Thursday, March 27, 2008

Trip To Kaw Hmu

ကိုကြီးစေးထူးရဲ့ ကမကထ ပြုလုပ်တဲ့ အလှူငွေနဲ့ ကျွန်မတို့တွေ ကော့မှူးမှာ ရှိတဲ့ အောင်ဇမ္ဘူ ဘုန်းတော်ကြီး ပညာသင်ကျောင်းကို သွားရောက် လှူဒန်းခဲ့ကြပါတယ်။ အစတုန်းကတော့ ကော့မှူးဆိုတာ ရန်ကုန်တိုင်း တွင်းမှာလည်း ဖြစ်တယ်၊ ပြီးတော့ သွားရတဲ့ အချိန်ကလည်း သိပ်မကြာဘူးဆိုတော့ သက်သက်သာသာလေးပဲ သွားရမယ် ထင်တာပေါ့လေ။ ကျွန်မတို့လည်း မသွားခင်ကတည်းက လူတွေလိုက်စု၊ ဟိုလူ့သတင်းပေး ဒီလူ့ခေါ်နဲ့ တစ်ပျော်တစ်ပါးကြီးကို ခရီးအတွက် ပြင်ဆင်ခဲ့တာပါ။ ဒီအလှူအတွက် ဘယ်လောက်တောင် တက်ကြွသလဲ ဆိုရင် အားလုံး အင်္ကျီဆင်တူဝတ်ပြီး သွားကြဖို့ တိုင်ပင်ပြီး England စာတန်းပါတဲ့ T-Shirt အဖြူရောင်တွေ လိုက်ဝယ်ကြသေးတယ်။ အားလုံးကလည်း England မှ England ပါပဲတဲ့။ ခရီးမသွားရတာလည်း ကြာပြီဆိုတော့ အကုန်လုံးက စိတ်လွတ် ကိုယ်လွတ် တစ်ပျော်တစ်ပါးကြီးကို သွားကြဖို့ တက်ကြွ နေတော့တာပေါ့။ ဒါပေမယ့် မမယ်လိုဒီမောင် တစ်ယောက် မအားလို့ မလိုက်နိုင်ခဲ့တာတော့ တစ်ကယ်စိတ်မကောင်းဘူးရှင်။ ဒီလိုနဲ့ ကျွန်မတို့တွေ မတ်လ 9 ရက် တနင်္ဂနွေနေ့ နံနက် 10 နာရီလောက်မှာ ကော့မှူးကို သွားဖို့အတွက် ထွက်လာခဲ့ကြပါတော့တယ်။

စစချင်းတော့ ဒလကို ဇက်စီးရတယ်ရှင့်။ ရန်ကုန်ခဏ ရောက်နေတဲ့ စိန်မမ ကတော့ သင်္ဘောတွေ သိပ်မစီးဖူးလို့ ဇက်စီးရမှာကို ပျော်နေလေရဲ့။ လက်မှတ်တစ်စောင်ကို ဘယ်လောက်လဲ သိကြလား....? 10 ပါရှင်။ ကျပ်ငွေ တစ်ဆယ်ပါ။ ကျွန်မတို့ အုပ်စုက စုစုပေါင်း 7 ယောက်ဆိုတော့ 70 ဖိုးဇက်စီးကြတာပေါ့။ ဇက်ပေါ်မှာ ထိုင်ခုံလေးနဲ့ ထိုင်စီးချင်ရင်တော့ ထိုင်ခုံတစ်ခုံအတွက် ငွေ 150 ကျပ်ပေးပြီး ထိုင်စီးလို့ ရနိုင်ပါတယ်။ ဒလ နဲ့ ရန်ကုန်ကို 7 မိနစ်လောက်ပဲ မောင်းရပါတယ်။ ရေထဲမှာ ဇင်ယော်လေးတွေကိုလည်း အစားကျွေးလို့ ရပါသေးတယ်။ လေလေးက တစ်ဖြူးဖြူး.. ဇင်ယော်လေးတွေကိုလည်း အစာကျွေးနဲ့ သွားရတာ တစ်ကယ့်ကို Relax ဖြစ်ပါတယ်။

ဒါကတော့ ဇက်ပေါ်မှာ ရိုက်လာတဲ့ ပုံတွေပါ........




