ကျွန်မအခုတစ်လော အလုပ်ကလည်း ထွက်လိုက်တယ် ဆိုတော့ အိမ်မှာ အားအားယားယားနဲ့ အိပ်လိုက်၊ စားလိုက်၊ စာအုပ်လေးတွေ လျှောက်ဖတ်လိုက်နဲ့ တော်တော့်ကို ဟုတ်နေတော့တာပဲ။ တစ်ခုတော့ ရှိပါတယ်.. အင်တာနက်ကို အရင်ကလို ဖောဖောသီသီနဲ့ နေ့တိုင်းမသုံးရတော့ လွမ်းစရာလေးတွေ ပေါ်လာတာ တစ်ခုကတော့ တော်တော့်ကို အဆင်မပြေဘူးရှင်။ လွမ်းဒဏ်သင့်တာကို ခါးခါးသီးသီးကို ခံစားနေရတာ။ ပြီးတော့ ကျွန်မတို့ သူငယ်ချင်း အတူသွား၊ အတူစား၊ သိပ်လည်းခင်ကြတဲ့ ကိုနေဘုန်းလတ် တစ်ယောက် မတရားခံနေရတာတွေကြောင့် စိတ်ဒဏ်ရာ တစ်ချို့လည်း ရရှိခဲ့ပါရဲ့လေ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ကိုယ်ကလည်း မတတ်နိုင် ဘာမှလည်း လုပ်ပေးလို့က မရတော့ ဒီအတိုင်း ထိုင်းဆုတောင်ရုံ ထိုင်ဒေါသထွက်ရုံကလွဲရင် ဘာမှတော့ လုပ်ပေးလို့ မရခဲ့ဘူး။ ရင်နာတယ်။
အဲတော့ ကျွန်မအိမ်မှာ အားယားနေတုန်း အတွေးတွေကလည်း တောင်ရောက်လိုက် မြောက်ရောက်လိုက်နဲ့ပေါ့။ ဒီကြားထဲ ငါများ ဒီအချိန် သေသွားခဲ့ရင် ဆိုတဲ့ အတွေးလေးက ပေါက်ပေါက်ရှာရှာ ၀င်လာသေးတယ်။ ဟုတ်တယ် ကျွန်မဒီအချိန် အိမ်မှာ များ တစ်ခုခုဖြစ်ပြီး သေသွားခဲ့ရင် ကျွန်မသူငယ်ချင်းတွေ သိနိုင်ပါ့မလား။ အွန်လိုင်းပေါ်လည်း သိပ်မတက်ဖြစ်၊ သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ် ပြတ်နေတော့ ကျွန်မသေရင် ဘယ်သူကများ သတင်းဖြန့်မလဲ လို့ပေါတောတော တွေးမိသေးတယ်။ တစ်ခါတစ်လေတော့လည်း တစ်ကယ်ပြောတာရှင့် ကျွန်မသေရင် ကျွန်မအတွက် ၀မ်းနည်းပုဆွေးနေမယ့်သူတွေ ရှိပါ့မလားဆိုတာ ကြိုပြီး စိတ်ပူနေတတ်တာ။ ကျွန်မကို ချစ်လှချည်ရဲ့ ဆိုတဲ့ သူငယ်ချင်းတွေ၊ နင်သာ ဂျီတော့ပေါ်မှာ မရှိတော့ရင် ငါဘယ်လိုနေရမလဲ ပင့်ဂိုလ်းရယ်လို့ ပြောခဲ့ဖူးသူတွေ၊ နင်သေလို့ကတော့ ငါကလနဲ့ချီ ငိုမှာလို့ပြောဖူးတဲ့ သူတွေ.. ကျွန်မ တစ်ကယ်များ သေသွားခဲ့ရင် အဲလိုများ တစ်ကယ်လုပ်နေကြမလား လို့သိပ်ကို သိချင်နေတာ။ သူငယ်ချင်း တစ်ယောက်ကဆို ပြောသေးတယ် နင်များ သေလို့ကတော့ 6 လလောက်ကို ၀မ်းနည်းမှတ်တမ်းပို့စ်တွေ ဆက်တိုက် တင်ပလိုက်မှာတဲ့.. ပေါတာ ပေါတာ။
