Monday, February 23, 2009

Good Tips for Everything!

ကျွန်မတို့တွေ လူမှုဘ၀မှာ ရှင်သန်နေထိုင်ဖို့ဆိုရင် ငွေကြေးတောင့်တင်းဖို့အပြင် ကျန်မားရေးကောင်းဖို့၊ ရုပ်ရည်ရူပကာ လှပဖို့၊ လူမှု့ဆက်ဆံရေး ချောမွေ့ အဆင်ပြေစေဖို့ စတာတွေကလည်း မလွဲမသွေ လိုအပ်ပါတယ်ရှင်။

ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်

1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့ သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ -- Energy, Enthusiasm နဲ့ Empathy တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်မဆို 10 နာရီလောက် အိပ်တာ)

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။ လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။ (အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)

Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင် လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့ အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက် မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့ အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့ သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရီပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင် သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။ တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။ (သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့ အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင် ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။

Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့ အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။

35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ ပြောင်းလဲနေမှာ ပါပဲ။

36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့.. အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။

39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့် ပျော်ပျော်သာနေပါ။

နောက်ဆုံး အချက် 40 မြောက်လာပါပြီ။ နောက်ဆုံးမှထားလို့ အရေးမကြီးတာ မဟုတ်ဘူးနော်။ ဘာတဲ့လဲ

40. ဒီအကြောင်းအရာကို သင်ချစ်တဲ့ လူအယောက် (၄၀) ကို မျှဝေပေးလိုက်ပေါ့။ ဒါမှာ ကိုယ်ချစ်တဲ့သူတွေကော ကိုယ်ကိုယ်တိုင်ပါ ပိုပြီး ကျန်းမာပျောရွှင်မှာပေါ့ရှင်။

Thursday, February 19, 2009

Yearn

ပန်းကလေး

အလှမ်းဝေးလွန်းတယ်

အလွမ်းချစ်

ပန်းအဖြစ် ပွင့်ခဲ့ရင်တောင်

မနမ်း ဝံ့ ပါဘူး။

မြစ်တစင်းထဲ

ချစ်ခြင်းတွေ အပြည့်တင်

ဘယ်သောင်ပြင် ကပ်ရမယ် မသိ

ဖြတ်မရသည့် သံယောဇဉ်ကြိုး

တိုးလို့ နှောင်မိ။

ဒီ ဘဝမှာတော့

ညီမျှမှ တော်ရာကျမှာမို့

တေးသီခါ ဖေါ်ကာပြချင်ပေမယ့်

အဝေးဆီသာ မျှော်ကာတရတယ်

အချစ်ရယ် ... တော်ရာကပဲ လွမ်းနေမယ်။

ကျွန်မ သူငယ်ချင်းရေးတဲ့ ကဗျာလေးပါ။ ကြိုက်လို့ ဒီမှာ ပြန်ဖော်ပြလိုက်ပါတယ်ရှင်။ မူရင်းကိုတော့ ဒီနေရာ မှာ ဖတ်နိုင်ပါတယ်။

Friday, February 13, 2009

Rememberance of Bogyoke

ဗိုလ်ချုပ်ရေ..
ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိမယ်ဆို
ဒီနေ့ ကိုးဆယ့်လေးနှစ် ပြည့်မှာပေါ့နော်။

ဗိုလ်ချုပ်ရေ
ဗိုလ်ချုပ်သာ အသတ်မခံရဘူးဆိုရင်
ဒီနေ့မြန်မာပြည် ဒီလိုဖြစ်နေမှာ မဟုတ်ဘူး။

ဗိုလ်ချုပ်ရေ
ဗိုလ်ချုပ်မွေးနေ့ကို မေ့နေကြတဲ့
ကလေး လူကြီးတွေကို တွေ့တိုင်း
ကျွန်မ ရင်နာရတယ်။

ဗိုလ်ချုပ်ရေ
ဗိုလ်ချုပ်မွေးနေ့ကို
ဗယ်လင်တိုင်းဒေးလောက် စိတ်မလှုပ်ရှားကြတာ
ဘယ်သူ့ကို အပြစ်တင်ရမလဲ။

ဗိုလ်ချုပ်ရေ
တစ်ချို့ကတော့
ဗိုလ်ချုပ်ကို မမေ့ မေ့အောင်
အားထုတ်နေကြလေရဲ့။

ဗိုလ်ချုပ်ရေ
အဖေ့ခြေရာနင်းတဲ့
သတ္တိခဲ သမီးတစ်ယောက်ဟာ
ခုတော့လည်း စစ်ဖိနပ်တွေအောက်မှာ
ရင်နင့်စရာ အဖြစ်နဲ့ပေါ့။

ဒါပေမယ့် ဗိုလ်ချုပ်ရေ
တိုင်းပြည်ချစ် လူထုကြားမှာတော့
ဗိုလ်ချုပ်ဟာ ရှင်သန်နေဆဲပါပဲ။

ဗိုလ်ချုပ်ရေ
ကျွန်မကလည်း
ှဗိုလ်ချုပ်ကို သိပ်ချစ်နေတဲ့ လူတစ်ယောက်ပါ။

Monday, February 9, 2009

You, Me and Feburary!

ရှင်ရယ်၊ ကျွန်မရယ်၊ ဖေဖော်ဝါရီရယ်

မြူ……………………. မနက်ခင်းမှာ မှိုင်းမှုန်ရီဝေတတ်တဲ့ မြူတွေ။ ကျွန်မသိပ်ချစ်တာပေါ့။ ပိန်းပိတ်အောင်မှိုင်းနေတဲ့ မြူတောထဲ တိုးဝင်လမ်းလျှောက်ရတာကို ကျွန်မအတိုင်းမသိ နှစ်သက်မိတယ်လေ။ အဲလိုမျိုး မြူတွေဝေတတ်တဲ့ ဖေဖော်ဝါရီ မနက်ခင်းတွေ ရောက်လာပြီဆိုရင် ကျွန်မသိပ်ပျော်နေမိသည်။ မနက် မနက်ကို စက်ဘီးတစ်စီးနဲ့ မြူတောထဲ လျှောက်စီးရတာ ကျွန်မအတွက်တော့ လောကီစည်းစိမ်တစ်ခုပါပဲ။ ဟေမာန်က နွေကိုကြိုဖို့ ကြိုးစားတဲ့ ပြယုဂ်အနေနဲ့ မြူတွေအုံ့ဆိုင်းတာကို သတ်မှတ်တတ်ကြတယ်လေ။ ဒါဆိုရင် မြူတောထဲ လမ်းလျှောက်တာကိုနှစ်သက်တဲ့၊ ဆောင်းရာသီမှာ မွေးဖွားတဲ့ကျွန်မဟာလည်း နွေကိုကြိုဖို့ ဟန်ပြင်နေတဲ့ ပြယုဂ်တစ်ခု များလားဟင်။ နွေကိုကြိုဖို့ မွေးဖွားလာခဲ့တာ မဟုတ်ရင်တောင်မှ ကျွန်မဟာ အနည်းဆုံးတော့ ရှင့်ကို ချစ်ဖို့ မွေးဖွားလာတဲ့ လူတစ်ယောက်တော့ ဖြစ်ချင်ခဲ့ပါသည်။