ဒါကတော့ ရန်ကုန်ဘက်ကို လှမ်းမြင်ရတဲ့ မြင်ကွင်းပေါ့... လှပါတယ် ကျွန်မတို့ ရန်ကုန်မြို့ကြီး.. စင်ကာပူနဲ့ နင်လား ငါလား....:P




ဒလ ဘက်ကိုရောက်တော့ ကော့မှူး၊ တွံတေး စတဲ့မြို့တွေကို သွားဖို့ ဒိုင်နာတွေ ရှိပါတယ်။ ခုထွက်မယ် လာထားနော်၊ ခဏနေထွက်မှာနော်.. ချက်ချင်းထွက်မှာနော် စသဖြင့် စပယာတွေက ခရီးသည်တွေကို လိုက်ခေါ်ပါတယ်။ ကျွန်မတို့လည်း ကော့မှူးသွားမယ့် ကားတစ်စီးပေါ်ကို တက်ထိုင်ပြီး ဆင်ခြံကျေးရွာမှာ သေချာချပေးဖို့ စပယာကို မှာရပါတယ်။ ကားပေါ်တက်ထိုင်လို့ တော်တော်ကြာတဲ့ အထိ ကားကလည်း မထွက်ပါဘူး။ နောက်ခရီးသည်တွေကို စောင့်နေတယ်နဲ့ တူပါတယ်ရှင်။ ဒါပေမယ့် ကံဆိုးစွာပဲ ကားပေါ်မှာ ကျွန်မတို့ အုပ်စုရယ် နောက်ကောင်မလေး တစ်ယောက်ရယ်ကလွဲရင် ကော့မှူးသွားမယ့်သူက ထပ်မလာတော့ ကားလည်း မထွက်ဘူးပေါ့။ ကျွန်မတို့လည်း 11 နာရီလောက်ကတည်းက တက်ထိုင်တာ 12 သာထိုးတော့မယ် ကားမထွက်တာနဲ့ နည်းနည်းတော့ စိတ်တိုစ ပြူလာကြတာပေါ့။ ဇော်မျိုးနဲ့ ဖိုးသူတော်တောက် စပယာယောင်ဆောင်ပြီး ကော့မှူးသွားမယ်နော် ကားက ခုထွက်မယ်၊ တော်ကြာထွက်မယ်၊ ထွက်ချင်မှလည်း ထွက်မယ်လို့ အပြောင်အပျက် အော်နေကြပါသေးတယ်။ နောက်တော့မှ ဟိုဘက်နားမှာ ထွက်မယ့် ဒိုင်နာ တစ်စီးတွေ့တာနဲ့ ကျွန်မတို့လည်း အပြေးအလွှားသွားပြီး နေရာယူကြပါသေးတယ်။ လူတွေလည်း ပြည့်ကျပ်သပ်နေတာပါပဲ။ တစ်ချို့ကွမ်းရောင်းတဲ့ မိန်းမကြီးတွေဆို နောက်ကနေတောင် တွယ်စီးကြပါသေးတယ်။ ကားခ ကတော့ တစ်ယောက်ကို 300 ပေးရပါတယ်။ ဒီလိုနဲ့ ကျွန်မတို့လည်း ကျပ်ပိတ်သိပ်နေတဲ့ ကားပေါ်မှာ မသက်မသာ စီးရင်း ခရီးထွက်လာခဲ့ကြပါတော့တယ်.............

ဒါက ကားပေါ်မှာ....




လမ်းခရီးက ထင်ထားသလို မချောမွေ့ပါဘူး။ ကတ္တရာလမ်းမှာ အပေါက်တစ်ရာ ဖာရာတစ်သောင်းနဲ့ပါ။ စီးရတာကလည်း ဒိုင်နာဆိုတော့ ကားက ခုန်လိုက်တာ လွန်ပါရောရှင်။ အထဲက အူတွေ၊ ကလီင်္စာတွေ အကုန်ကြေကုန်ပြီတောင် ထင်ရတယ်။ လမ်းတစ်လျှောက် ဖုန်တွေလည်း တစ်လုံးလုံးနဲ့ စီးရတော် ကသီလင်တ တော်တော်နိုင်ပါတယ်။ တေဇာ ကတော့ ညက အိပ်ရေးမ၀လို့တဲ့ အဲလောက် ခုန်ပျံနေတဲ့ ကားပေါ်မှာ အိပ်ငိုက်နေသေးတယ်။ ကားမောင်းချိန် 1 နာရီ 45 မိနစ်လောက်တော့ ကြာမယ်ထင်ပါရဲ့။ တွံတေး နဲ့ ကောမှူး လမ်းဆုံကို ရောက်လာပါတယ်။ ကော့မှူးဘက်လမ်းကို ကားကွေ့ချိန်မှာတော့ ကားပေါ်မှာါလာတဲ့ အန်တီကြီး တစ်ယောက်က ဆင်ခြံရွာကို ရောက်တော့မယ်လို့ ပြောပါတယ်။ ကျွန်မတို့လည်း တော်တော်ဝမ်းသာသွားကြပါတယ်။ ဒီက ပေါ်က ဆင်းရဖို့ထက် အရေးကြိးတာ အဲဒီအချိန်မှာ မရှိဘူးလေ။ ကျွန်တို့ အုပ်စုကလည်း အင်္ကျီဆင်တူတွေ၊ လူငယ်လေးတွေ၊ ဒီဘက်ကို မရောက်ဖူးမှန်း သိသာနေတဲ့ သူတွေဆိုတော့ ကားပေါ်က လူတိုင်းကတော့ ဟိုပြော ဒီပြောတော့ ပြောကြပါသေးတယ်။ လမ်းက ဆိုးတယ် နောက်တစ်ခါဆို တက္ကစီစီးကြ ဘာညာပေါ့ရှင်။ ဘုန်းကြီးကျောင်းရှေ့မှာလည်း ကားရပ်ပေးရော ၀မ်းသာ အားရ ခုန်ပေါက် ဆင်ကြတော့တာပါပဲ။ တစ်ကိုယ်လုံလည်း နာလိုက်တာ.. ဗိုက်ကလည်း ဆာလိုက်တာ..ဘုန်းဘုန်းဆီက ဘာတောင်းစားရရင် ကောင်းမလဲ ဆိုတဲ့ အတွေးနဲ့ပေါ့.. အဟ