အဲတော့ ကျွန်မသေရင်လေ တစ်ခုလောက်တော့ လုပ်ကြည့်ချင်တယ်။ သူများတွေကို နိဗ္ဗာန်ရောက်ဖို့တော့ မကြိုးစားဘူး။ ၀ိညာဉ်လေး အနေနဲ့ လျှောက်လိုက်သွားကြည့်ချင်တာ။ ကျွန်မ သရဲဖြစ်ချင်တယ်။ သရဲကမှ ကွန်ပျူတာ သရဲမ ဖြစ်ချင်တာ။ စစချင်းလုပ်မယ့် အလုပ်က ဘလောဂ့်တွေကို လျှောက်ဖတ်မယ်။ ပြီးတော့ comment တွေလျှောက်ပွတ်၊ စီဘောက်တွေမှာ လိုက်အော်၊ အားး လူတွေကလန့်.. တော်တော်တော့ ပျော်စရာကောင်းမယ်ထင်တယ်။ ပြီးတော့ ကျွန်မရဲ့ ၀ိညာဉ်က ဘန်ကောက်ကိုသွားမယ်.. ဘန်ကောက်ကို။ အဲဒီမှာ ခြောက်လလောက် ဆက်တိုက်ငိုမယ့် မိန်းမရှိတယ်။ သူတစ်ကယ်များ ငိုနေမလား။ ကျွန်မကို လွမ်းနေလိမ့်မလား။ သာမန်ကိစ္စလေးကိုတောင် စိတ်မကောင်းဖြစ်တတ်တဲ့ ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်း၊ ကျွန်မသေသွားရင် ဘယ်လိုများ နေမလဲ။ ကျွန်မ သွားအားပေးချင်တယ်။ ငါနင့်အနားမှာ သရဲမအဖြစ် ရှိနေပါတယ် ချစ်ဆုံးရယ် မငိုပါနဲ့လို့။ ပြီးတော့ ကျွန်မ အင်္ဂလန်ကိုသွားမယ်.. ဒီအတိုင်းပဲ ဘန်ကောက်က လေယာဉ်တစ်စင်းကို တိတ်တိတ်ကလေး လိုက်စီးသွားမယ်။ ၀ိညာဉ်ဆိုတော့ ဘယ်သူကမှလည်း မြင်မှာ မဟုတ်ပါဘူး။ အင်္ဂလန်မှာလည်း ကျွန်မသိပ်ချစ်တဲ့ နောက်တစ်ယောက် ရှိသေးတယ်။ သူရော ဘယ်လိုနေမလဲ။ ကျွန်မကို မေ့ထားပြီး သူ့အလုပ်တွေပဲ ဆက်တိုက်လုပ်နေမယ်ဆိုရင်တော့လား သေဖို့သာပြင်... လုံးဝကို ခြောက်မှာ။ ခြောက်တာကမှ နည်းမျိုးစုံနဲ့ လန့်အောင် လုပ်မှာ။ ကွန်ပျူတာမှာ စာရေးတော့မယ်ဆိုရင် ကီးဘုတ်ကို သူတောင် မရိုက်ရသေးဘူး မော်နီတာပေါ်မှာ စာလုံးတွေပေါ်လာအောင် ကျွန်မက ကြိုရိုက်တာမျိုး၊ ပါဝါတွေကို ပိတ်ပစ်လိုက်တာမျိုး၊ လမ်းသွားရင် နည်းမျိုးစုံနဲ့ ရှေ့မရောက်အောင် လုပ်တာမျိုး၊ အစားတွေကို လုစားတာမျိုး..ခြောက်မှာ အဲလိုကို ခြောက်အုံးမှာ။ ကျွန်မအတွက် ယူကြုံးမရ အပူလုံးကြွပြီး ၀မ်းနည်းနေရင်တော့ ကျွန်မရဲ့ ၀ိညာဉ်းလေးက ဒီလိုချစ်ခြင်းတွေကို ကျွန်မခံရတဲ့အတွက်၊ ကျွန်မကို ချစ်တဲ့သူတွေ ရှိနေတဲ့အတွက် တော်တော်လေးကို ၀မ်းသာလိမ့်မယ်။
