Monday, March 31, 2008

Thingyan Feeling

တစ်ကယ်တော့ မမယ်လိုဒီမောင် မတက်ခင်ကတည်းက သင်္ကြန်အကြောင်းရေးဖို့ အစီအစဉ် ရှိပါတယ်။ သူက တက်လိုက်တော့ လူတွေ အများကြီးလည်း ရေးကြမယ်ဆိုတော့ ပိုပြီး စည်စည်ကားကား ဖြစ်သွားတာပေါ့။ သင်္ကြန်ဆိုတာ ငယ်ငယ်ကတည်းက အသံကြားရုံနဲ့ တွေးပြီး ပျော်ရွှင် ရင်ခုန်ခဲ့ရတဲ့ မြန်မာ့ရိုးရာ ပွဲတော်တစ်ခုပေါ့။ ငုတွေပွင့်ပြီဆိုရင် ကျွန်မမှာ သင်္ကြန်ရောက်တော့မယ် ဆိုတဲ့အသိနဲ့ သင်္ကြန်ကျမယ့် ရက်တွေကို လက်ရှိုးရေတွက်ရတာလည်း မမောနိုင် မပန်းနိုင်အောင်ပါပဲ။ ကျွန်မ ငယ်ငယ်တုန်းက ကြုံဖူးခဲ့တဲ့ ရခိုင်သင်္ကြန်နဲ့ ခုကုန်သင်္ကြန်မှာ ပျော်ရွှင်ရပုံတွေကို ပြောပြချင်ပါတယ်။

Image Hosted by ImageShack.us


ရခိုင်သင်္ကြန် ဆိုပေမယ့် တစ်ကယ်တမ်းပြောချင်တာက ကျွန်မတို့ မာန်အောင်သင်္ကြန်ပေါ့။ မော်လမြိုင်မှာတော့ သင်္ကြန်က တစ်လလုံးကျတယ်။ ကျွန်မတို့ မာန်အောင်မှာတော့ တစ်နှစ်မှာ သင်္ကြန်နှစ်ခါ ကျတာလေ။ အရင်တုန်းကဆို မာန်အောင်သင်္ကြန်က ရခိုင်ပြည်နယ် မှာ နာမည်ကြီးသင်္ကြန် တစ်ခုပါ။ မာန်အောင်သူလေးတွေက ချောလည်း ချောကြတယ် (မယုံဘူးလား ပင့်ဂိုလ်းကိုကြည့်လေ :P ) ဆိုတော့ ရခိုင်ပြည်နယ်တစ်ဝှမ်းက ကိုကိုကာလသားတွေ ဒုတိယအကြိမ် သင်္ကြန်ကျဖို့ မာန်အောင်ကို ရောက်လာတတ်ကြတာ ဆန်းတယ်လို့တော့ မဆိုနိုင်ဘူးရှင့်။ မာန်အောင်ကျွန်းရ ရခိုင်ပြည်နယ်မှာ နာမည်ကြီးတယ်လေ မိန်းမလှကျွန်း လို့...!

