Thursday, August 9, 2007

Super Women

မိန်းမများကို စိတ်ဝင်စားပြီး ဂရုတစ်စိုက်လေ့လာကြည့်သောအခါ မလှသောမိန်းမဟူသည်မှာ မရှိကြောင့်တွေ့ရှိရသည်။ မိန်းကလေးတိုင်းတွင် ကိုယ်ပိုင်အလှတစ်ခုစီ ရှိကြတာချည်းဖြစ်သည်။ ရုပ်လှသူ စိတ်လှသူ တစ်နည်းနည်းဖြင့်လှသူ စသည်ဖြင့် အလှကိုယ်စီ ရှိကြသည်။ မိန်းမများ၏ မုလဘူတအားသာချက်မှ ချစ်ခင်စိတ်၊ ကြင်နာစိတ်၊ သနားစိတ်ရှိတတ်ကြခြင်းဖြစ်သည်။ ထိုအရာများသည် ယောင်္ကျားများထက် သာလွန်သော အားသာချက်ဖြစ်သည်။ ချစ်စိတ်ခင်စိတ်ရှိသော အားသာချက်များကြောင့် မိန်းမများသည် သူတို့ချစ်သောသူများကို ရရှိကြခြင်းဖြစ်ပေသည်။ ရူပဗေဒသဘောတရားအရ အတုံ့အလှည့်နိယာမ အတိုင်းဖြစ်ပြီး ကိုယ်ကချစ်သောကြောင့် သူတို့က ပြန်ချစ်ကြခြင်းဖြစ်ပေသည်။

မိန်းမများတွင်ရှိတတ်သော နောက်အားသာချက်တစ်ခုမှာ ပျောင်းညွတ်သောအလှကို ပိုင်ဆိုင်ကြခြင်းဖြစ်သည်။ ၄င်းသည်ယောင်္ကျားများတွင် မရှိသောအရာဖြစ်သည်။ ယောင်္ကျားများသည် စိတ်ပိုင်းရော ရုပ်ပိုင်းပါ မူလသဘာဝအားဖြင့် အနည်းငယ် မာလေ့ရှိကြသည်။ တစ်ယူသန်ဝါဒီများကနေ အခြောက်ဟုခေါ်သော မိန်းမလျာများအဆင့်ထိ မာခြင်းအဆင့် တစ်ဆင့်ဆင့်တွင် ရှိနေတတ်ကြသည်။ မိန်းမများတွင်လည်း မာခြင်းအဆင့်ရှိသည်။ သို့သော်လည်း တမင်မွေးယူရသော မာခြင်းအဆင့်သာဖြစ်သည်။

မိန်းမများတွင်ရှိသော ပျော့ညွတ်သောဓါတ်ကိုခံရဖူးသော ယောင်္ကျားများနှင့် မလိုတမာရှိသူများက ၄င်းကိုမာယာဟုခေါ်တတ်ကြသည်။ အမာဓါတ်ရှိသော ယောင်္ကျားများသည် အပျော့ဓါတ်အညွတ်ဓါတ်ရှိသော မိန်းမများနှင့်ကြုံတွေ့ရသောအခါ ငြိကုန် စွဲကုန်တတ်ကြသည်။ မိန်းမများ၏ ချစ်စိတ်၊ ခင်စိတ်နှင့် ပျော့ညွတ်သော ဓါတ်များပေါင်းလိုက်သောအခါ မလှသောမိန်းကလေးဟူသည် မရှိသလောက်ဖြစ်သွားတော့သည်။

မိန်းမများ၏အလှအောက်တွင် ဘုန်းတန်ခိုးကြီးမားသော ဘုရင်ကြီးများ၊ ခွန်အားကြီးသော ဗလကြီးများ၊ ဥာဏ်အမြောင်အမြင်ရှိသော ဆရာကြီးများ၊ အသပြာကြွယ်ဝသော သူဌေးကြီးများ၊ စသဖြင့်ယောင်္ကျားတော်တော် များများတို့သည် ရယ်စရာဖြစ်ကုန်ကြပြီး မင့်သဘော၊ ခင့်သဘောသာ ဖြစ်သွားတတ်ကြလေသည်။

မိန်းမများသည် သူများကိုချစ်တတ်ကြရုံသာမက ကိုယ့်ကိုချစ်အောင်လည်း လုပ်တတ်ကြသူများဖြစ်သည်။ သူများကို ချစ်သည်ဟု ဆိုရာတွင် ငယ်ငယ်ဘ၀ကတည်းက အရုပ်ကလေးများကိုချစ်သည်၊ ကြောင်ကလေး ခွေးကလေးများကိုချစ်သည်၊ သူငယ်ချင်း၊ မောင်နှမ အဖေအမေတွေကို ချစ်သည်၊ စသဖြင့်နောက်ပိုင်းတွင် ရည်းဇားကိုလည်းချစ်၊ ဆွေမျိုးများကိုလည်းချစ်၊ သားသမီးကိုလည်းချစ်၊ မြေးမြစ်များကိုလည်းချစ် စသဖြင့်ချစ်လိုက်ကြသည်မှာ မွေးစကနေ သေတဲ့အထိချစ်တတ်ကြသူများဟုပင် ဂုဏ်ပြုထိုက်ပေသည်။

မိန်းမများသည် အချစ်ကို ကိုးကွယ်သူများဖြစ်ပြီး၊ ယောင်္ကျားများမှမူကား အချစ်ကိုစားသုံးသူများ ဖြစ်ကြပါသည်။ မိန်းမများသည် အချစ်ကိုခေါင်းပေါ်တင်ပြီး ယောင်္ကျားမျးကတော့ နင်းချေပစ်တတ်ကြပါသည်။ အချစ်ဆိုသောအရာမှ မိန်းမများအတွက် တစ်ဘ၀တာဖြစ်ပြီး ယေင်္ကျားများအတွက်ကတော့ တစ်ခဏတာသလျှင် ဖြစ်ပေတော့သည်။

Magazine တစ်စောင်တွင်ဖတ်ရှုလိုက်ရသော ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။

No comments: