Friday, February 22, 2008

Blogger... ဘာလဲ..? ဘယ်လဲ... ?

ငါက ဘလောဂ့်ရေးတယ်လေ... ဒါ ငါ့လိပ်စာ အားရင် ၀င်ဖတ်ပေါ့ဟာ

အမ်.. ဒါဆိုနင်က Blogger ပေါ့

အေးပေါ့ဟဲ့.. ဘလောဂ့်ရေးပါတယ်ဆို ဘလောဂ့်ဂါ မဟုတ်တော့ ဘာတုန်း

အမလေးတော်ပြီ.. နင်နဲ့ ဝေးဝေး နေမှပဲ.. ငါ ဘလောဂ့်ဂါတွေကို နည်းနည်းတော့ လန့်တယ်.....

ကျွန်မ သူငယ်ချင်းတွေကို ဘလောဂ့်ရေးတယ်လို့ ပြောတိုင်း၊ ကျွန်မရဲ့ ဘာလောဂ့်လေးကို လာဖတ်ဖို့ ခေါ်တိုင်း အဲလို စကားလေးတွေကို အတည်မဟုတ်တောင် နောက်ပြောင်ပြီးတော့ ပြောတာ ကျွန်မကြားရပါတယ်။ ဘုရားရေ.. ဘလောဂ့်ဂါဆိုတိုင်း ဘာလို့ သူတို့တွေ ကြောက်နေကြတာတုန်း။ ငါတို့တွေ မဟုတ်တာများ လုပ်နေတာလား။ အို... ပေါက်ကရ.. သူတို့တွေ အတွေးခေါင်တာပါ။ ဘလောဂ့် အမျိုးမျိုးရှိတယ်.. ဘလောဂ့်ဂါ အမျိုးမျိုးရှိတယ် ဆိုတာ ဘလောဂ့်ဖတ်တဲ့ သူတွေ ဘလောဂ့်ဂါတွေက လွဲရင် ဘယ်သူမှ မသိနိုင်ပါဘူး။

ဟိုတစ်နေ့က စန္ဒကူး ဆိုတဲ့ အမကြီး တစ်ယောက်က template ပြင်ပေးပါလို့ အကူအညီ တောင်းလာလို့ ပြင်ပေးလိုက်တယ်။ ဆိုးလိုက်တဲ့ ကိုရွှေ ကော်နက်ရှင်က မကောင်းတော့ အရောင်လေး ပြောင်းတာကို မိုးလင်းကနေ မိုးချုပ်ထိ ကြိုးစား လိုက်ရတယ်။ ဒီကြားထဲ Proxy က ခံရသေးတော့ ကြာတဲ့ကြားက ပိုကြာ သွားတာပေါ့။ ဟွန်း.. ဒီကောင်တွေ အပျင်းထူကြပုံများ.. Blog တွေကို By Name နဲ့ ဘန်းလို့ ရရက်သားနဲ့ ရှာရမှာ ပျင်းလို့ထင်ပါရဲ့ ပုဂံက ကိုအက်ဒမင် များက Blogger တစ်ခုလုံးကို ဘန်းချ လိုက်တာ အေးရော။ ဒီနေရာမှာ MPT ကိုတော့ နည်းနည်း ကျေးဇူး တင်ချင်သား။ သူကတော့ နိုင်ငံရေး ဘလောဂ့်တွေကိုပဲ ရွေးဘန်းပြီး Blogger ကိုတော့ ချန်ထားသေးတာ့ သူနဲ့ ချိတ်ထားတဲ့ အင်တာနက် လိုင်းတွေကတော့ ဘလောဂ့်ရေးသူတွေ အတွက် အဆင်ပြေသပေါ့ရှင်။ ဒါပေမယ့် သိတယ်မလား MPT ရဲ့ ကော်နက်က စုတ်တော့ လူတော်တော် များများက အင်တာနက်ကို Bagan နဲ့ပဲ ချိတ်ကြတယ်လေ။ အဲတော့ ကျော်ပေအုံးတော့ Proxy. ဒါပေမယ့် တော်သေးတာပေါ့ ရှင်။ သူတို့တွေ ဘလောဂ့်ဂါ ကို illegally ဘန်းထားလို့လေ။ ထိုင်းမှာ Youtube ဘန်းတုန်းကလို တရားဝင် များ ဘန်းထည့် လိုက်လို့ကတော့ Blogger ကို Proxy သုံးပြီး ကျော်ရင် ပုဒ်ထီး ဘယ်လောက် ပုဒ်မ ဘယ်လောက် ဆိုပြီး Cyber Law တွေများ ထွက်လာမလား မသိဘူး။ ခုတော့ ပိတ်တဲ့ သူကလည်း တရားမ၀င်ပိတ်၊ ကျော်တဲ့သူကလည်း တရားမ၀င်ကျော်နဲ့.. ဘန်းသူ ကျော်သူ အသွင်ကို တူလို့.. (အဟတ်).. မဟုတ်လို့ကတော့ မြန်မာနိုင်ငံတွင်းက ဘလောဂ့်ဂါတွေ တန်းစီပြီး အထဲရောက်မှာ ပျော်စရာတောင် ကောင်းနေမလား မသိ။

