုပ်ရည်ရူပကာ ရှိတယ်ဆိုတာတွေကို ထည့်တွက်စရာမလိုပဲ အဲဒီလူရဲ့ စိတ်နှလုံးနဲ့ စရိုက်ကို လေ့လာနိုင်ဖို့ အခွင့်အရေးတွေ ရှိလာတာပဲပေါ့။ စိတ်လှတဲ့ သူတစ်ယောက်ကို ချစ်ရတာဟာ ချစ်ခြင်းတွေထဲမှာ အလှပဆုံး ချစ်ခြင်းတရားပဲ မဟုတ်လား" -Debra Williams
  12. "သူတို့တွေ ကိုယ့်အိမ်နားမှာ နေတာထက်ကို သူတို့အကြောင်း လေ့လာရတာ ပိုလွယ်တယ်ဗျ။ သူတို့တွေရဲ့ ကိစ္စအ၀၀တွေ၊ စိတ်ဝင်စားတဲ့ အရာတွေ ပြောဖို့ အခွင့်အရေးတွေ အများကြီးရတယ်ဗျ" –Manny
  13. "Online relationship မှာ ကျွန်မတို့တွေဟာ နားထောင်မှု စွမ်းရည်နဲ့ စကားပြောစွမ်းရည်တွေ တိုးတက်လာ တယ်လေ" -Sandy

  1. “သံယောဇဉ်တွေ တဖြည်းဖြည်းတိုးလာတာ။ အွန်လိုင်းမှာ ဆိုရင် လက်တွေ့ပြဿနာတွေနဲ့လည်း ကင်းဝေးနေတယ် အဆင့်အတန်းတွေ ဘာတွေလည်းမရှိဘူး ပြောရတာလည်း မျက်နှာချင်းဆိုင်မဟုတ်တော့ ပိုပြီး သက်တောင့်သက်သာ ရှိတယ် ကိုယ်နဲ့ မကိုက်ရင်လည်း ရှောင်တိမ်းရလွယ်တယ်လေ”- Kaung Kin Ko


ဒါတွေကတော့ အွန်လိုင်း ဆက်ဆံရေးနဲ့ ပတ်သက်ပြီး လူတော်တော်များများ ပြောပြကြတဲ့ အချက်ကလေးတွေပေါ့။ ကျွန်မရေးတာဟာ Benefits တွေကိုပဲ ရေးတာ ဖြစ်လို့ အွန်လိုင်းမှာ မကောင်းတဲ့ အချက်တွေကို ထည့်မရေးထားပါဘူး။ မကောင်းကြောင်းသာ ပြောရရင်တော့ A-4 နဲ့ 15 မျက်နှာလောက် ရှိလိမ့်မယ်။ ဖတ်ကြမလား ရေးပေးမယ်လေ..အဟိ။ ပြီးတော့ အားအား ယားယား အချိန်ပေါတိုင်း မိန်းကလေးတွေကို လိုက်ကျူ၊ ယောင်္ကျားလေးတွေကို လိုက်အီစီကလီ ရိုက်နေတဲ့ မိန်ကလေးမျိုး တွေအတွက် မဟုတ်ပဲ အမှန်တစ်ကယ် ချစ်ကြ ခင်ကြတဲ့ သူတွေအတွက်သာ ရည်ရွယ်ကြောင်းပါရှင်။

4 comments:

phoe thu taw said...
This comment has been removed by the author.
phoe thu taw said...

ကိစ္စတစ်ခုမှာ အကျိုးနဲ့အပြစ်ဆိုတာရှိတဲ့ အတွက် ဒီကိစ္စမှာလဲ အကျိုးအပြစ်တွေရှိနိုင်ပါတယ်။ အွန်လိုင်းရည်းစားထားတယ်ဆိုတာ အချိန်ကုန် လူသက်သာတာတော့ဟုတ်ပါတယ်။ဒါပေမဲ့ အသေအချာ ဆန်းစစ်ဖို့လို့အပ်ပါတယ်။အထူးသဖြင့်မိန်းကလေးတွေ ပိုအဓိက ကြပါတယ်။ ပထမဆုံးတော့ အပြင်မှာ အရင်တွေ့သင့်ပါတယ်..ထိုက်သင့်တဲ့ ရင်းနှီးမှုမျိုးရပြီးရင်ပေါ့။ ပြီးမှစဉ်းစားပေါ့။ ဟုတ်တယ်မို့လား။ အမရေးထားတဲ့စာလေးတွေ ကောင်းတယ်။ ဒီလိုကိစ္စမျိုးတွေ နောက်ပိုင်းကျွန်တော်တို့ဆီမှာ အများကြီးဖြစ်လာဦးမှာ။ ကောင်းကျိုးဆိုးကျိုးတွေ များများရေးနိုင်မှ တန်ကားကြမယ်။လေးစားပါတယ်။

pandora said...

အွန်လိုင်းမှာ ချက်ကြတဲ့အခါ ဘာနဲ့တူလဲ ဆိုတော့ မမြင်ကွယ်ရာနဲ့တူတယ်။ သူနဲ့ကိုယ်နဲ့ နှစ်ယောက်တည်း ရေးကြတဲ့ စကားတွေကို သူများမမြင်ဘူး၊ နှစ်ကိုယ်တည်း ဆိုတဲ့ အာရုံကိုရတယ်။ နောက်တစ်ခုက စာကိုချရေးရင် ပါးစပ်ကပြောတာထက် ပိုပြီး ပြောရဲဆိုရဲရှိတယ်။ အဲဒီအခါမှာ ပြောသူ နှစ်ယောက်ဟာ ယောင်္ကျားလေးနဲ့ မိန်းကလေး ဖြစ်နေခဲ့ရင် တချို့လူတွေအဖို့ လှုပ်ခတ်သွား တတ်ကြပါတယ်။ ဒါကြောင့်လည်း အွန်လိုင်း ဆက်ဆံရေးဆိုရင် ကြူနေကြတာချည်းပဲလို့ နာမည်ဆိုးဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် တကယ့် စိတ်ရင်းစေတနာက ကောင်းမယ်။ မဟုတ်တာလုပ်ဖို့ ရည်ရွယ်ရင်းမဟုတ်ဘူး။ တယောက်အကြောင်း တယောက် သိဖို့ အချိန်တစ်ခုကို ကျော်ဖြတ်သွားမယ် ဆိုရင် နောက်ပိုင်းမှာ စိတ်ချင်း သေသေချာချာ နားလည်တဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်သွားနိုင်တယ်။
အွန်လိုင်းကနေ လုံးဝ စကားမပြောပဲ ရှောင်နေမှာလား ကိုယ့်ကိုကိုယ် ထိန်းနိုင်သမျှထိန်းပြီး ကောင်းတာကို ရောက်လာအောင် ကြိုးစား နေသွားမှာလားဆိုတာ ရွေးချယ်နိုင်ကြပါတယ်။

ပင့်ဂိုးလေး အပါအ၀င် ဘလော့ဂါ မောင်နှမတွေ အတော်များများကို လူချင်း မဆုံကြသေးပေမယ့် တကယ် ဖြူစင်စွာ ရင်းနှီး ခင်မင်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြလို့ ၀မ်းသာတယ်။

Chaos said...

ဟုတ်တယ်နော်
အွန်လိုင်းရည်းစားဆိုတာထက်
တကယ်တမ်း တအားခင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတာလဲ အများကြီးပါပဲ
ကိစ္စတိုင်းမှာတော့ အကောင်းအဆိုး ဒွန်တွဲနေမှာပါပဲလေ
မရွှေထိုက် အိုင်ဒီယာလေးကောင်း၏