ကျွန်မသိပ်ချစ်တဲ့ မြူတွေကြားထဲမှာ ကျွန်မရဲ့ စက်ဘီးလေးနဲ့ လျှောက်သွားနေတုန်းမှာပဲ ကျွန်မသိပ်ချစ်တဲ့ ရှင့်ကို တွေ့ခဲ့ရတာ ရှင်မှတ်မိအုံးမလား။ အဲဒီ့ဖေဖော်ဝါရီ မနက်ခင်းဟာ ခါတိုင်းနေ့တွေထက် မြူတွေနဲ့ ပိုမှိုင်းနေတာကို ကျွန်မ အမှတ်တရ ရှိနေဆဲဖြစ်သည်။ စစတွေ့ချင်းပဲ ကျွန်မရှင့်ကို သတိတရဖြစ်စေမယ့် အဖြစ်အပျက်လေးတစ်ခုကို ကျွန်မတို့ နှစ်ယောက်စလုံး ကြုံခဲ့ရတာပဲ မဟုတ်လား။ ကျွန်မ မှတ်မိသေးတယ်.. အဲဒီတုန်းက မြူတွေ ထူလိုက်ပုံများ ရှေ့တစ်တောင်လောက် အကွာကိုတောင် မနည်းအားစိုက်ပြီး ကြည့်ရတာကိုလေ။ စက်ဘီးလမ်းကြောင်းကို အားယူပြီးကြည့်ရင်း ၀ုန်း ဆိုတဲ့အသံနဲ့အတူ ကျွန်မ လူ တစ်ယောက်ကို ၀င်တိုက်မိခဲ့တယ်။ ကျွန်မကိုယ်တိုင်လည်း အရှိန်မထိမ်းနိုင်ပဲ ၀ရုန်းသုန်းကားနဲ့ကို လဲကျသွားခဲ့သေးတယ်။ ကျွန်မကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ ကျွန်မနားကလူတွေပဲ ဖြစ်ဖြစ် တစ်ခုခုဖြစ်သွားရင် အထိတ်တလန့်နဲ့ ကြောက်ရွံ့ တတ်တာကို အဲဒီတုန်းကတော့ ရှင် ဘယ်သိအုံးမလဲ။ အဲဒါကြောင့်ပဲ ရှင် ကျွန်မကို အဲဒီတုန်းက ဆူပူခဲ့သေးတယ် မဟုတ်လား။ ကျွန်မ၀င်တိုက်မိတဲ့ အန်တီကြီးက သိပ်တော့ အနာတရ မဖြစ်ပေမယ့် ကျွန်မကတော့ ကိုယ့်စက်ဘီးနဲ့ ကိုယ်ပိပြီး တော်တော်အထိနာသွားတယ်။ ရှင်လည်း အနီးတစ်နေရာမှာ ရှိနေခဲ့တာပေါ့နော်။ ဒါကြောင့် ရှင် ပြေးလာပြီး အန်တီကြီးကို လာပြေးထူတာပေါ့။ ကျွန်မကိုတော့ ရှင်က ဆူတယ်လေ။ ဘယ်လိုကောင်မလေးလည်း မသိဘူး.. မြူတွေပိတ်နေတုန်း စက်ဘီးစီးရလားတဲ့။ ကျွန်မမှာတော့ ဟို အန်တီကြီးကို စိုးရိမ်တာရော၊ ကိုယ့်ဒဏ်ရာနဲ့ကိုယ် နာနေတာရော ကြောက်နေတာကြောင့်ရော စကားကို ဟဟ ပြန်မပြောနိုင်ခဲ့ပါဘူး။ နောက်တော့ ကျွန်မနာကျင်နေတာကို ရှင်သတိပြုမိသွားတယ်ထင်တယ်။ ကျွန်မကို အားပေးတဲ့ အပြုံးတစ်ခု ရှင်ပေးခဲ့တယ်။

အဲဒီတုန်းက မြူတွေ ပိတ်နေတာမှန်တယ်။ ရှင့်ရုပ်ရည်ကိုလည်း ကျွန်မ မသဲကွဲတာ ဟုတ်တယ်။ ဒါပေမယ့် ဒီလို မှုန်မှုန်မှိုင်းမှိုင်းတွေကြားထဲမှာ ရှင့်အပြုံးက ဘာကြောင့်လက်နေရတာလဲ။ ဒါ ဆွဲဆောင်မှုတစ်ခုလား။ ကျွန်မ ရှင့် ရုပ်ရည်ကို လုံးမ၀မမှတ်မိဘူး။ ဒါပေမယ့် ရှင့် ပြုံးတာကို ကျွန်မ ဘာကြောင့် သတိရနေမိတာလဲဆိုတာတော့ ကျွန်မ မပြောတတ်တော့ပါ။ ဒီလိုအပြုံးလေး တစ်ခုကြောင့်ပဲ ရှင်နဲ့ ကျွန်မ နောက်ထပ်တွေ့ဖို့၊ ရှင့်ကို လုံးဝမှတ်မိဖို့ အခွင့်အရေးများ ကျွန်မ ရရှိလာခဲ့ပါသည်။

ကျွန်မတို့မြို့ကလေးမှာ လူမှုရေး အသင်းအဖွဲ့ပေါင်း မြောက်များစွာ ရှိသည့်အနက် ကျွန်မသည် ဓါတ်တော်ဘုရားကြီး၏ စနေနေ့သန့်ရှင်းရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ မြို့ရဲ့ဆင်ခြေဖုန်းရပ်ကွက် တစ်ခုမှာရှိတဲ့ ဓါတ်တော်ဘုရားကြီးဟာ ကျွန်မတို့မြို့ရဲ့ ကြက်သရေဆောင် ဘုရားကြီးဖြစ်သလို ဆုတောင်းပြည့်ဘုရားဟုလည်း ယုံကြည်နေသော ဘုရားကြီးဖြစ်သည်။ ထိုဘုရားကြီး၏ သန့်ရှင်းရေး ကိစ္စအ၀၀ကို ဆောင်ရွက်ရန်၊ ဘုရားပရ၀ုဏ် အစဉ်အမြဲ သန့်ရှင်းနေစေရန် ဟူသော ရည်ရွယ်ချက်များဖြင့် သန့်ရှင်းရေးအဖွဲ့ကို ဂေါပက လူကြီးများက ဦးဆောင်ကာ မြို့ပေါ်ရှိ လူငယ်များနှင့် ဖွဲ့စည်းပေးခဲ့ကြခြင်းဖြစ်သည်။ ကျွန်မလည်း ထိုအဖွဲ့တွင် တက်တက်ကြွကြွ ပါဝင်ကာ စနေနေ့တိုင်း မပျက်မကွက် ဘုရားကြီးဝင်းအတွင်း သူငယ်ချင်းများနှင့်အတူ သန့်ရှင်းရေးများ လုပ်ပေးရင်း ပျော်ရွှင်ခဲ့သည်။ ဖေဖော်ဝါရီရဲ့ တစ်ခုသော စနေနေ့ တုန်းကပေါ့…………။

Article of Dr.Nay Zin Latt (2)

ခေါင်းဆောင်ဖြစ်ဖို့ တက်လှမ်း လာကြရာမှာ ချဉ်းကပ် လမ်းကြောင်း ၄ မျိုးရှိတာ တွေ့ရပါတယ်။

- The incidental approach (အမှားမှ သင်ခန်းစာယူ)
- The restrospective approach (ပြန်လည် သုံးသပ်မှု)
- The prospective approach (ဦးနှောက် အလုပ်ပေး)
- The intuitive approach (အာရုံ အခြေခံ)

တချို့သူတွေက အမှားထဲက သင်ခန်းစာ ထုတ်တာကို အားသန် ကြတယ်။ ကောင်းပေမယ့် အမှားများ ဖို့တော့ မလိုအပ် ဘူးလို့ ယူဆရပါတယ်။ ကိုယ့်လုပ်ရပ်၊ သူများ လုပ်ရပ်တွေကို သုံးသပ်ပြီး ရယူတဲ့ အရည်အချင်း ကတော့ ထောက်ခံတယ်။ တချို့ နည်းနည်း ပိုတော်တဲ့ သူတွေကျတော့လည်း ဦးနှောက် အလုပ်ပေး (Brain Storming) လုပ်ပြီး ကြိုးစားကြတယ်။

"ဒီလို ပြဿနာမျိုး ပေါ်လာရင်"
"ငါသာဆို သည်လို လုပ်လိုက်မှာ"

စသဖြင့်ပေါ့၊ စိတ်ထဲက ပြဿနာ တစ်ရပ်ကို ဖန်တီး၊ ပြီးတော့ အဖြေရှာတဲ့နည်း၊ ဦးနှောက်ရဲ့ အစဉ်းအစား၊ အတွေး အခေါ်ကို ဖွံ့ဖြိုးစေရာ ကျသလို အဆင်သင့် ဖြစ်ရာလည်း ကျလို့ ဘမောင် တို့ သဘောကျတဲ့ နည်းပါ။ နောက်ဆုံး တစ်ခု ကတော့ Intuition ဆိုတဲ့ "အာရုံ" ပေါ် အခြေခံတာ၊ အဲဒါက ပညာအခြေခံ ရင့်သန်ပြီး အတွေ့အကြုံများမှ ရတာ၊ အခက်ခဲဆုံး ဖြစ်ပေမယ့် လေ့ကျင့်ယူရင် ရနိုင်တယ်။ အလွန်ကြီးတဲ့ ကုမ္ပဏီကြီးတွေ၊ Multinational Corporation တွေ ရဲ့ CEO တွေဆိုရင် အတွေ့အကြုံနဲ့ ပညာပေါ် အခြေခံပြီး တချို့ ကိစ္စရပ်တွေ ကို အဲဒီ အာရုံပေါ်ကနေ အဆုံးအဖြတ် ပေးသွားရတာတွေ ရှိတယ်။ နိုင်ငံရေး ဘက်မှာ ပိုထင်ရှားတယ်။ အဲဒီ အဆင့်ကို ချဉ်းကပ်တဲ့ ခေါင်းဆောင် ဆိုရင်လည်း သူများလိုက်လို့ မမီတော့ဘူး။