အို.. ပေရှည်နေလိုက်တာ ပြောချင်တာတောင် ဘယ်နားရောက်သွားမှန်း မသိ။ ကျွန်မ ဘာကိုရေးမှာပါလိမ့်။ သြော် Blogger ဘာလဲ.. ဘယ်လဲ။ စိတ်ချ အင်းစိန်ကိုတော့ မသွားပါဘူးရှင့်။ ဟုတ်ကဲ့ ကျွန်မ ဒီအကြောင်းကို ရေးတာ တော်တော်တော့ နောက်ကျနေပြီ ထင်ပါရဲ့။ ဒါပေမယ့် ပြောရမှာပါပဲ။ ဘလောဂ့်ဆိုတာ လူတွေက ဖန်တီးတာပါ။ လူတွေထဲမှာ နိုင်ငံရေး သမား၊ စီးပွားရေး သမား၊ ပညာရေး သမား၊ နည်းပညာ သမား စသည် စသည်ဖြင့် အမျိုးမျိုး ရှိကြတာ အားလုံးလည်း သိကြပါတယ်။ ဒီလို လူမျိုးစုံက ဖန်တီထားတဲ့ ဘလောဂ့် မျိုးစုံဟာလည်း လူတစ်ယောက်ရဲ့ စိတ်ဝင်စားမှုအပေါ် မူတည်ပြီးတော့ အမျိုးအစား ကွဲပြားနေမှာပါပဲ။ ဒါပေမယ့် ဘာကြောင့် လူတွေက တစ်သားထဲ ထင်နေကြတာလဲ။ သာမန် လူတွေတောင် မဟုတ်ဘူး၊ သာမန် မဟုတ်တဲ့ လူတွေကတောင် ဘလောဂ့်ဂါ ဆိုတိုင်း တစ်မျိုးတည်း တစ်သားတည်း ထင်နေကြတယ်။ အဲတော့ ဘလောဂ့်ဂါတွေကို အမြင်တစ်မျိုးနဲ့ ကြည့်ကြတယ်။ ဘလောဂ့်ရေးတိုင်း နိုင်ငံရေး လုပ်ကြတာ မဟုတ်ပါဘူး။ ရှင်တို့တွေ သိနေကြပါတယ်။ ဟုတ်တယ် မဟုတ်လား။ ဒါပေမယ့် ကျွန်မကတော့ နိုင်ငံရေး ဘလောဂ့်ရေးတိုင်း နိုင်ငံရေး လုပ်နေတယ်၊ နိုင်ငံရေးကို စိတ်ဝင်စားတယ်လို့ မထင်မိပေါင်ရှင်။ အာပလာတွေ လို့တောင် မြင်မိသေးရဲ့ (ပင့်ဂိုလ်း အဆော်တော့ ခံချင်နေပြီ ထင်တယ်.. အဟိ).. တစ်ရုပ် ကားတွေ ထဲမှာလို မပြောခဲ့ ဘူးလို့ သဘောထားလိုက်နော်။ ရတယ် မလား။ ပုဂံက အက်ဒမင်များ ဘန်းချင်သလား။ နိုင်ငံရေး ဘလောဂ့်တွေကို အထဲက လူတွေကို သွားမဖတ်စေ ချင်ဘူးလား။ ဘန်းလိုက်စမ်းပါ။ အဲလို နိုင်ငံရေးတွေ ရေးနေ တင်နေတဲ့ ဘလောဂ့်တွေ ရွေးပြီး ဘန်းစမ်းပါ။ စိတ်ချ လုံးဝ သွားမဖတ်ဘူး။ Subscribe လုပ်ပြီး Reader ကနေပဲ ယူဖတ်မှာ.. (အဟိ).. အဲလိုပြောလို့ Google ပါ ဘန်းချ လိုက်တော့မှ ဟုတ်ပေ့ ဖြစ်နေမယ်။