နောက်တော့ ကျွန်မလေ ကျွန်မသူငယ်ချင်းတွေ အများဆုံးရှိတဲ့ စင်ကာပူကို လာမယ်။ စင်ကာပူက ဘလောဂ့်ဂါတွေ၊ Padonma Forum က သူငယ်ချင်းတွေ မျက်ခုံးတော့ လှုပ်နေတော့မှာပဲ။ မလန့်ကြပါနဲ့ သူငယ်ချင်းတို့ရေ။ နင်တို့ ဘယ်လို နေထိုင်စားသောက်ကြလဲ ငါသိချင်ရုံပါ။ ငါ့အတွက် ၀မ်းမနည်းကြပါနဲ့။ ကြွေချိန်တန်လို့ ကြွေတယ်ပဲ မှတ်လိုက်ပါလို့ အိပ်မက်လေးအဖြစ် ပေးရုံ သက်သက်ကလေးပါ။ ပြီးတော့ ကျွန်မက ရိုးရိုးသရဲမ မဟုတ်ဘူး.. တန်ခိုးရှိတဲ့ လူတွေကို ကူညီနိုင်တဲ့ သရဲမ ဖြစ်ချင်တာ။ အဆင်မပြေတဲ့ သူတွေကို အဆင်ပြေအောင် လုပ်ပေးမယ့်။ မတရားတဲ့ သူတွေကို ဖယ်ရှားပေးမယ်။ ကျွန်မသာ သေသွားပြီး ဒီလိုမျိုး မတရားတဲ့ သူတွေကို သုတ်သင်ရှင်းလင်းနိုင်တဲ့ သရဲမမျိုး ဖြစ်မယ်ဆိုရင် ခုတောင် သေသွားချင်မိပါရဲ့။ တစ်ကယ်ပြောတာ။ ကျွန်မရဲ့ စာကို ဖတ်ပြီး ရူးနေတယ်လို့ ထင်တဲ့ သူတွေလည်း ရှိချင်ရှိကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မကတော့ တစ်ကယ့်ကို အဲလိုတွေ တွေးမိနေတာရှင့်။ လုပ်စရာမရှိလို့ စိတ်လေတာလည်း ပါမှာပေါ့။ နောက်တစ်ခုက ကျွန်မက လူတွေကိုလည်း ချစ်တတ်သလို ကျွန်ကို ချစ်တာလည်း သိပ်ခံချင်တာ။ ကျွန်မသူငယ်ချင်းတွေ တစ်ခုခုအဆင်မပြေဖြစ်တိုင်း အသဲနင့်အောင် ခံစား တတ်သလို၊ ကျွန်မအတွက်လည်း အဲလိုခံစား စေချင်တာ ကျွန်မအတ္တကြီးတာပဲလား။ ကျွန်မသေဆုံးခြင်းအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ပိုစ့်တွေတင်၊ ကောင်းမှုကုသိုလ် တွေဝိုင်းလုပ်ပေး၊ ယူကျုံးမရ နှမြောတသတွေ ဖြစ်နေကြရင်တော့ ကျွန်မရဲ့ ၀ိညာဉ်က တော်တော် ပျော်နေမှာ။ ကျွန်မသူငယ်ချင်းတွေ အဆင်ပြေစေဖို့၊ အကောင်းတွေပဲ ဖြစ်လာစေဖို့ တန်ခိုးရှိတဲ့ သရဲမပင့်ဂိုလ်းက တတ်နိုင်သလောက် လုပ်ပေးအုံးမှာ။
ဒါပေမယ့် ဒီသရဲမက စိတ်ပုတ်တယ်နော်။ ကျွန်မကို ဖုတ်လေသည့် ငပိရှိသည်တောင် မထင်ဘူး၊ သေရင်လည်းသေတော့ကွာလို့ မှတ်ပြီး ဘယ်လိုမှ မခံစားပဲ နေတဲ့ သူငယ်ချင်းတွေ၊ အထူးသဖြင့် ဂျီတော့ထဲမှာရှိတဲ့သူတွေကိုတော့ ခြောက်မှာ။ လောကမှာ မနေနိုင်အောင်ကို အပေါ်မှာ ပြောခဲ့သလို နည်းမျိုးစုံးနဲ့ ခြောက်မှာ။ ဟွင်း ဟွင်း သေဖို့သာပြင်။ ဒါပေမယ့် ကျွန်မရဲ့ ဘလောဂ့်ကို ဆက်ရေးနိုင်ဖို့အတွက် ကျွန်မကတော့ တစ်ယောက်ယောက်ကို Admin Grant ပေးခဲ့အုံးမှာရှင့်. ဒါမှ လူသာသေသည် ဘလောဂ့် မသေဖြစ်မှာလေ။ မကောင်းဘူးလား။ ဘယ်သူယူမှာလဲ Admin ပေးမယ်။ ခုကတည်းက ကြိုစာရင်းပေးထားနော်။ လုပ်ချင်ရင် ပြောပါတယ်။ အဲဒီ လူကလည်း ကျွန်မကို ချစ်ခင်တဲ့ သူတစ်ယောက် ဖြစ်ရမယ်။ ပိုစ့်တွေ အများကြီးတင်ပေးစရာ မလိုပါဘူး။ တစ်လကို နှစ်ကြိမ်လောက်ပဲ Update လုပ်ပေးရင်ရပါတယ်။ မဟုတ်ရင် သူလည်း အလုပ်ရှုပ်နေမှာပေါ့။ မဟုတ်ဘူးလား..။
အဲ.ကျွန်မရဲ့ ယောင်လည်လည် အတွေးများကို လာရောက် ဖတ်ရှုကြသောသူများကို ကျေးဇူး အထူးတင်ပါတယ်ရှင်။ သြော် ကျွန်မ ရူးနေတာတော့ မဟုတ်သေးဘူးနော်။ တော်ကြာနေ ကျွန်မကို ရူးတယ် ထင်ကြမှာစိုးလို့........ဟိ။

အမေရီးကားက သူငယ်ချင်းတွေကမေးတယ်.. သူတို့ဆီကျတော့ မလာဘူးပေါ့လေ.. သူတို့ကို မချစ်ဘူးပေါ့လေတဲ့.. မဟုတ်ပါဘူး ချစ်ချစ်တို့ရယ်.. အဲဒီတုန်းက ကော်နက်ရှင် ကျနေတော့ ပိုစ့်မြန်မြန် ပြီးအောင် အမေရီးကားကို ခြေဆန့်မယ့် ခရီးကို မထည့်လိုက်ရတာပါ.. တစ်ကယ်က နောက်ဆုံးမှ လာပြီး သေအလဲ Suprise Check ၀င်ဖို့ အစီစအစဉ်ရှိပါ့ရှင်.. လာမယ် လာမယ် LA ကို တန်းလာမယ် ဆန်ဖရန်စစ္စကို၊ ဆန်ဟိုဆေး အဲဒီကိုလည်းလာမယ်.. နောက်တော့မှ ကြောက်ပါပြီ မအော်ရ၀ူးနော်..
8 comments:
ငါ့ဆီတော့ လာနဲ့ ကြောက်တယ်.. =P
Happy Ghost လုပ်မယ်ဆိုပဲ။ ကောင်းတယ်။ မြန်မြန်ချ။ :-D
ဝိုးး...အတွေးကလဲဝင်တတ်ပါပေ့ဗျာ ကြောက်စရာကြီး ဖန်ဆင်နိုင်တဲံ့ သူရဲမလေးဆိုကောင်းမယ်ဗျ ဒုက္ခရောက်နေတဲ့သူတွေကို ကယ်နိုင်တဲ့ သူလေးလေ..
ကျနော်လဲ မသေဆုံးခင်တော့ တစ်ခုခုလေးအကျိုးပြုချင်တယ်.....
ပျော်ရွှင်ပါစေဗျာ
လာမှာ လာမှာ ဘာညာ့ဆီ အရင်လာမယ်
ဒီမိုဆီတော့ နောက်မှသွားမယ်
ကိုကောင်းကင်ကိုတို့ မောင်မျိုးတို့လည်း ဘုရားသာ တထား
ဟဲ့ ငါ့ဆီကိုလာ သိလား။ ငါက သရဲမွေးမှာ။ ပြီးရင် ငါမကျေနပ်တဲ့သူတွေ မကြိုက်တဲ့သူတွေကို ခြောက်ခိုင်းမှာ။ ဟိ
အင်းးး ... သူငယ်ချင်းတွေကို တစ်ခုခု အရင် လုပ်ပေး ခဲ့ပါလား မသေခင် :P ကျန်တာနောက်မှ :)
အောင်းမယ်ရေး.... ဖျား..ဖျား... အနော့်ကိုတော့ဘာမှလုပ်နဲ့ နော်.. လုပ်ချင်ရင်လည်းအမြဲ Ban Ban နေတဲ့ Server ကြီးသာဒုတ်နဲ့ ထိုးပြစ်... :P
အဲဒီလိုမျိုး စဉ်းစားဖူးတယ်။ တူတူသွားမယ်လေ။ အဖော်ရတာပေါ့။ ခေါ်လိုက်နော်။
Post a Comment