အလုပ်ရုံ ဆွေးနွေးပွဲက အတော် ကလေး ကောင်းပါတယ်။ မြန်မာပြည် အင်အား အကြီးဆုံးထဲက တစ်ခုလို့ ပြော လို့ရတဲ့ ကုမ္ပဏီက ၀န်ထမ်း တော်တော် များများကို တွေ့ရတယ်။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ တပ်မတော် အရာရှိတွေကိုလည်း သတိထားမိတယ်။ ပညာကို ချစ်တတ်တဲ့ အကယ်ဒမီ (ဒေါ်) ဆွေဇင်ထိုက်ကိုလည်း တွေ့လိုက်ရတယ်။ အမေး အဖြေမှာ သူကတောင် ၀င်ပြီး ဆွေးနွေး ပေးသွားသေးတယ်။ ချက် မိမိ ဆွေးနွေးနိုင်လို့ သူ့ကို ပရိသတ်က လျှံထွက် မတတ် လက်ခုပ်သြဘာ ပေးလိုက်ကြပါတယ်။

Thursday, February 5, 2009

Why do lovers treat Chocolaet on Valentine's Day

Cacao ဆိုတဲ့သစ်ပင်ကနေ ကမ္ဘာမှာ အရသာရှိလှတဲ့ ချောကလက်ဆိုတာကို ရစေတယ်။ လူတိုင်းသိကြတာက Cacao (ကာကာအို) ဆိုတဲ့သစ်ပင်ကနေရတဲ့ cacao အစေ့ကလေးတွေက (တခါတရံ cocoa bean လို့လည်းခေါ်ပါတယ်) ချောကလက်ကို ရစေတယ်လို့ပါ။ Theobroma ဆိုတာ ဂရိစကားလုံးဖြစ်ပြီး “ဘုရားသခင်၏ စားစရာ” လို့အဓိပ္ပာယ်ရတယ်လို့ဆိုထားတယ်…. ဒီသစ်ပင် တွေရဲ့ ကနဦးအစကတော့ တောင်အမေရိကတိုက်ရဲ့ Amazon Region ကပါတဲ့။

ဘီစီ 1000 လောက်တုန်းကတော့ ဒီ Cacao beans တွေဟာ စားသုံးရာမှာအသုံးပြုခဲ့ကြတယ်… နောက်ပိုင်း ဘီစီ 1000 ကျော်တော့ Mayan နဲ့ Aztec ဆိုတဲ့ Mexico မှာရှိတဲ့ အမေရိကန်လူမျိုးစုတွေဟာ cacao ကို သောက်စရာ အဖြစ်သုံးဆောင်ခဲ့ကြတယ်။ Mayan လူမျိုးတွေရဲ့ ဘုရားဝတ်ပြုပွဲနဲ့ မင်္ဂလာဆောင်ပွဲတွေမှာ cacao ကိုသောက်သုံး ခြင်းဟာ အထူးအရေးကြီးတဲ့ ကိစ္စတစ်ရပ်အဖြစ် ယုံကြည်ခဲ့ကြတယ်။ cacao ဟာ ကျန်းမာရေး ကောင်းမွန် စေတယ်လို့လည်း ယုံကြည်ကြတယ်။ ပီရူးမှာဆိုရင် ချောကလက်နဲ့ ငရုတ်သီးကိုရောပြီး စားတာပဲဖြစ်ဖြစ် သောက်တာပဲဖြစ်ဖြစ် အစာအိမ်အတွက်ကောင်းတယ်လို့ ပြောစမှတ်ပြုခဲ့တယ်တဲ့ ရှင်။ Aztecs ဆိုတဲ့ လူမျိုးစုတွေကတော့ ရိုးရိုး နာမကျန်းဖြစ်မှုတွေမှာ ကုသနိုင်တယ်လို့ တွေးခဲ့ကြပြီး သူ့မှာ ချစ်စိတ်ဖြစ်ပေါ်စေနိုင်တဲ့အစွမ်းရှိတယ်လို့ပါ ယုံကြည်ကြတယ်… (ဒါကြောင့်မို့ ချစ်သူများနေ့မှာ ကျွေးတာကို… ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်ချစ် လာနိုင်အောင်.. ချစ်ပြီးသားလူက ပိုထပ်ချစ်အောင် ကျွေးတာနေမှာပေါ့…) သူတို့ရဲ့ အကြီးအကဲတစ်ယောက်က ဆိုရင် တစ်နေ့ကို ချောကလက်နဲ့ ငရုတ်သီး ရောထားတဲ့အရည်ကို အခွက် ငါးဆယ် သောက်ခိုင်းလေရဲ့။ ကျန်းမာရေးကောင်းအောင်လို့တဲ့လေ။

ဘီစီ ၁၅၀၀ အစောပိုင်းတုန်းက Christopher Columbus ဟာ စတုတ္ထအကြိမ်မြောက် Atlantic ကို ဖြတ်ခဲ့ပြီး အမေရိကန်အလယ်ပိုင်းက Honduras ရဲ့ကမ်းရိုးတန်းကိုရောက်ခဲ့တဲ့ အချိန်မှ သူဟာ cocoa beans ရဲ့ တန်ဖိုး ရှိပုံကို ပထမဆုံးတွေ့ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်အလယ်ပိုင်းရဲ့နေရာတော်တော်များများမှာ cocoa beans ကို ငွေကြေးတစ်ခုအနေနဲ့ သုံးစွဲနေလို့ပဲ… (ချောကလက်မဖြစ်ခင်တောင် တော်တော်အရေးပါတယ် နော်)။ ရာစု ၆၀ ခုနှစ်လောက်ရောက်တော့ ချောကလက်ကို စပိန်ကိုတွေ့ရှိခဲ့တဲ့ Hernando Cortez ဆိုတဲ့လူက စပိန်ကို သယ်ဆောင် လာခဲ့ပါတယ်။ စပိန်လူမျိုးတွေက အရသာရှိအောင် သကြားတို့ ဗနီလာအစရှိတဲ့ အရာတွေကိုရောပြီး ချိုအောင် ပြုလုပ်ခဲ့ကြတယ်။ နောက်ကျတော့ ချောကလက်ဟာ ပြင်သစ်ဘက်ကို ချောကလက်ချစ်တဲ့ စပိန်မင်းသမီး Anna နဲ့ Louis XIII တို့လက်ထပ်ပြီး ၁၇ ရာစုနောက်ပိုင်းမှာ ပြန့်နှံ့ခဲ့ပါတယ်ရှင်။

ချောကလက်ရဲ့ ကျော်ဇောမှုဟာ ဒီမှာတင်ရပ်မသွားပါဘူး…နောက်ပိုင်း Europe နဲ့ America ဘက်တွေကိုပါရောက်သွားတာပေါ့….. အဲဒီအချိန် အာရှဘက်မှာ ချောကလက်ကိုမွေးစားနိုင်တဲ့ တစ်ခုတည်းသောနိုင်ငံကတော့ ဖိလစ်ပိုင်လေ.. သူက ၁၆ ရာစုလောက်က စပိန်လက်အောက်ကို ရောက်ရှိခဲ့လို့မွေးစားနိုင်တာတဲ့…. ရွှေမင်းသား ချောကလက်က ကျော်ဇောလာတော့ cocoa အပင်ကိုစိုက်ချင်တဲ့လူတွေကလည်း ခပ်များများပေါ့…. အာဖရိကက အခိုင်းအစေတွေကို အမေရိကက ၀ယ်ယူခဲ့တဲ့ အဲဒီအချိန်က အကြောင်းရင်းကလည်း cocoa အပင်တွေ စိုက်ဖို့တဲ့လေ… နောက်ဆုံးတော့ cacao သစ်ပင်တွေဟာ အာဖရိကမှာ စိုက်ဖို့အတွက် မျိုးယူသွားခြင်း ခံရတော့တာပေါ့…. ဒီနေ့ခေတ်မှာတော့ အာဖရိကမှာ cacao စိုက်ပျိုးရေးဟာ တစ်ကမ္ဘာလုံးရဲ့ ၇၀ ရာခိုင်းနှုန်းနီးပါး ရှိတယ်ဆိုပဲ။