အဲတော့ ကျွန်မတို့ ပြည်တွင်းက ဘလောဂ့်ဂါတွေ ဘာလုပ်ကြမှာလဲ။ ဘယ်ကို ဦးတည်ပြီး ရပ်တည်နေကြတာလဲ။ ကျွန်မ တစ်ချက်လောက် ပြောပြချင်ပါတယ်။ ကိုဘလာဂေါက်ရေးထားတဲ့ ဘလောက်ဂါ ဘာလဲ၊ ဘယ်လဲ ဆိုတာကို ကျွန်မ ကိုးကား တင်ပြပါ့မယ်။ ကျွန်မလား ရေးမှာ။ ဒီလောက် စာရိုက်ရမှာ အပျူထင်းတာ။ မရေးပါဘူး။ သူများ ရေးပြီးသားကိုပဲ ကော်ပီ လုပ်မှာပေါ့.. အဟ။ တစ်ကယ်တော့ ကျွန်မတို့နဲ့ ကိုဂေါက်တို့ MBS အတွက် လုပ်နေတဲ့ သူတွေ အချင်းချင်း ရည်ရွယ်ချက် တူတာကြောင့် သူရဲ့ ပိုစ့်လေးကို ကျွန်မ ဖော်ပြလိုက်တာပါရှင်။

***ကျွန်တော်လုပ်တဲ့ ၊ ကျွန်တော် ရေးတဲ့ ပေါ်ကို မူတည်ပြီး ဒီဘလောက်ရဲ့ အမည်နဲ့ အနှစ်သာ ရ ဟာ ကွဲ ပြား သွားမှာပါဘဲ။ ဒါပေမယ့် အားလုံးသော ဘလောက်ဂါတွေ (အများစုလို့ထင်ပါသည်) ရည်ရွယ်ရင်းတစ်ခု ရှိတယ်ဗျ။ အဲဒါ ကိုသိပြီးတဲ့ အကြောင်းအရာတွေ ကို ဝေငှ ပေး ချင်တယ်။ ဝေငှတဲ့နေရာမှာ အမျိုးမျိုး ရှိမှာပါ။ အဲဒီထဲက အတူညီဆုံးတစ်ခု ဟာ အင်တာနက်သုံးနေတဲ့ သူတွေတင်မက မသုံးရသေးတဲ့ သူတွေကိုပါ အသိပညာ ဝေငှ ပေးချင်ကြတယ်။ အတတ်ပညာတွေ ဝေငှချင်ကြတယ်။ ဒါကြောင့်လဲ ဘလောက်သက် နုနယ် နေ ကြသေးတဲ့ အချိန်ကတည်းက နေယနေ့ အထိ ကျွန်တော်တို့ နိုင်ငံတကာ က မြန်မာ ဘလောက်ဂါတွေရဲ့ရသမျိုးစုံပါတဲ့ စာအုပ်တအုပ်ကို ထုတ်ဝေဖို့ စုစည်း ခဲ့ကြတာ ယနေ့အချိန်အထိပါ။ ကျွန်တော်တို့အခက် အခဲတွေ ကြားထဲက ကြိုးစားနေကြဆဲ ပါ။ နောက်ပိုင်း ရန်ကုန် နဲ့ မန်း မှာပါ အမှတ်တရ ဟော ပြောပွဲတွေ လုပ်နိုင်လာ ခဲ့ အောင် စုစည်းပေးနိုင်ခဲ့ကြပါတယ်။ မန်းကလဲ မန်း အလျောက် အောင်မြင်ပါတယ်။ ရန်ကုန် ကလဲ ရန်ကုန်အလျောက် အောင်မြင်ကြပါတယ်။ အဲဒီ အချိန်ကစလို့ ကျွန်တော်တို့ အနေနဲ့ အွန်လိုင်းပေါ်တယ် တခုဖန်တီးကြပြီး ဘလောက်ဖတ်သူရော ရေးသူတွေပါ အကျိုးရှိစေမယ့် အစဉ်အစဉ်တွေ ပါတဲ့ဆိုဒ် တခုတည်ထောင်ဖို့ လေ့ လာ ကြိုးစားလာခဲ့ပြန်ပါတယ်။ နောက်ဆုံး အနေနဲ့ လာမည့် နွေက စလို့ ကျွန်တော်တို့ တွေ စုစည်းနိုင်တဲ့ အားတွေနဲ့ ပြည်တွင်း ပညာရေး တိုးတက်စေမယ့် တဖက်တလမ်း ဖြစ်တဲ့ ကွန်ပျုတာ အခြေခံ သင်တန်းတွေလို၊ ရုံးသုံးကွန်ပျုတာ လက်တွေ့ အသုံးချ သင်တန်းတွေလို အကျိုးရှိစေမယ့် သင်တန်းများ ကို အခမယ့် သင်ကြားပေး ကြဖို့ ဆုံးဖြတ်ခဲ့ပြန်ပါတယ်။ ကျွန်တော်တို့ရဲ့မှန်ကန်တဲ့ ပရဟိတ လုပ်ငန်းနဲ့ နည်းပညာ ပြန့်ပွားရေး အခြေခံ အုတ်မြစ်ကို ကျွန်တော်တို့ လက်တွေ့ဖော် ဆောင် နိုင် အောင်ကျွန်တော်တို့ ကြိုးစားကြဖို့ သဘော တူညီစွာနဲ့ လက်ခံခဲ့ကြပါတယ်။ အဲဒီလို လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပြည်တွင်း မှာလုပ်ဆောင်ကြမယ့် သူတွေ အတွက် များစွာသော ငွေအား၊ လူအား စတဲ့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့မည်သည့် ဘလောက်ရေးသားသော ဆန္ဒရှိတဲ့ ဘလောက်ဂါများမဆို ပါဝင် ဆောင်ရွက် နိုင်စေဖို့ စီစဉ်ကြပါတယ်။ အဲဒီ အတွက် ကျွန်တော်တို့ မှာ ဘာ အရောင်မှ မဆိုး အဖြူရောင် သက်သက်လှုပ်ရှားခဲ့ကြတာပါ။ ပါဝင်သူတွေအနေနဲ့ မည်သည့် အကြောင်း အရာများ ကိုရေးသားနေသူ မဆို ပါဝင်နိုင်ပါတယ်။ သူ့ရဲ့ရေးသား မှု တိုင်းအပေါ် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို ကာယကံရှင်သာလျှင် ခံစား တာဝန်ယူ နိုင်ရမည်ဆိုတဲ့ မူအရ ကျွန်တော်တို့ အားလုံးသော ဘလောက်ဂါများ အား ဖိတ်ခေါ် ခဲ့ ကြတာဖြစ်ပါတယ်။ အထက်ပါရေးသား ချက်များ ကတော့ ကျွန်တော့် ကိုယ်တိုင် ပါဝင်လာ ခဲ့တဲ့ ကျွန်တော့် မြန်မာ ဘလောက်ဂါဘာလဲ ဖြစ်ပါတယ်။ ဘလောက်ဂါဘယ်လဲ ဆိုတဲ့မေးခွန်း ကတော့ တယောက်ခြင်းရဲ့ သဘောထားနဲ့သာ ဆိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ အားလုံးသိမ်းကြုံးသဘော တူတယ်ဆိုတာ အိပ်မက် အရမ်းဆန်ပါ လိမ့်မယ်။ ကျွန်တော်တို့ ဟာ ကို့ အမြင် ၊ ကို့ အတွေး ၊ ကို့ပညာ တွေ ကို လွတ် လွတ် လပ်လပ်ဖြန့်ဝေနေတဲ့ သူတွေပါ။ ကျွန်တော်တို့ ဟာ သူတပါး အသုံးချခံတဲ့ သူတွေ မဖြစ်စေရပါဘူး၊ အဝေးကနေ ဘာတွေပြောပြော ကို့ အိမ်ထဲက အကြောင်း ကိုသိ ရသလို ကို့အိမ်ရဲ့ ကျေးဇူးကိုကျွန်တော်တို့ ဘယ်တော့မှ မေ့လို့ မရကြပါဘူး၊ မခေါ်ချင် နေလို့ ရပါတယ်၊ မတော်ချင်လို့ မရတဲ့ မြန်မာ စကားပုံကို နားလည်ကြမှာ ပါ။

ကျွန်တော်တို့ တဦးချင်း ယုံကြည်ရာ လျှောက်လှမ်း လို့ ရပါတယ်။ ကိုယုံကြည်တဲ့ လမ်း ကို ကိုလျှောက်ကြတာ အကောင်းဆုံးပါလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ သွားနေတာ အသိပညာ ဖြန့်ဝေတဲ့၊ နည်းပညာ တွေ တန်းတူတတ်စေချင်တဲ့၊ ပညာရေးမှာ မနိမ့်ပါး ရအောင် ကျွန်တော်တို့သွားမှာပါ။ ကျွန်တော်တို့ လျှောက်တဲ့ လမ်းဟာ ကြမ်းနေမယ် ဆိုရင်တောင် သာသာ ယာယာ လျှောက် လှမ်း နိုင်မယ်လို့မျှော်လင့်ပါတယ်။ အဲဒီတော့ ကျွန်တော့် ကို ကျွန်တော်ပြန်မေးပါတယ်။ ဘလောက်ဂါဘယ်လဲလို့ - - -

5 comments:

Anonymous said...

pinkgold ဘယ်လဲ၊ဘာလဲ။ ဟီးဟီး :D

Anonymous said...

မိုက်လှချည်လား။
ရေးချက်က လန်ထွက်နေတာပဲ။
ဒီတော့ကာ MBS ရဲ့ မူအတွက် ကိုဘာလာဂေါက်ရဲ့ ဘလောက်ဂါဘာလဲ ဘယ်လဲဆိုတာကို ကျနော်ကတော့ တခဲနက် ထောက်ခံပါတယ်။ :P

Anonymous said...

ဘယ်လဲ .....ဘာလဲ ကောင်းတယ်ဗျို့  လန်းနေတယ် ဖတ်ရတာ ရှင်းနေတာပဲ.....ဘလော့ရေးတိုင်း နိုင်ငံရေးလုပ်နေတယ်ထင်ရတာ သိပ်တော့မမိုက်ဘူးနော့်...............ကျနော်တို့ ဆိုလဲ ဘယ်အဖွဲ့ ကလဲဆိုတာကြီးပဲ ဘယ်အဖွဲ့ ကမှ မဟုတ်ဘူး ကြောင်မျိုးဆိုမှတော့ ကြောင်အဖွဲ့ ကပေါ့...............ဟီး တော်ပြီး ဂလောက်ပဲပြောတော့မယ်နော့်...........

Anonymous said...

Pinkgold... နတ်သမီး နတ်ပြည်သွားမယ် လေ အဟိ

Anonymous said...

အားပါး ညီမ အရေးအသားကတော့ ညက်နေတာပဲ။ တစ်ကယ်ကို ကောင်းတာ။