စာသင်ဆောင်တွေက ခိုင်ခိင်ခံ့ခံ့ ရှိပါတယ်။ ကျွန်မတို့ သွားတဲ့ အချိန်က ကျောင်းပိတ်ချိန်ဆိုတော့ ကလေးတွေ သိပ်မရှိကြတော့ပါဘူး။ မူလတန်းကနေ အထက်တန်းထိ သင်ပေးပါတယ်။ ဘုန်းဘုန်းက ဆရာတွေကို ငှားပြီး သင်ပါတယ်။ လောကုတ္တရာ ပညာရေး အနေနဲ့ကတော့ သံဃာတော်လေးတွေကို သံဃာတက္ကသိုလ်ထိ ပညာသင်ကြားစေပါတယ်။ ဒီထက်မကလည်း တိုးတက်အောင်၊ ပညာသင်နိုင်အောင် နောက်ပိုင်းမှာ ကွန်ပျူတာ၊ အင်္ဂလိပ်စာ စတာတွေကိုလည်း သင်ပေးနိုင်အောင် ကြိုးစားနေပါတယ်တဲ့။ ကွန်ပျူတာ သင်တန်းတွေ ဖွင့်ချင်ရင် ကျွန်မတို့ကို ဆက်သွယ်ဖို့၊ ကျွန်မတို့လည်း လာရောက်လုပ်အားပေးနိုင်တဲ့ အကြောင်း ဘုန်းဘုန်းကို လျှောက်ပြီး လိပ်စာတွေ ပေးခဲ့ပါသေးတယ်။




စာသင်ဆောင်တွေက ဒီလိုမျိုးတွေ.....




ကျောင်းမှာ စာကြည့်တိုက်လည်း ရှိပါတယ်။ စာအုပ်တွေလည်း တော်တော်များပါတယ်။ နာမည်တွေတေ့ သေချာ မမှတ်မိတော့ပေမယ့် စာအုပ်ကောင်းတွေ ချည်းပါပဲ။ ဘာသာရေး၊ အနုပညာ၊ အင်္ဂလိပ်စာ စတဲ့စာအုပ်တွေ တော်တော်ကို များပါတယ်။ ၀တ္ထုစာအုပ်ကောင်းတွေလည်း အများကြီးပါပဲ။ ကျွန်မတို့ သွားတဲ့ အချိန်မှာ ပညာရည်ချွန် ဆုပေးပွဲ အတွက် ပြင်ဆင်နေကြပါတယ်။ ဇတ်ပွဲတွေ ဘာတွေနဲ့ပေါ့။ ကျွန်မတို့ကိုတောင် လာခဲ့ဖို့ ဖိတ်ပါသေးတယ်။ အဲလိုပွဲမျိုးက အရမ်းစည်ကားပါတယ်တဲ့။ အနီးအနားရွာတွေက ညအိပ် ညနေတောင် လာကြည့်ကြပါတယ်တဲ့။

ဒါကတော့ စာကြည့်တိုက်ရှေ့မှာပါ




ရှိတဲ့ ကလေးတွေကို ခေါ်ပြီး ဓါတ်ပုံ ရိုက်လာခဲ့သေးတယ်....