သင်္ကြန် (3) ရက်ကတော့ သိပ်ပျော်စရာ မကောင်းဘူးရှင့်။ ဒီအတိုင်းပဲ လူကြီးတွေက ဥပုသ်စောင့်ကြတယ်။ ကလေးတွေပဲ လမ်းမှာထွက် ရေလောင်းကြတယ် ဆိုတော့ တစ်ကယ့်သင်္ကြန်ရက်တွေက ခြောက်သွေ့လွန်းလှပါတယ်။ အဲ သင်္ကြန်ပြီးလို့ တစ်ပတ်လောက်နေတော့ ရေစစ်ပွဲဆိုတာ ကျင်းပကြပါတယ်။ အဲဒါကမှ တစ်ကယ့်ကို ပျော်စရာကောင်းတာ။ ရပ်ကွက်အသီးသီးမှာ မဏ္ဍပ်တွေ ထိုးကြတယ်။ ပြီးတော့ ဟိုဘက်ရပ်ကွက်က ကောင်မလေးနဲ့ ဒီဘက်ရပ်ကွက်က ကောင်လေးနဲ့ ပက်ရတယ်။ မဏ္ဍပ်တစ်ခုနဲ့ တစ်ခုကို သွားလည်ပြီး ပက်ရတာပေါ့။ သွားတာကလည်း တစ်ရပ်ကွက်လုံး အုပ်စုလိုက်ကြီး ဗုံတွေ ဆိုင်းတွေ တီးပြီး သွားကြရတာလေ။ စုစု ပေါင်း ရပ်ကွက် (10) ခုရှိတယ်ဆိုရင် မဏ္ဍပ်ကလည်း 10 ခုပေါ့။ စုစုပေါင်း 3 ရက်လုပ်ပါတယ်။ နှစ်ရက်က အပျိုလေး၊ လူပျိုလေးတွေအတွက်၊ နောက်တစ်ရက်ကတော့ အိမ်ထောင်သည်တွေအတွက်။ အဲလို သွားပက်ကြရာမှာ ပထမနေ့က ကိုယ်ကသွားရတဲ့ အလှည့်ဆိုရင် ဒုတိယနေ့မှာ ကိုယ်က သူများရပ်ကွက်ရဲ့ မဏ္ဍပ်ကလူတွေကို ပြန်ဧည့်ခံလှည့်ပေါ့။ ဘယ်နေ့မှာဖြင့် ဘယ်ရပ်ကွက်က ဘယ်တွေကို သွားရမယ်၊ ဘယ်မဏ္ဍပ်လာတာကို စောင့်ရမယ်ဆိုတာတွေကို ရေစစ်ပွဲ အလုပ်ခင်မှာ ရပ်ကွက်လူကြီးတွေ meeting ထိုင်ပြီး schedule ဆွဲကြပါတယ်။ ထွက်လာရင်တော့ အဲဒီအတိုင်း ကိုယ်က သွားလိုက်၊ ဧည့်ခံလိုက်ပေါ့။

Image Hosted by ImageShack.us


အဲဒီ ရေစစ်ပွဲမှာ ကျွန်မ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ဟိုဘက်ရပ်ကွက်က ကောင်လေးနဲ့ ဒီဘက်က ကောင်မလေးနဲ့ အပြန်အလှန် ရေပက်ကြတာပေါ့။ ကျွန်မတို့ ငယ်ငယ် ကလေးလေး တုန်းကဆိုရင် အဲလိုပက်ချင်လိုက်တာလေ။ အဲလို ပက်ရအောင် မြန်မြန် အသက်ကြီးပြီး မြန်မြန်အရွယ်ရောက်ပါစေလို့ ဆုတောင်းရတာလေ (မနိုင်ဘူးနော် ပင့်ဂိုလ်းတို့.. ဟီး)။ အရွယ်လည်း ရောက်လာရော လူက ရန်ကုန်ရောက်လာတာ ဆိုတော့ တစ်နှစ်လားပဲ အဲလိုပက်ခဲ့ရတယ်။ အဲဒီမှာ တစ်ချို့တွေဆို ဇတ်လမ်းလေးတွေ ဖြစ်ကြတာပေါ့။ အဲမှာ စတွေ့ အဲမှာ စချစ်ပေါ့..ဟဲဟဲ။ ရေပက်ရာမှာလည်း တစ်ချို့က အကြင်နာလေးနဲ့ ညင်ညင် သာသာ ပက်ကြသလို၊ တစ်ချို့ကလည်း ရေစစ်ပွဲ ဆိုတဲ့အတိုင်း တစ်ယောက်နဲ့ တစ်ယောက် ခေါင်းမငုံ့ကြေး မျက်နှာချင်းဆိုင် မျက်နှာတည့်တည့်ကို ရေခွက်တွေနဲ့ ပက်ကြပါတယ်။ သြော် ဒီနေရာမှာ တစ်ခုထပ်ပြောချင်တာက ကျွန်မတို့ဆီမှာ ဆောက်တဲ့ မဏ္ဍပ်ဆိုတာ အုန်းလက်လေးတွေနဲ့ပဲ ဆောက်ကြတာပါ။ ဒီမှာလို ပိုက်နဲ့ထိုးတဲ့ မဏ္ဍပ် မဟုတ်ပါဘူး။ ညကတည်းက စဥ့်အိုးကြီးတွေ ထဲမှာ ရပ်ကွက်ထဲက အပျို လူပျိုတွေက ရေခပ်ထည့်ကြ၊ မဏ္ဍပ်ကို အလှဆင်ကြနဲ့ တော်တော် ပျော်စရာ ကောင်းပါတယ်။ မဏ္ဍပ်အလှပြိုင်ပွဲတွေ၊ အကပြိုင်ပွဲတွေလည်း ရှိပါတယ်။ ငယ်ငယ်တုန်းကတော့ သင်္ကြန်အက ခဏ ခဏ ကရပါတယ်။ အမြဲတမ်းလည်း ပထမ ရပါတယ်။ ဒါက ကြွားတာ။ နှစ်ရက်လည်း ပြီးရော အိမ်ထောင်သည်တွေ ပက်ရတဲ့ ရက်ရောက်လာတာပေါ့။ သူတို့က ပိုတောင်ကဲကြသေး။ ငယ်ငယ်တုန်းက ရည်းစား ချင်းချင်း ပက်ရတာနဲ့၊ သူငယ်ချင်း အချင်းချင်းပက်ရတာနဲ့။ ဘယ်လင်ယောင်္ကျား၊ မိန်းမကမှ သ၀န်မတိုကြပါဘူး။ အပျော်ပက်ကြတယ် ဆိုတော့ အားလုံးက ပျော်ပျော်ပါပဲ။ အဲဒီလို ပျော်စရာ ကောင်းတဲ့ ရေစစ်ပွဲလေးကတော့ ဘယ်နေရာမှာမှ မရှိတဲ့ မာန်အောင်မြို့ရဲ့ ရိုးရာ တစ်ခုပေါ့ရှင်။ ခုတော့လည်း သူများတွေ ပြောသလို ဂိန်မှန်မှာ အိမ်မပြန်နိုင်သူအဖို့ မှန်းလို့သာဆွေးးးးးး ။