ကဲ… စဉ်းစားကြည့်ပါဦး.. ဘယ်သူကများ ချောကလက်တစ်ခုက ဒီလောက်သမိုင်းကြောင်းရှည်တာဆိုတာ တွေးမိ ကြရဲ့လား။ အခုစားနေကြတဲ့ ချောကလက်တစ်ခုမှာ လူတွေသိတဲ့ chemical အခု သုံးရာကျော်ပါ ပါတယ်။ မသိသေးတဲ့ဓာတ်တွေ ရှိသေးလား မသိဘူးနော်။ အဲဒီဓာတ်တွေထဲမှာ… လူတော်တော်များများသိတဲ့ ဦးဏှောက်ကို တက်ကြွစေတဲ့ ကော်ဖီမှာလဲပါဝင်သော ကာဖိန်းဓာတ် (caffeine) လည်း ပါတယ်တဲ့… ဘယ်လိုပဲဖြစ်ဖြစ် ချောကလက် စားသုံးတဲ့လူဟာ ကမ္ဘာမှာ တစ်နှစ်ကို တန်ချိန်ပေါင်း ၆ မီလီယန် ရှိတယ်တဲ့။ (ဘယ်တုန်းကကောက်ထားတာလဲတော့မသိ)

ချောကလက် စားခြင်းဟာ လူရဲ့ စိတ်ကိုကျေနပ်စေတယ်… ကောင်းမွန်တဲ့ စိတ်ခံစားမှုတွေရစေတယ်…. တစ်ချို့ အစားအသောက်တွေကို လေ့လာတွေ့ရှိချက်အရ… စိတ်ဖိစီးမှုကိုလျော့ကျစေတာကို တွေ့ရတယ်တဲ့… ဥပမာ.. ချောကလက်၊ ရေခဲမုန့်… မိန်းကလေးတော်တော်များများဟာ …. စိတ်တိုလာရင် စိတ်ဖိစီးမှုများလာရင်… အစားများများ စားလေ့ရှိတယ်လို့လည်း စစ်တမ်းတွေကပြောထားတယ်… (ဟုတ်နိုင်တယ်… တစ်ခါတစ်လေစိတ်ညစ်လာရင်.. မုန့်တွေမျိုးစုံအောင် စားတော့တာပဲ….ကိုယ်တွေ့)။ ကဲ … ချစ်သူများနေ့မှာ ဘာကြောင့် ချောကလက်ကျွေးတာလဲသိပြီပေါ့နော်… ကိုယ့်ချစ်သူကိုယ့်ကို ပိုချစ်လာအောင်…. ကျွေးတာဆိုတာ အခုမှသိတော့တယ်။

ကျွန်မလည်း ချောကလက်တွေ အများကြီး ကျွေးချင်လိုက်တာနော်။ ကိုယ်တိုင်တော့ သိပ်အများကြီး မစားချင်ပါဘူး။ ကိုယ့်ကို များများချစ်အောင် ကိုယ်ကပဲ ကျွေးချင်တာ။ ဟဲ ဟဲ။

Source: IIS Forum, Inforithm-Maze

Wednesday, February 4, 2009

2007 Myanmar Academy Award

Image Hosted by ImageShack.us

2007 ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားကြီးကို 2009 ခုနှစ် ဖေဖော်ဝါရီလ (7) ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ရုပ်ရှင် အနုပညာရှင်တိုင်း ရင်ခုန်ရတဲ့ နေ့ရက်ဖြစ်သလို ရုပ်ရှင်ချစ်ပရိတ်သတ်များလည်း အနုပညာရှင်တွေနဲ့ ထပ်တူတပ်မျှ ရင်ခုန်ရတဲံ နေ့ကလေး တစ်နေ့ပဲပေါ့ရှင်။ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုကို ဘယ်နှစ်ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာလည်။ ဘယ်အနုပညာရှင်တွေက မြန်မာပြည်ရဲ့ ပထမဆုံးသော အကယ်ဒမီဆု ပိုင်ရှင်တွေ ဖြစ်ခဲ့ကြတာလဲ။ အကယ်ဒမီကို ကျင်းပလာတာ ဒီနှစ်နဲ့ဆိုရင် ဘယ်နှစ်ကြိမ်မြောက်လဲ။ ဘယ်ဇတ်ကားတွေကို အကယ်ဒမီပေးဖို့ ရွေးချယ်ထားတာလ။ ကျွန်မ သိချင်တာတွေ အများကြီး ဖြစ်သလို၊ ရုပ်ရှင်ချစ်တဲ့ သူတိုင်းလည်း သိချင်ကြမှာပေါ့နော်။

မြန်မာနိုင်ငံတွင် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းသည် ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ထွန်းလာခဲ့ပြီး ပထမဆုံး အကယ်ဒမီ ထူးချွန်ဆုပေးအပ်သည့် ခုနစ်မှာ ၁၉၅၂ ဖြစ်သည်။

၁၉၅၂ ခုနစ်တွင် ပထမဆုံးအကြိမ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဗြိတိသျှဘားမားရုပ်ရှင် ဒါရိုက်တာရွှေဒုံးဘီအောင်၏ ‘မာလာရီ’ ဇာတ်ကား၌ အကောင်ဆုံးသရုပ်ဆောင်ထားသော ဦးကျော်ဝင်းမှာ ပထမဆုံးအမျိုးသား ဇာတ်ဆောင်ဆု ကိုရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ဆုချီးမြှင့်ခြင်း ခံရသည့် ဇာတ်ကားမှာ အေ၀မ်းဖလင်မှ ဒါရိုက်တာမောင်တင်မောင် ရိုက်ကူးသော ‘ချစ်သက်ဝေ’ ဇာတ်ကားဖြစ်သည်။ အဆိုပါဇာတ်ကားတွင် သရုပ်ဆောင်ကြည်ကြည်ဌေးမှာ မြန်မာ့ပထမဆုံး အမျိုးသမီးထူးချွန်ဆုကို ရရှိခဲ့သည်။

ပထမအကြိမ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဇာတ်ကားဆု (၃)ဆု ၊ ပညာသည်ဆု (၂)ဆုဖြင့် စုစုပေါင်း ထူးချွန်ဆု (၅)ဆု ချီးမြှင့်ခဲ့သည်။

၁၉၅၄ ခုနစ်တွင် ပထမဆုံးချီးမြှင့်သော ဒါရိုက်တာဆုကို ‘သြော်မိန်းမ’ ဇာတ်ကားရိုက်ကူးသူ ဦးသုခ မှ ရရှိခဲ့သည်။ အဆိုပါဇာတ်ကားဖြင့်ပင် ဦးသုခသည် အကောင်းဆုံးဇာတ်ကားဆု (ဒုတိယ) ကိုရရှိခဲ့သည်။

အဆိုပါအချိန်များတွင် ဇာတ်ကားဆု ၊ အမျိုးသားပညာသည်ဆု ၊အမျိုးသမီးပညာသည်ဆု၊ ဒါရိုက်တာဆုများကို ပေးအပ်နေခြင်းဖြစ်ရာ အထူးဆုအနေဖြင့် ၀င်းမာမှ ‘ဖိုးပြုံးချို’ ဇာတ်ကားဖြင့် ၁၉၅၅ ခုနစ်တွင် ပထမဆုံးချီးမြှင့်ခြင်း ခံရပြန်သည်။

၁၉၅၆ တွင် အကောင်းဆုံး ရုပ်ရှင်ဓါတ်ပုံဆု အဖြစ်ထပ်တိုးချီးမြှင့်ခဲ့ပြီး ဦးချစ်ဖွယ်မှ ‘လွမ်းငွေ့တဝေေ၀’ ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၁၉၆၂ ခုနစ်တွင် ထူးထူးခြားခြားစတင်ပေးအပ်ခဲ့သည့် ဆုမှာ ဇာတ်ပို့ဆုဖြစ်သည်။ ဇာတ်တစ်ခုလုံးကို အထမြောက်အောင် ပို့ပေးရသော သရုပ်ဆောင်များအဖြစ် ဦးကျောက်လုံး နှင့် ဒေါ်မေနွဲ့ တို့မှ ‘အတွေ့’ ဇာတ်ကားကြီးဖြင့် အကောင်းဆုံး ဇာတ်ပို့ဆုများ အဦးဆုံး ရရှိခဲ့ကြပါသည်။

မှတ်မှတ်ရရ ရုပ်ရှင်သမိုင်းတွင် ချန်လှပ်ထားမရသော သရုပ်ဆောင်မှာ အောင်ထွန်းလေးဖြစ်သည်။ အောင်ထွန်းလေးသည် ၁၉၇၇ခုနစ်တွင် ‘အဖေတစ်ခု သားတစ်ခု’ ဇာတ်ကားဖြင့် ပထမဆုံးကလေးသရုပ်ဆောင် ဆုကိုရရှိခဲ့သည်။

ဇာတ်ကားတစ်ကားတွင် အများဆုံးအထောက်အပံ့ပေးနိုင်သော ဆုတစ်ဆုရှိသည်။ ထိုဆုမှာ ပရိသတ် ကို ငိုအောင် ရီအောင် ၊ ရင်ခုန်လှုပ်ရှားမှုကို သရုပ်ဖော်သည့် တေးဂီတဆုဖြစ်သည်။ အဆိုပါဆုကို မြန်မာ့နိုင်ငံ၏ ဂီတဖခင်ကြီး တစ်ဦးဖြစ်သည့် ဂီတလုလင်မောင်ကိုကို မှ ၁၉၉၁ ခုနစ်တွင် ‘ မယ်သီတာလို မိန်းကလေး’ ဇာတ်ကားဖြင့် ပထမဆုံး ရရှိခဲ့သည်။

ရှားရှားပါးပါး ပရိသတ်သတိမထားနိုင်သည့် ပညာသည်ဆုတစ်ဆုကို ၁၉၉၄ ခုနစ်တွင် ရုပ်ရှင်သမိုင်း၌ ထပ်တိုးချီးမြှင့် ခဲ့သေးသည်။

ဆက်လက်ဖတ်ရှုရန်

Monday, February 2, 2009

Loving Feburary!

Image Hosted by ImageShack.us

ဖေဖော်ဝါရီ … အဖြူရောင်နှင်းတွေ အဆုပ်လိုက်၊ အဆုပ်လိုက် ကြဲဖြန့် … ဟေမန်က နွေကိုကြိုဖို့ နှင်းစက်တွေကို အားရပါးရ အရင်းပြုနေချိန် …

အမှတ်တရတွေဖြစ်ဖို့ အမှတ်တမဲ့က အစပြုလာခဲ့သလား …?

“အချစ်”ကို လလေးတွေနဲ့ ပုံသဏ္ဍန်တွေ အမျိုးမျိုးနဲ့ ခိုင်းနှိုင်းပြောတတ်ကြပါတယ် … တချို့က အချစ်ဆိုတာကို ကိုယ်တိုင်ကြုံတွေ့ဖူးပြီး ကိုယ်ပိုင်ခံစားချက်တွေ ထုတ်ခဲ့ကြသလို သူများခံစားချက်တွေကို နားလည်နိုင်သူတွေလည်း ရှိခဲ့ဖူးကြရဲ့ … ဒီလိုမှမဟုတ်ဘဲ မကြုံဖူးလို့ နားမလည်နိုင်ဘူး ဆိုတဲ့သူတွေတောင် ဘယ်လိုပဲဖြစ်ဖြစ်တော့ အချစ်အကြောင်းကို တွေးကြည့်ဖူးကြမှာပဲ … အချင်းချင်း အတွေ့အကြုံတွေ ဖလှယ်ဖူးကြမယ် … လမ်းညွှန်ပေးကြဖူးမယ် … နှစ်သိမ့်ပေးကြဖူးပါလိမ့်မယ် …

ကဲ … ဒီလို … လူသားတိုင်း စိတ်ဝင်စားကြတဲ့ အချစ်နဲ့ ပတ်သတ်ဆက်နွယ်နေသူတစ်ယောက် (ဒါမှမဟုတ်) အများအပြား ရှိနေကြပါလိမ့်မယ် … ဒါပေမယ့် ခုအချိန်ထိ အားလုံးသိထားသူတစ်ယောက် … သူကတော့ “ချစ်သူများနေ့”ဆိုတဲ့ နေ့ကလေးကို ဖန်တီးထူထောင်ခဲ့တဲ့ သူလဲဖြစ်ပါတယ် …

လူတိုင်း စိတ်ဝင်စားပါတယ်ဆိုတဲ့ သူ့အကြောင်းကို နှစ်၊ လတွေ ပြောင်းလဲလာတာနဲ့အမျှ တင်စားပြောဆိုတဲ့ ဒဏ္ဍာရီတွေပါ ပြောင်းလဲလာခဲ့ပါတယ် … စကားလုံး ရွေ့လျားမှုတွေနောက်မှာ သူ့သမိုင်းဟာလဲ ပွားများလာခဲ့ပါရဲ့ … ဘာပဲဖြစ်ဖြစ် ချစ်သူတွေ၊ ချစ်ခဲ့သူတွေ၊ အချစ်ခံခဲ့ရသူတွေ အားလုံးအားလုံးကတော့ သူ့ကို လေးစားကြတယ် … သူ့ကို နားလည်ကြတယ် … သူ့ကိုချစ်ခင်ကြတယ် … သူ့အကြောင်းတွေ သိချင်ကြပါတယ် …

ပါးစပ်ရာဇ၀င်တွေ အမျိုးမျိုးနဲ့ နားလည်ရခက်တဲ့ Valentine’s Dayအကြောင်း ပြန်ပြောင်းပြောပြရမယ်ဆိုရင် သူတော်စင် အကြီးအကဲ စိန့်ဗယ်လင်တိုင်း (St. Valentine)ရဲ့ ရောထွေးတိမ်မြုပ်နေတဲ့ သမိုင်းကို ပဟေဠိတွေ ကြားထဲကနေ အစပြန်ဖော်ပေးဖို့ လိုပါလိမ့်မယ် … ယေဘုယျအားဖြင့်တော့ ဖေဖော်ဝါရီလဆိုတာ အချစ်ရည်၊ အချစ်သွေးတို့ လွှမ်းခြုံနေပြီး ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ ပြယုဂ်ကာလလို့ သိထားလေ့ ရှိကြပါတယ် … ဒီနေ့ခေတ်မှာ လူတွေနားလည်ထားတဲ့ St. Valentine’s Day နေ့ထူးနေ့မြတ်ကြီးဟာ ရှေးခေတ် ရောမရိုးရာနဲ့ ခရစ်ယာန် ဘာသာအတွက် အလေးအမြတ် ပြုရတဲ့ အထိမ်းအမှတ် နေ့တစ်နေ့လည်း ဖြစ်ခဲ့ပါတယ် … ဒီတော့ စဉ်းစားစရာ အကြောင်းတစ်ခု ပေါ်လာပြန်ပါရော … အဲဒါကတော့ Valentine’s Dayနဲ့ ဘာသာရေးသမိုင်းကြောင်း ဘယ်လိုများ ဆက်စပ်နေပါသလဲဆိုတဲ့ မေးခွန်းပါပဲ …။

ဆက်ဖတ်ချင်တယ်ဆိုရင်...

Sunday, February 1, 2009

Busy and Pretty Weekends!

ရုံးပိတ်ရက်တွေဆို ကျွန်မသိပ်အလုပ်များတယ်။ အရင်တုန်းကဆို ပိတ်ရက်တွေ ကျွန်မကို အိမ်မှာ ဖမ်းမိဖို့ဆိုတာ တော်တော်ခက်ခဲတာ။ သူငယ်ချင်းတွေနဲ့ ချိန်းပြီး သွားချင်ရာ လျှောက်သွားနေရော။ ခုတော့ အခြေအနေတွေက မတူတော့ဘူးလေ။ အိမ်မှာ မနေလို့ကို မဖြစ်တော့ဘူး။ အမကြီး အမိအရာဆိုသလို ညီမလေးကို စောင့်ရှောက်ရမယ့် တာဝန်တွေအပြင် ချက်ကျွေးရမယ့် တာဝန်ကလည်း ရှိလာပြီကိုးရှင့်။

ကျွန်မှာ သောကြာနေ့ညနေကတည်းက အားတယ်ဆိုတာ မရှိတော့ဘူး။ ကျွန်မ ညီမလေးက ပညာရေးတက်ကသိုလ် တက်နေတာလေ။ ကောင်းတာတစ်ခုက သူတို့ကျောင်းက အဆောင်ပေးတယ်ရှင့်။ အရင်တုန်းက ကျောင်းသူ၊ ကျောင်းသားတွေလိုပေါ့။ ပုဂံဆောင်တို့၊ တကောင်းဆောင်တို့၊ န၀ဒေးဆောင်တို့ ဆိုတာတွေမှာ B.Ed က ကျောင်းသူတွေ နေကြရတာ။ ညီမတော်က သောကြာနေ့ဆိုရင် အဆောင်က ထွက်လာပြီး ကျွန်မအိမ်မှာ လာအိပ်တာ။ တနင်္ဂနွေနေ့ ညနေဘက် ခြောက်နာရီမထိုးခင် အဆောင်ပြန်ဝင်ရတာ ဆိုတော့ အိမ်မှာ ညနေ ငါးနာရီလောက်ထိတော့ သူကရှိနေတာပေါ့။ အဲဒီတော့ ကျွန်မမှာလည်း သူမပြန်မချင်းကို သူ့အတွက် လုပ်ပေးရ ကိုင်ပေးရ၊ ချက်ပြုတ်ပေးရ၊ အဆောင်မှာ တစ်ပတ်စာစားဖို့ ဟင်းတွေ လုပ်ပေးရနဲ့ အားကို မအားနိုင်ပါဘူး။ သူငယ်ချင်းတွေ အရင်တုန်းကဆို မေးလေ့ရှိတယ်။ ပိတ်ရက် ဘယ်သွားလဲ၊ ဘယ်ရောက်နေလဲ ဆိုပြီးတော့။ ဟုတ်ကဲ့ ပိတ်ရက်ဆို ကျွန်မမှာ မီးဖိုချောင်ကကို မထွက်ရပါဘူးရှင်။

ညီမလေးကလည်း အဆောင်ကို မပြန်ခင်ကျွန်မကို ကြိုမှာထားခဲ့တာ။ မထက် သောကြာနေ့လာရင် ဘာဟင်းချက်ထားနော် ဆိုပြီးတော့။ သူစားချင်တဲ့ ဟင်းကို မနက် မီးလာလာ၊ မလာလာ ချက်ထားရတာပေါ့ရှင်။ ဒါမှ သူညနေအိမ်ပြန်ရောက်ရင် အဆင်သင့်စားရမှာကို။ ကျွန်မက သောကြာနေ့ဆို ရုံးတက်ရသေးတာနဲ့ ဘာနဲ့ ညနေကို ခုနစ်နာရီလောက်မှ အိမ်ပြန်ရောက်တာကိုး။ စနေနေ့ဆိုလည်း ဒီလိုပါပဲ ရုံးက နေ့တစ်ဝက် တက်ရသေးတော့ မနက်ရုံးမသွားခင်ကတည်းက မမလေးစားဖို့ နေ့လည်စာက အသင့်ဖြစ်အောင် ချက်ရသေးတာ။ ဒီအချိန်မှာ မီးတွေ ဘာတွေလည်း ဂရုမစိုက်အားတော့ပါဘူး။ မီးမလာလည်း မီးသွေးနဲ့မီးမွှေးချက်ရတာပေါ့။ တနင်္ဂနွေဆိုလည်း ဒီလိုပါပဲ။ မနက်ဆို ညီအစ်မ နှစ်ယောက် ဈေးကိုသွား၊ သူက စားချင်တာကို လက်ညှိုးထိုး၊ ကျွန်မက၀ယ်၊ ပြန်ရောက်တော့ ချက်စားကြနဲ့ ပျော်စရာတော့ တော်တော်ကောင်းပါတယ်။

ချက်ပြီးတော့လည်း မပြီးသေးပြန်ပါဘူး။ ကြီးတော်လေးက အ၀တ်တွေကိုလည်း သယ်လာသေးတာ။ သူကတော့စာကျက်ပေါ့လေ။ ကျွန်မကတော့ လျှော်လိုက်၊ မီးပူတိုက်လိုက်၊ အိမ်သန့်ရှင်းရေး လုပ်လိုက်နဲ့ တစ်နေကို ကုန်ရော။ အိမ်မှာ အတူနေကြတဲ့ တစ်ခြားသူငယ်ချင်းတွေလည်း တနင်္ဂနွေနေ့ဆို အကုန်ဆုံကြတာကိုး။ သူတို့တွေလည်း ထမင်းတွေ ဟင်းတွေချက်၊ ပြီးတော့ အကုန်စုစားကြနဲ့ အတော်လေးကို ပျော်စရာကောင်းပါတယ်။ ကျွန်မတို့တွေ အားလုံးက ညီအစ်မတွေလို ဖြစ်နေပါပြီ။

ကျွန်မ ရန်ကုန်မှာ တက္ကသိုလ်စတက်တုန်းက သိပ်ကိုရီရတာ။ အိမ်မှာဆို ကျွန်မတို့က ဘာမှမလုပ်ရဘူးလေ။ ထမင်းကို ခူးပြီးသား အဆင်သင့်စား၊ အ၀တ်ကို မီးပူတိုက်ပြီးသား အဆင်ဝင့်ဝတ်နဲ့ ဘာဆိုဘာမှကို မလုပ်တတ်တာ။ အိမ်မှာက ကျွန်မအမေရဲ့ညီမ အဒေါ်အပျိုကြီးကလည်းရှိတော့ သူက တူမတွေအတွက် အကုန်ကို လိုက်လုပ်ပေးတာ။ မနက်မိုးလင်းရင် မုန့်က အဆင်သင့်၊ ကျောင်းသွားခါနီး ထမင်းခူးပြီးသား၊ ပန်းကန်တွေလည်း ဆေးစရာမလို၊ အ၀တ်တွေလည်းလျှော်စရာမလိုနဲ့ ကျွန်မ 10 အောင်ပြီးတဲ့အထိ ဘာဆို ဘာမှကို မလုပ်တတ်တာပါရှင်။ ကျောင်းလည်း လာတက်ရော ဒုက္ခနဲ့ လှလှနဲ့တွေ့ရော။ ထမင်းဟင်း မချက်တတ်လို့လေ။ အတူနေတဲ့ အစ်မတွေကိုမေး။ အမေကလည်း အလွယ်ဆုံး ဟင်းချက်နည်းတွေကို သင်ပေး၊ အဲတုန်းကဆို မှတ်မိပါသေးတယ် ကြက်ဥကြော်ရယ် လက်ဘက်သုတ်ရယ်နဲ့ပဲ နေ့တိုင်း ထမင်းစားရတာများတယ်။ ဟင်းမချက်တတ်လို့။ အိမ်က ပို့လိုက်တဲ့ အခြောက် အခြမ်းတွေကို မစားချင်လည်း ဖြစ်ညှစ်စားနဲ့ တော်တော်ကို စားလို့ မ၀င်တာ။ နောက်တော့လည်း ဒီလိုပါပဲ စမ်းချက်ကြည့်ရင်း တတ်သွားတာပေါ့။ ဟိုနေ့ကလည်း အိမ်ကို ညီမတစ်ယောက်က လာလည်လို့ ထမင်းတွေ ချက်ကျွေးတာ ဘာပြောသွားတယ်မှတ်တုန်း မထက် ထမင်းချက်တတ်တာ သူ့အတွက်တော့ ကမ္ဘာ့ အံ့ဖွယ် တစ်ခုလိုပါပဲတဲ့၊ ကောင်းရော။

နောက် ကျွန်မပျော်တာ တစ်ခုရှိသေးတယ်။ ကျွန်မညီမလေး နေရတဲ့ တစ်ကောင်းဆောင်က သထုံလမ်းမှာလေ။ အဲတော့ သူ့ကိုလိုက်ပို့ရင်း သထုံလမ်းကို လျှောက်ရတာလည်း ပျော်တယ်။ အရင်တုန်းကတော့ ကျောင်းသူ ကျောင်းသားတွေနဲ့ ပျော်စရာ ကောင်းချင် ကောင်းမှာပေါ့။ ကျွန်မတို့က ရွာသာကြီးမှာ ကျောင်းတက်ရတဲ့ ခေတ်ဆိုတော့ မမီလိုက်ဘူးပေါ့ရှင်။ ခုတော့ သထုံလမ်းမှာ အားကစား သမားတွေချည်းပါပဲ။ ပညာရေးတက္ကသိုလ်က ကျောင်းသူတွေကိုတော့ တွေ့ရပါတယ်။ တင်းနစ်စ်ကွင်းမှာ တင်းနစ်စ် ရိုက်နေကြတဲ့သူတွေ၊ ဘောလုံးကွင်းမှာ ဘောလုံးကန်နေကြတဲ့သူတွေ၊ အမျိုးသား အားကစားရုံမှာ လာဆော့ကြတဲ့သူတွေနဲ့ပဲ သထုံလမ်းကလည်း စည်ကားနေပါတယ်။ ညနေဘက်ကို အေးအေးလေး လမ်းလျှောက်ရတာ တော်တော်ကြည်နူးစရာ ကောင်းပါတယ်ရှင့်။

ဒီလိုပါပဲ ကျွန်မရဲ့ အားလပ်ရက်တွေဟာ ညီမတစ်ယောက်နဲ့တင် တော်တော်ကို အလုပ်များနေတော့တာ။ ဒီညီအစ်မကလည်း သိပ်ကိုချစ်ကြတာဆိုတော့ အလုပ်များပေမယ့် ပျော်စရာ ကောင်းတာပေါ့ရှင်။ ကျွန်မစဉ်းစားမိတာ တစ်ခုရှိတယ်။ ညီမတစ်ယောက်နဲ့တောင် ဒီလိုဖြစ်နေတာ မတော်တစ်ဆများ ယောင်္ကျားလေးဘာလေးရလို့ ကလေးတွေ ဘာတွေ မွေးခဲ့ရင် အိမ်ရှင်မ လုပ်ရတာ တော်တော်ပင်ပန်းမှာပဲလို့။........တော်ပါပြီ စိတ်ကုန်တယ်.. တောထဲကသစ်ပင်ပေါ်မှာ သွားနေမယ်..... သြော် ပိုစ့်ရေးပြီးသွားလို့ သီချင်းဆိုတာပါ.. ဘာရယ် မဟုတ်ပါဘူး။

Saturday, January 31, 2009

Online Love!

"ချစ်တယ် ချစ်တယ် ချစ်တယ် ချစ်တယ် ချစ်တယ်.. ဒါပဲနော် ကိုကို ငါးခါပြည့်အောင် ပြောပြီးပြီ.. သိပ်ဆိုးတာပဲ.. ဟွန်း"

အသံစာစာနဲ့ စကားပြောနေတဲ့ မိန်းကလေးကို လှည့်ကြည့်လိုက်တော့ ကျွန်မတို့ အရွယ်လောက်ပဲ ရှိမယ်ထင်ပါတယ်။ Head Phone ကနေ သေသေချာချာကို စကားပြောနေတော့တာပါပဲ။ သူ့ကွန်ပျူတာ Screen ပေါ်မှာလည်း ဂျီတော့ပေါင်း မြောက်မြားစွာကို ဖွင့်ထားလို့။ လက်ကလည်း လှုပ်၊ ပါးစပ်ကလည်းလှုပ်နဲ့၊ ကောင်မလေးရဲ့ မျက်နှာပေါ်မှာလည်း အပြုံးတွေ ဝေလို့။ အံမယ် လက်ကလေးတောင် ချိုးပြီး ရေတွက်နေလိုက်သေးတယ် ငါးခါပြည့်အောင်လေ။ ဘေးနားက လူတွေလည်း သူ့ကို ကွက်ကြည့် ကွက်ကြည့်နဲ့ပေါ့။ မမလေးကတော့ သူ့ ဖီလ်းနဲ့သူ အပီကို စကားပြောနေတော့တာပါပဲ။ နောက်ပြီး ဆက်ပြောလိုက်သေးတယ်…

ကိုကိုနော် အွန်လိုင်းပေါ်မှ လျှောက်ကျူမနေနဲ့.. ဒီက ကိုကို့ကိုပဲ ချစ်တာ.. မတွေ့ဖူးပေမယ့် ချစ်ပြီးသားပဲ ဟင်း ဟင်း"

ခေတ်ကာလ သားသမီးတွေများ ခက်ပါတယ်။ ကျွန်မက အိမ်အောက်ထပ်က ဆိုက်ဘာ ကဖေးမှာ အင်တာနက် လာလာသုံးလေ့ရှိတော့ အွန်လိုင်းအချစ်ဇတ်လမ်းတွေကို မရိုးနိုင်အောင် ကြုံရတယ်ရှင့်။ အွန်လိုင်းဇတ်လမ်း သီးသန့်တွေလည်းပါတယ်၊ အဝေးရောက် ချစ်သူတွေရဲ့ အချစ်ဇတ်လမ်းတွေလည်း ဖြစ်ချင်ဖြစ်မှာပေါ့နော်။ အင်တာနက်ထဲမှာ ချိန်းတွေ့ကြ၊ စကားပြောကြတာဟာလည်း Global ခေတ်ကြီးမှာ ပိုများသထက်ကို များလာပြီ။ အွန်လိုင်း အချစ်ဇတ်လမ်းတွေလည်း ပေါသထက်ကို ပေါလာပြီ။ တစ်ချို့များဆို လက်ထပ်ကုန်ကြပြီ။ ဟိုတစ်လောတုန်းက အိမ်မှာ အတူနေတဲ့ သူငယ်ချင်းဆီကို စုံတွဲတစ်တွဲ လာလည်တယ်။ ကျွန်မလည်း ကိုယ်နဲ့သိတာမဟုတ်တော့ စကားဝင်မပြောမိပါဘူး။ အဲဒီအတွဲလည်း ပြန်သွားရော သူငယ်ချင်းက ပြောပြတယ်။ သူတို့နှစ်ယောက်က အွန်လိုင်းကနေ တွေ့ကြတာလေ.. သိပ်ချစ်ကြတာတဲ့။ ခု လက်ထပ်ပြီးသွားကြပြီတဲ့။ ကျွန်မကလည်း စပ်စပ်စုစု မေးမိပါသေးတယ်.. ဘယ်လောက်ကြာအောင် ချစ်ခဲ့ကြတာလဲဆိုတော့.. တစ်နှစ်လောက်တော့ ရှိပြီတဲ့။ အပြင်မှာ တွေ့ဖူးတာကတော့ နှစ်ကြိမ်တည်းရယ်။ ကောင်မလေးက ပြည်က၊ ကောင်လေးက ရန်ကုန်က။ ပထမ တစ်ကြိမ်မှာ ကောင်လေးက ပြည်ကို လိုက်သွားတယ်။ ဒုတိယ တစ်ကြိမ်မှာ ကောင်မလေးက ရန်ကုန်ကို လာတွေ့တုန်း တစ်ခါတည်းကို ချောင်းသာကို ခိုးပြေးတော့တာပဲတဲ့။ မိုက်တယ်ကွာ….. ဂလိုဘယ်ခေတ်မှာ မြန်လိုက်ကြပုံများ။ နှစ်ခါတည်း တွေ့ပြီး ခိုးရာလိုက်ကြရတယ်လို့။ အခုအဆင်ပြေလား မေးတော့ ပြေသမှ သိပ်ကိုပြေကြပါတယ်တဲ့။

ဟိုတစ်လောတုန်းကလည်း အဒေါ်တစ်ယောက် မင်္ဂလာဆောင် သွားမယ်ဆိုလို့ မေးကြည့်တော့ အမလေး ထက်ထက်ရယ် ပြောရအုံးမယ်.. အဲနှစ်ယောက်က နင်တို့ အင်တာနက်ကနေ တွေ့တာတဲ့တော် တဲ့။ ထက် တို့ အင်တာနက် မဟုတ်ပါဘူး အန်တီရယ် လူတိုင်းသုံးနေတာကို လို့ ပြောတော့. မဟုတ်ပါဘူး ညည်းတို့ သုံး သုံး နေတာ တွေ့လို့ ပြောတာပါအေ.. ကောင်လေးက စင်ကာပူက၊ ကောင်မလေးက အမေရီးကားက၊ အွန်လိုင်းပေါ်မှာ ကြိုက်လာကြပြီး အခု မြန်မာပြည်မှာ မင်္ဂလာပြန်လာဆောင်တာတဲ့။ သူတို့တွေ တစ်ပတ်လောက်တော့ နေကြလိမ့်မယ်.. ပြီးတော့ ယောင်္ကျားကလည်း စလုံးကိုပြန်၊ မိန်းမကလည်း အမေရီးကားကို ပြန်မယ်လို့ ပြောတယ် တဲ့။ နင်တို့ခေတ်မှပဲ ကြားဖူးတော့တယ်.. ကျူပ်တို့တုန်းကတော့ အရွေးမှားမှာစိုးလို့ စဉ်းစားလိုက်ရတာတဲ့။ အန်တီ့ကိုတောင် ပြောလိုက်သေးတယ် 21 ရာစုလေ အန်တီရယ်လို့။