အားလုံး ပြီးသွားတော့ ဗိုက်က တော်တော်ဆာနေပါပြီ။ ဘုန်းဘုန်းက မုန့်ဆီကြော်တော့ ကျွေးပါရဲ့။ သိပ်မကြိုက်လို့ မစားကြဘူးလေ။ နောက်တော့ ဘုန်းကြီးကျောင်း ရှေ့က အသုတ်ဆိုင်မှာ အငတ်တွေလို ရှိသမျှ အကုန် စားကြပါတော့တယ်။ အအေးတွေလည်း သောက်၊ အသုတ်တွေလည်းစားပေါ့။ ဗိုက်က တော်တော် ဆာနေလို့လား မသိဘူး။ စားလို့ မြိန်လိုက်တာရှင်....

အပြန်လမ်းမှာတော့ ကားစီးလို့ ပင်ပန်းတဲ့ ဒဏ်ကို ပြန်ခဲရတာပေါ့။ ဒါပေမယ့် အလာတုန်းကလောက်တော့ မဆိုးဘူး ထင်တာပါပဲ။ ဒလ ရောက်တော့ ခဏတောင် မနားပဲ ချက်ချင်း ဇက်စီးကြပါတယ်။ ဇင်ယော်လေးတွေကို တွေ့တော့ ပင်ပန်းတာတောင် ဘယ်ရောက်သွားလဲ မသိဘူး။ ပျော်လိုက်တာ အရမ်းပဲ။







ဒါကတော့ စိန်မမ နဲ့ တူတူရိုက်လာတာ......




ဒီခရီးကို သွားရတာ ပင်ပန်းပေမယ့် ပျော်ပါတယ်။ ကုသိုလ်လည်းရ ပျော်လည်း ပျော်ရတဲ့ ဒီလို ခရီးမျိုး နောက်ထပ် သွားချင်ပါသေးတယ်။ ကိုကြီး စေးထူးအတွက်လည်း သာဓု သုံးကြိမ်ခေါ်ပါတယ်။ သွားရောက်ခဲ့ကြတဲ့ သူတွေကတော့ ကိုဂေါက် ဘာညာ ဇော်မျိုး (ဗမာပြည်သား) ဖိုးသူတော် စိန်မမ တေဇာ နဲ့ ကျွန်မ ပင့်ဂိုလ်းတို့ပဲ ဖြစ်ပါတယ်ရှင်။

5 comments:

Anonymous said...

ရွှေထက်ရေ....

သာဓုသာဓုသာဓု.....

နေ့သစ်တွေအတွက်.. ဘ၀သစ်တွေအတွက်...
လှပနိုင်ပါစေ.... ဒီဘ၀မှာ ရုပ်ဆိုးပေမယ့်.. နောင်ဘ၀မှာ လှပနိုင်ပါစေ..ငါ့လိုပေါ့.....
.....

Anonymous said...

မမပင့်ကူရေ့
သာဓုသာဓုသာဓု.....ပါဗျာ ` ယခုကဲ့သို့ ပြုရတဲ့ ကောင်းမှုကြောင့် လခ ၃ ဆတိုးပါစေဗျာ ကျနော်လည်း အမြဲအဲ့လိုပဲဆုတောင်းလို့  ဟားဟား အခုချိန်ထိတော့မပြည့်သေးဘူး ........။
ရေးထားတာတွေလည်းဖတ်လို့ ကောင်းတယ် ရယ်နေရတယ် ။ :D

Anonymous said...

ပင့်ကူလေးရေ
မော်ဒယ်လေးတွေကလှလိုက်တာ ဟိ
ပင့်ကူကစာရေးကောင်းလိုက်တာ
ပျော်လိုက်တာကွာ အဲတုန်းက မှတ်မိလား
ဇော်မျိုးရယ် ပင့်ကူရယ် အနော်ရယ် မုန့်ဆီကြော်စားကြတာလေ
ဟီးး
မှတ်မိဆဲပါ...
မမေ့ဘူး...
သာဓု..သာဓု..သာဓု
ထပ်ခေါ်သွားတယ်
သတိရတယ်ဂျ....
ဒါပဲပြောတတ်တယ်း)

Anonymous said...

မုန့် ဆီကြော်များ မကြိုက်ရဘူးရှိသေး။ အံ့ရော။ ဒီလောက်ကောင်းတဲ့ဟာကို

Anonymous said...

သာဓု၊ သာဓု၊ သာဓုဗျာ... မ `ပင်ကို´ ရာ...
အရာရာ ဒီထက်ပို အဆင်ပြေပါစေဗျာ။