Image Hosted by ImageShack.us


နောက် ရန်ကုန် သင်္ကြန်ကတော့ အားလုံးလည်း သိကြပါတယ်။ လျှောက်လည်ရင်လည်၊ မလည်ရင် မဏ္ဍပ်ထိုင်၊ တစ်ခုမှ မလုပ်ချင်ရင် တရားစခန်းဝင်၊ မဟုတ်ရင်တော့ အိမ်မှာနေပေါ့။ သင်္ကြန်တွင်းဆိုတာ တစ်ကယ်တော့ အိမ်မှာ နေရင် ဘာမှ အကျိုးမရှိတဲ့ အရာလို့ ကျွန်မထင်ပါတယ်။ စာမေးပွဲ ရှိနေကြတဲ့ သူတွေကို မပြောဘူးနော်။ ရန်ကုန်ရောက်လာတော့ တစ်နှစ် နှစ်နှစ်လောက်ကတော့ လည်ဖြစ်ပါတယ်။ သင်္ကြန်ရေထိရင်တော့ ပျော်ပေမယ့် မဏ္ဍပ်တွေကို မရောက်ခင် ကားတန်းရှည်ကြီးတွေ ပိတ်မိနေတာ စောင့်နေရတာကိုတော့ တော်တော်စိတ်ကုန်ပါတယ်။ လမ်းလျှောက်လို့သာ မဏ္ဍပ်ရောက်အောင် သွားလိုက်ချင်တော့တယ်။ မဏ္ဍပ်တွေ ဆီရောက်တေည့လည်း ကျွန်မက တစ်မျိုးရှင့်။ သူများတွေ မီးသတ်ပိုက်ကို ရှောင်ကြတယ်။ ကျွန်မကတော့ မီးသတ်ပိုက်နဲ့ အထိုးခံတယ်။ ပြောသားပဲ အရူးပါဆို ပင့်ဂိုလ်းက...။ ရေတွေ အလုံးလိုက် အရင်းလိုက်ဝင်လာတာကို ပျော်လို့ပါ။ ပြန်လည်းရောက်ရော အသားတွေ နီစပ်စပ်နဲ့ ဘာရုပ်ပေါက်နေမှန်း မသိဘူးလူက။ မဏ္ဍပ်ထိုင်တော့လည်း ပိုက်ဆံကုန်ပါတယ်။ အ၀တ်အစားဖိုး၊ လက်မှတ်ဖိုး၊ တက္ကစီဖိုးနဲ့ မွဲကိန်းရောက်တော့ မတတ်ပါပဲ။ ဘဲဘဲရှိရင်တော့ မိုက်တယ်ရှင်။ စပွန်စာရှိတာပေါ့။ ကိုယ်ကမှ အဲလို မစွမ်းတာလေ.. ကိုယ့်အားကို ကိုးပေးအုံးပေါ့။ နောက်တော့လည်း ရန်ကုန်သင်္ကြန်ကို နည်းနည်းစိတ်ကုန် သွားတော့ သီလရှင် ၀တ်တာ၊ တရားစခန်းဝင်တာပဲ လုပ်ဖြစ်ပါတော့တယ်။ ပြောရင်တော့ ဘယ်သူမှ မယုံကြဘူးရှင့်. ရွှေထက်ရယ် ဟုတ်မှလည်း ပြောပါဟယ်ဆိုတာကို အမြဲ အပြောခံရပေမယ့် ကျွန်မတစ်ကယ် သီလရှင်ဝတ်၊ တရားစခန်းဝင်တာကို လုပ်ပါတယ်။ ဒီနှစ်လည်း ၀င်ဖို့ အစီအစဉ်ရှိပေမယ့် ဘန်ကောက်ကေ သူငယ်ချင်းတစ်ယောက်၊ စင်ကာပူက တစ်ယောက် ပြန်ရောက်နေတယ်။ ဘယ်လိုဖြစ်မလဲတော့ မပြောတတ် သေးဘူး။

Image Hosted by ImageShack.us


နောက်တစ်ခု ပြောချင်တာက ပိတောက်ဖီလင်ပါ။ ပြောလက်စနဲ့တော့ ဘယ်လောက် ရှည်ရှည် ကုန်အောင် ပြောတော့မယ်ရှင့်။ ပြီးအောင်ဖတ်ကြနော်။ ကျွန်မ ပိတောက်ပန်းကို ကြိုက်ပါတယ်။ ဒါပေမယ့် အပင်မှာ ရှိနေပြီး တစ်ပင်လုံး ၀ါထိန်နေမှ ကြိုက်တာပါ။ ပိတောက်ခူးတဲ့ သူတွေကို သိပ်မုန်းတာပဲ။ အလှတရားကို ဖျက်ဆီးသူတွေလို့တောင် ထင်မိပါသေးတယ်။ တစ်နှစ်မှ တစ်ခါပွင့်တဲ့ ပိတောက် ပင်ယံထက်မှာ ကောင်းကောင်းလေး လှပနေပါစေလားရှင်။ ခူးလိုက်တော့လည်း ခဏနေ နွမ်းသွားတဲ့ဟာကိုများ။ ပြီးတော့ ပိတောက်တွေ ကြွေလို့ မြေပြင်တစ်ခုလုံး ၀ါထိန်နေရင် အရမ်းပျော်ပါတယ်။ အဲဒီအပေါ်မှာ လမ်းလျှောက်သွားရတာလေ ဘယ်လို ဖီလင်လာမှန်းကို မသိဘူး။ ဘ၀င်မြင့်သလိုလို ဘာလိုလိုပေါ့။

သင်္ကြန်ဆိုတာ လူတိုင်းပျော်ကြတဲ့ ပွဲတောင်တစ်ခုလို့ ကျွန်မထင်ပါတယ်။ ကျွန်မ ကိုယ့်ဆီက သင်္ကြန်အကြောင်းလေးကို ရေးခဲ့သလိုပဲ နိုင်ငံအသီးသီးက မြန်မာတွေလည်း ကိုယ်ရောက်နေတဲ့ နေရာမှာ သင်္ကြန်ကို ဘယ်လိုကျင်းပတယ်ဆိုတာ လေးများ ရေးပေးနိုင်ကြမလားရှင်။ ကျွန်မ သိချင်လို့ပါ။ ထိုင်းသင်္ကြန်၊ မဲခေါင်သင်္ကြန် ဆိုတာတွေကိုလည်း ဘယ်လို ကျင်းပကြတယ်ဆိုတာ သိချင်ပါတယ်။ ကဲဒီတော့ ကျွန်မကတော့ မျက်နှာမလိုက် လူမရွေးပဲ အကုန်လုံးကို တက် (tag) ပါတယ်ရှင်း။ ပြောသားပဲ အားလုံးကို ပင့်ဂိုလ်းက ချစ်ပါတယ်ဆို။

3 comments:

Nyein Chan Aung said...

မြန်မာပြည်က သင်္ကြန်ကို လွမ်းတယ်။

MELODYMAUNG said...

တက်လို့ပဲ ရေးရေး ၊ ရေးချင်လို့ပဲ ရေးရေး လာဖတ်သွားတယ်။ သိချင်တာလေးတွေ သိရတာ သိုင်းခရုပါ။ ပုံတွေလည်းကြည့်သွားတယ် စစ်။ အကုန်လုံးကို ပြန်တက်ပစ်လိုက်တာလဲ ဂွတ်ထဗျာ Have a nice Thingyan for this year byar!

သက်မီမီထိုက် said...

အရမ်းခိုက်သွားပြီ.. ဒီ post လေးကို..... :D