Thursday, August 9, 2007

4 masks to make yourself



ကျွန်မတို့မှာ လှဖို့ပဖို့အတွက် သဘာဝကပေးတဲ့ လက်ဆောင်မွန်တွေ အမြောက်အများ ရှိနေပါတယ်။ ဓါတုပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ အလှကုန်တွေ ၀ယ်တာကလည်း တစ်ပိုင်းပေါ့လေ။ ဒါပေမယ့် ကျွန်မတို့ရဲ့ အသားအရေကို လှပစေဖို့ အဖိုးတန်ပစ္စည်းလေးတွေဟာ ကျွန်မတို့ရဲ့ မီးဖိုချောင်မှာ ရှိနေကြပါလေရဲ့ရှင်။ အရည်အသွေးလည်းကောင်း၊ ကျွန်မတို့ကိုလည်း လှစေတဲ့ မီးဖိုချောင်ထဲပ အဖိုးတန်ပစ္စည်းလေးတွေဟာ ဘာတွေများ ဖြစ်မလဲနော်။ အဓိကကတော့ မျက်နှာကို ချောမွေ့စေဖို့ ကိုယ်တိုင်လုပ်နိုင်တဲ့ mask လေးတွေ အတွက် ထိရောက်တဲ့ အရာလေးတွေပေါ့ရှင်။

မီးဖိုချောင်သုံး ပစ္စည်းတွေကနေ ကိုယ်တိုင်လုပ် မျက်နှာကပ်ခွာတွေ ပြုလုပ်ခြင်းကို လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ ရေခဲသေတ္တာထဲမှာ ဖြစ်ဖြစ်၊ ကြောင်အိမ်ထဲမှာပဲဖြစ်ဖြစ် အသုံးဝက်တဲ့ အမျိုးအစားလေးတွေ ရှိနေတတ်ကြပါတယ်။ မျက်နှာမှာ တစ်ပတ်ကို တစ်ကြိမ်ခန့် အသုံးပြုပေးရုံနဲ့ ကောင်းမွန်လှပတဲ့ အသားအရေကို ပိုင်ဆိုင်ရရှိစေမှာပါ။ Facial Mask တွေကို မျက်နှာပေါ် မတင်ခင်မှာ ရေနွေးနွေးလေးနဲ့ မျက်နှာ သစ်ပေးပြီ၊ အသုံးပြုပြီးနောက်မှာတော့ ရေအေးနဲ့မျက်နှာ သစ်ဖို့အကြောင်း ထပ်လောင်းပြောကြား ပါရစေရှင်။


Egg mask: ကြက်ဥကပ်ခွာကတော့ မျက်နှာအသားအရေကို ထိန်းညှိပေးဖို့ အကောင်းဆုံး အရာတစ်ခုပဲဖြစ်ပါတယ်။ ကြက်ဥက မျက်နှာရဲ့ အရေးကြောင်းတွေကို ဖျောက်ပေးပြီး၊ အသားအရေ လျော့ရဲတွဲကျခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ကြက်ဥအကာတွေကို မျက်နှာအနှံ့လိမ်းပြီး မိနစ် ၂၀ ခန့် ထားရပါမယ်။ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေကတော့ ကြက်ဥအကာထဲပို သံပုရာရည် တစ်စက်၊ နှစ်စက်ခန့် ထည့်ပေးနိုင်ပြီး၊ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေကတော့ ပျားရည်တစ်စက် နှစ်စက် ရောပေးနိုင်ပါတယ်ရှင်။

Honey mask: ဒါကတော့ အရမ်းလွယ်တဲ့ နည်းလမ်းလေး တစ်ခုပဲ ဖြစ်ပါတယ်။ ပျားရည်ကတော့ ဘက်တီးရီးယား တွေကိုသေစေပြီး မျက်နှာကို သန့်စင်စေပါတယ်။ ခပ်နွေးနွေးပျားရည်လေး ရနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။ ဒါလည်းမခက်လှပါဘူး။ ပျားရည်ခွက်ပို ပူနေတဲ့ ထမင်းအိုးပေါ်မှာ ခဏတင်ထားလိုက်ရင် အဆင်ပြေသွားမှာပေါ့။ ဒါမှ မဟုတ်လည်း ရေနွေးထဲမှာ ခဏနှစ်ထားလိုက်ရင်လည်း ဖြစ်ပါတယ်။ sensitive skin တွေအတွက်တောင် ပျားရည်ကပ်ခွာကို စိတ်ချလက်ချ အသုံးပြုလို့ရနိုင်ပါတယ်။ ပျားရည်ကို မျက်နှာအနှံ့လိမ်း လိုက်ပါ။ နှစ်မိနစ်လောက် ကြာလာတဲ့အခါမှာတော့ မျက်နှာတစ်ခုလုံး တင်းတင်းရင်းရင်း ဖြစ်လာတာကို ခံစားရပါလိမ့်မယ်။ အဲဒါဆိုရင်တော့ မျက်နှာကို ရေအေးလေးနဲ့ သစ်ပြီး ပျားရည်တွေကို ဆေးချလို့ ရနိုင်ပါပြီ။

Acne mask from kitchen items: ၀က်ခြံတွေကို ကာကွယ်ဖို့အတွက် အကောင်းဆုံးဆေးတစ်မည်ကလည်း ကျွန်မတို့ရဲ့ မီးဖိုချောင်ထဲမှာ ရှိနေပါရဲ့ရှင်။ ခရမ်းချဉ်သီးအနှစ် တွေကို နို့မုန့်ပန်ကန်ဝက်လောက်နဲ့ ရောပြီး ခပ်ပျစ်ပျစ်ဖြစ်အောင် မွှေပေးရပါမယ်။ ပြီးတော့ မျက်နှာပေါ်မှာလိမ်းပြီး မိနစ် ၂၀ ခန့်ထားပေးရပါမယ်ရှင်။ ခရမ်းချဉ်သီးမှာပါတဲ့ ဗီတာမင်စီဓါတ်နှင့် ပိုတက်ဆီယမ်ဓါတ်က ၀က်ခြံများကို သက်သာပျောက်ကင်း စေလို့ပဲ ဖြစ်ပါတယ်။ မိနစ် ၂၀ ကြာပြီးနောက်မှာတော့ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေး နိုင်ပါတယ်ရှင်။ တစ်ပတ်တစ်ခါ လောက် လုပ်ပေးနိုင်ရင် အကျိုးထူးပါလိမ့်မယ်။

Strawberry alpha hydroxy mask: စတော်ဘယ်ရီသီး ခပ်ကြီးကြီး 5 လုံးလောက်ကို ခပ်ပျစ်ပျစ်လေး ဖြစ်အောင် ခလောက်ပေးပါ။ ပြီးတော့ မျက်နှာပေါ်မှာ ခပ်ထူထူလေး လိမ်းပေးပါ။ ထုံးစံအတိုင်း မိနစ် ၂၀ လောက်ကြာပြီး ချိန်မှာတော့ ရေအေးလေးနဲ့ မျက်နှာသစ်ပေးနိုင်ပါတယ်။ သြော် မလိမ်းခင်မှာ ရေနွေးလေးနဲ့ မျက်နှာသစ်ဖို့လည်း မမေ့ကြပါနဲ့နော်။ ဒါပေမယ့် သင့်ရဲ့ အသားအရေဟာ sensitive skin ဆိုရင်တော့ ဒီနည်းလမ်းကို အသုံးမပြုဖို့ ပြောလိုက်ပါရစေရှင်။

မိမိရဲ့ မီးဖိုချောင်ထဲမှာရှိတဲ့ သဘာဝပစ္စည်းလေးတွေကို အသုံးပြုပြီး ကောင်းမွန်လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်

No comments: