Blog ပေါ်မှာ ကြေငြာထားတဲ့အတိုင်းပါပဲ.. ကျွန်မအခု ရတနာပုံ တယ်လီပို့ ဆိုတာကိုရောက်နေပါတယ်။ မန္တလေး-ပြင်ဦးလွင် လမ်းပေါ်မှာ ရှိတဲ့ ပြင်စာဆိုတဲ့ ရွာကလေးမှာ တည်ဆောက်ထားတဲ့ ဆိုက်ဘာစီတီး (ခေါ်) အဆောက်အဦးတစ်ခုပါ။ အင်တာနက်ရလို့ ဆိုက်ဘာစီတီးလို့ ခေါ်တာနေမှာပေါ့နော်။ အဲဒီနေရာမှာ ဒီဇင်ဘာလ 12 ရက်နေ့ကနေ 16 ရက်နေ့ထိ The 7th Myanmar ICT Week ကို ကျင်းပနေပါတယ်။ ကျွန်မ ကြိုတင်ရေးသားထားသလိုပဲ ဖျော်ဖြေရေး အစီအစဉ်တွေ၊ Seminar တွေ၊ CEO Interview တွေနဲ့ စည်စည်ကားကားကို ကျင်းပနေတာပါ။ စည်စည်ကားကားဆိုတာက မနှစ်ကထက်စာရင် လူနည်းနည်းပိုလာတာကို ဆိုလိုတာပါ။ မနှစ်တုန်းကတော့ စစချင်းလုပ်တဲ့ နှစ်လည်းဖြစ်တယ်၊ သွားလာရေးကလည်း ခက်ခဲတယ်၊ အိုင်တီပစ္စည်းတွေ၊ အိုင်တီ Knowledge တွေလည်း ဒီနှစ်လောက် ခေတ်မစားသေးတော့ လူတွေ အလာကျဲကြတာ ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ အိုင်စီတီ ရက်သတ္တပတ် ကျင်းပနေတယ်ပေါ့လေ။
ကျွန်မလည်း အဲကို ကုမ္ပဏီနဲ့ပါသွားတော့ ရောက်သွားတာပေါ့.. (လာမှတော့ ရောက်မှာပေါ့နော်)။ ကျွန်မတစ်ခု တွေးမိတာက ဘာကြောင့်များ ဒီလိုနေရာမှာ အင်မတန်မှ တန်ဘိုးကြီးလှတဲ့ အဆောက်အဦးကြီးကိုဆောက်ပြီး ဆိုက်ဘာစီးတီး လုပ်ချင်နေရသလဲဆိုတာပါပဲ။ ကျွန်မ ဥာဏ်မမီတော့ မစဉ်းစားတတ်ဘူးပေါ့နော်။ တည်ဆောက်ထားသူများကတော့ ရည်ရွယ်ချက် ခိုင်ခိုင်မာမာ ရှိချင် ရှိမှာပေါ့ရှင်။ သွားလာရေးကလည်း ခက်ခဲပါတယ်။ မန္တလေးကနေ ပြင်ဦးလွင်ကို သွားတဲ့လိုင်းကားတွေကို စီးသွားရပါတယ်။ လိုင်းကားခကတော့ တစ်ယောက်ကို တစ်ထောင်ကျပ် ပေးရပါတယ်။ ကျွန်မတို့ကတော့ ဆက်သွယ်ရေးက လွှတ်ပေးတဲ့ ဖယ်ရီကို စီးပြီးသွားရပါတယ်။ နောက်တစ်ခုက အစားအသောက် အဆင်မပြေပါဘူး။ ဈေးကြီးတဲ့အပြင် အစားအစာလည်း ရှားပါတယ်။ အရသာရှိရှိလည်း မစားရဘူးပေါ့ရှင်။ ကော်ဖီတစ်ခွက်ကိုတောင် 800 လောက်ပေးသောက်ရတယ်ဆိုတော့ နည်းနည်းတွေးကြည့်ကြပေါ့နော်။ နောက်ပြီး ဒီအဆောက်အဦးကြီးကို တစ်နှစ်တစ်ခါ ပွဲလုပ်ဖို့အတွက်ပဲ ဆောက်ထားတာဆိုရင်တော့ မနိပ်ပါဘူး။ နောက်အနာဂတ်ကိုတော့ စောင့်ကြည့်ရမှာပေါ့လေ။ အဲဒီမှာ အင်တာနက် သုံးရတာ တော်တော်ကောင်းပါတယ်။ Wireless ကော၊ ၀ိုင်ယာကြိုးနဲ့ကော မြန်ပါတယ်။ သင်တန်းတွေသာ ဖွင့်မယ်ဆိုရင် ရှယ်ပါပဲ။ ဒါပေမယ့် တောင်ပေါ်ကြီးကို တစ်ကူတစ်က ဘယ်သူက လာတက်မှာလဲနော်။
ဒီနှစ်လာရောက်ပြသကြတဲ့ Software, Hardware, Telecom ကုမ္ပဏီများတော့ မနှစ်ကထက်စာရင် ရောင်းကောင်းကြတယ်လို့ သိရပါတယ်ရှင်။ ရောင်းအကောင်းဆုံးကတော့ Hand Set တွေပါပဲ။ FEC 10 တန်၊ 20 တန် sim card တွေကိုဝယ်ပြီး ချက်ချင်းဖုန်းပြောနိုင်ဖို့ Hand Set တန်းဝယ်ကြတာဆိုတော့ တော်တော်ရောင်းကောင်းပါတယ်။ အဲဒီကတ်တွေလည်း ခဏသာ ဟန်ရေးပြလို့ရမယ် အမြဲတမ်းသာ သုံးရမယ်ဆိုရင်တော့ ဖုန်းနံပါတ်လည်း ခဏ ခဏ ပြောင်းရ၊ ပိုက်ဆဲလည်း ခဏ ခဏ ကုန်ရနဲ့ အဆင်မပြေပါဘူးရှင်။ ကျွန်မက မ၀ယ်ပါဘူး.. ဘယ်.. ချစ်သူကို ဖုန်းနံပါတ် ခဏ ခဏ မှတ်ခိုင်းလို့ ဘယ်ဖြစ်မလဲရှင့်။ FEC 10 တန်ကတ်ကတော့ Expiry 2 ပတ်ဖြစ်ပြီး တောက်လျှောက်ပြောမယ်ဆိုရင် အ၀င် သုံးနာရီကြာကြာ ပြောရမှာဖြစ်ပြီး၊ ကိုယ်ကခေါ်ဆိုရင်တော့ နာရီဝက်လောက်ပဲ ပြောတာနဲ့ သက်တမ်းကုန်သွားမှာပါ။ တစ်ခြား laptop တွေလည်း အရောင်းမဆိုးဘူးလို့ သိရပါတယ်ရှင်။
ရတနာပုံမှာ ချမ်းမယ်ထင်ပြီး ၀တ်ဖို့အနွေးထည်တွေ ထည့်လာလိုက်တာ အိတ်လေးတာပဲ အဖတ်တင်ပါတယ်။ မချမ်းတဲ့ အပြင် အလုပ်များပြီး လူများတော့ ပူလို့တောင် နေပါသေးတယ်။ ပဲ မများခဲ့ရဘူးပေါ့ရှင်။ ဘာပဲ ပြောပြော ရတနာပုံဆိုက်ဘာစီးတီးဆိုပြီး သေချာလုပ်နိုင်မယ်ဆိုရင်တော့ တော်တော်ကောင်းပါတယ်။ မဟုတ်ရင် လူသူအရောက်အပေါက်နည်းတဲ့ လွင်တီးခေါင်ပြင်မှာ ဒါကြီးကို တည်ဆောက်ထားတာဟာ နှမြောစရာတော့ ဖြစ်လို့နေသားလားရှင်။

5 comments:
အင်တာနက်နဲ့ ရေဒီယိုမှားသွားတာနေမယ်။ ရေဒီယို အင်တာနာထောင်သလို တောင်ပေါ်တက်၊ ခပ်မြင့်မြင့်ထောင်ရင် အသံပိုကြည်ကြည်လင်လင်ကြားရတယ်မဟုတ်လား။ ထင်တာပြောတာပါ။ ဥာဏ်မမှီပါဘူးဗျာ။
အင်း...
ပြောလည်းပြော..
သတိလည်းထားဦး ပိုးလ်ဂင့်လေးရေ...
:)
အကြံအစည်တစ်ခုခုတော့ရှိရမယ်... (ကြော်ငြာထဲက လေသံအတိုင်း ပြောကြည့်တာ)
ရတနာပုံမှာ အနွေးထည်နဲ့ ပဲမများခဲ့ရပေမယ့် မြန်မာဆန်ဆန် ဘလောက်စ်လေးတွေနဲ့ ပဲများနိုင်ပါစေဗျား
Y.
လူသူမနီး၊တောတွေ တောင်တွေနားမှာပဲ ဆောက်တတ်၊နေတတ်ကြတာ အကျင့်ပါသွားလို့နေမှာပါ။
ပြန်ရောက်ပြီလား ညီမ။
မမရေ.. ကျတော်တို့က ခပ်ပိန်းပိန်းကောင်တွေဆိုတော့
သူတို့လုပ်သမျှကို လိုက်မမှီဘူးလေ။ သူတို့က မြင့်လွန်းတာကိုးး.........
Post a Comment