အဲလိုပါပဲ ဟိုတစ်လောတုန်းကလည်း ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက် စစ်ဗိုလ်နဲ့ မင်္ဂလာဆောင်တယ်။ အွန်လိုင်းမှာ တွေ့တာတဲ့။ ဆိုက်ဘာကဖေးတွေမှာလည်း VZO နဲ့ ရုပ်ကြည့်ပြီး ပြောကြတဲ့ အတွဲတွေ၊ Gtalk နဲ့ စကားပြောနေကြတဲ့ အတွဲတွေ၊ စာရိုက်ပြီး ကျူကြတဲ့ အတွဲတွေ စုံအောင်ကို တွေ့ရတော့တာပါပဲ။ ကျွန်မ သုံးနေတဲ့ ဆိုင်မှာဆို အမကြီးတစ်ယောက် နေ့တိုင်း သူ့ရည်းစားနဲ့ စကားလာပြောတာ။ နေ့တိုင်းကို နှစ်နာရီလောက် ကြာအောင် ပြောတာနော်။ ကျွန်မ နေ့တိုင်း ဆိုက်ဘာကဖေး မသွားပေမယ့် ၀ရံတာကနေကြည့်လိုက်ရင် သူ ဆိုင်ထဲ ၀င်ဝင်သွားတာကို တွေ့ရတာပေါ့။

Digital ခေတ်ကြီး တိုးတက်လာတဲ့ အချိန်မှာ အင်တာနက်တွေ ပေါပေါသီသီ သုံးလာကြတဲ့ အခိုက်မှာ၊ လူတွေရဲ့အချိန်တွေ ရှားပါးလာကြတဲ့ ဒီနေ့လိုခေတ်မျိုးမှာ အွန်လိုင်းပေါ်မှာ အချစ်ရှာကြတာဟာလည်း အရင်တုန်းကလို မထူးဆန်းတော့ဘူး ထင်ပါရဲ့ရှင်။ တစ်ကယ်ချစ်ကြတဲ့ ချစ်သူတွေရှိမယ်၊ မမြင်ကွယ်ရာမှာ၊ အွန်လိုင်းမှာဆိုပြီး ရည်းစားတွေ မှိုလိုပေါက်အောင် ထားကြတဲ့ အပြောင် အပျက်တွေလည်းရှိမယ်။ ဘာပဲ ပြောပြောပေါ့လေ.. အွန်လိုင်းအချစ်ဆိုတာ လက်တွေ့ဘ၀မှာ များသထက်ကို များလာနေကြပါပြီ ဆိုတာ သိလိုက်ရတာပေါ့။

Thursday, January 29, 2009

Fun with Pedicure

ကိုယ့်ခြေထောက်လေးတွေကို အလှဆင်ဖူးကြပါသလား။ ခြေသည်း၊ လက်သည်းလေးတွေမှာ nail art လေးတွေနဲ့ ပုံဖော်ဖူးကြပါသလား။ လုပ်ကြည့်ဖူးတဲ့ သူတိုင်းသိပါလိမ့်မယ်။ ဒါဟာ တော်တော်ကြီးကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှပါတယ်။ ကိုယ်တိုင်ပဲ လုပ်လုပ်၊ ဆိုင်မှာပဲ လုပ်လုပ် ဒီပညာဟာ တော်တော်လေးကို အနုစိတ်တဲ့အပြင် စိတ်လည်းရှည်ရလို့ ပညာသားလည်း တော်တော်လေးကို ပါပါတယ်ရှင်။ 2007 ခုနှစ် အစောပိုင်းလောက်ကတည်းက ခေတ်စားလာတဲ့ လက်သည်း ခြေသည်းအလှဆင်တဲ့ ဖက်ရှင်ဟာ ခုချိန်မှာဆိုရင်လည်း မိန်းကလေးတိုင်းလိုလို စွဲလမ်းနှစ်သက်ကြတဲ့ ဖက်ရှင်တစ်ခုဖြစ်သလို၊ အလှပြင်ဆိုင်တွေအတွက်လည်း ၀င်ငွေများများတိုးပွားစေတဲ့ စီးပွားရေး နည်းကောင်းလေး တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်မ အခုပြောချင်တာကတော့ လက်သည်းကိုအလှဆင်တဲ့ Manicure လုပ်ခြင်းထက်၊ ခြေသည်းကို အလှဆင်တဲ့ ခြေထောက်ကျန်းမာစေတဲ့ pedicure လုပ်ခြင်းပဲ ဖြစ်ပါတယ်။

Pedicure ဆိုတာဘာလဲ……

Pedicure ဆိုတာ ခြေထောက်လေးတွေ အမြင်လှစေဖို့ အလှဆင်တဲ့ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ ခြေချောင်းလေးတွေ၊ ခြေသည်းလေးတွေကို အလှဆင်ခြင်းလည်း ဖြစ်ပါတယ်။ Pedicure ဆိုတဲ့ စကားလုံးဟာ လက်တင်ဝေါဟာရ နှစ်ခုကို ပေါင်းစပ်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ Pes ဆိုတာကတော့ ခြေထောက်လို့ အဓိပ္ပာယ်ရပြီး၊ cura ဆိုတာကတော့ ဂရုစိုက်ခြင်း၊ ကုသခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် pedi နဲ့ cura နှစ်လုံးပေါင်းပြီး Pedicure လို့ ဖြစ်လာရခြင်း ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ခြေချောင်းလေးတွေ ခြေသည်းလေးတွေကို ဂရုစိုက်ခြင်းပဲပေါ့။

Pedicure လုပ်ခြင်းဟာ ခြေချောင်းလေးတွေကို ဘက်တီးရီးယား ပိုးမွှားတွေ ၀င်ရောက်ခြင်းမှလည်း ကာကွယ်ပေးပြီး ခြေချောင်းလေးတွေ၊ ခြေသည်းတွေမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ရောဂါမျိုးကိုလည်း မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်ရှင်။ ခြေထောက်ပေါ်မှာရှိနေတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး ခြေချောင်းလေးတွေကိုလည်း နုရွလှပစေပါတယ်။

ဘာကြောင့် Pedicure လုပ်ကြတာလဲ.?

အားလုံးသိကြတဲ့အတိုင်းပဲ နှစ်ဆယ့်တစ်ရာစုရောက်လာတာနဲ့အမျှ လူတွေဟာ ပိုပြီး ကြိုးစားလာရတယ်၊ ရုန်ကန်လှုပ်ရှားလာရတယ်၊ တိုးတက်မှုတွေ ရှာလာရတယ်လေ။ ကိုယ်စွမ်း ဥာဏ်စွမ်းတွေကို ထိထိမိမိအသုံးချပြီး တိုးတက်မှုတွေ ရှာနေကြတယ် မဟုတ်လား။ ခန္ဓာကိုယ်ကို အသုံးချတယ်ဆိုတဲ့ နေရာမှာ ခြေချောင်းကလေးတွေနဲ့ လှုပ်ရှားမှုဟာ အများဆုံး ပါဝင်နေမယ် ထင်ပါတယ်။ ကျွန်မတို့ ဘယ်နေရာ သွားသွား ခြေထောက်ကတော့ ညောင်းညာနေတာပဲ မဟုတ်လားရှင်။ ဒါကြောင့် ဒီခြေချောင်းလေးတွေကို နုညံ့စွာ ထိတွေ့ဂရုစိုက်ပြီး၊ စွမ်းအင်တွေ ပြန်လည်ဖြည့်စွမ်းပေးဖို့က တော်တော်ကြီးကို အရေးပါလှပါတယ်။ ကျန်းမာ သန်စွမ်းတဲ့ ခြေထောက်၊ ခြေချောင်းလေးတွေ ရှိပါမှ ကျွန်မတို့တွေလည်း ယုံကြည်မှု အပြည့်နဲ့ လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။ Pedicure လုပ်တာကို Beauty Salon တွေမှာ လုပ်နိုင်သလို အိမ်မှာလည်း ကိုယ့်ဘာသာကိုယ် လုပ်နိုင်ပါတယ်။

Pedicure လုပ်ခြင်းဟာ ခြေချောင်းလေးတွေကို အမြင်လှစေရုံသာမက အတွင်းထဲက အကြောတွေ၊ အင်္ဂါတွေကိုလည်း အားဖြည့်ပေးရာရောက်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်န်ကို balance မျှအောင် ထမ်းထားပေးရတဲ့ ခြေထောက်တွေဟာ တစ်ခြားနေရာတွေထက် ပိုကောင်းတဲ့ ဂရုစိုက်မှုတွေ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်မတို့တွေ အားလုံး pedicure လုပ်ပေးဖို့ လိုအပ်ပါတယ်ရှင်

Pedicure ဘယ်လိုလုပ်မလဲ.. ဘယ်ကနေ စလုပ်မလဲ…?

စစချင်း ရေနွေးနွေးလေးအပြည့်ထည့်ထားတဲ့ ရေဇလုံ တစ်ခုတော့ လိုပါလိမ့်မယ်။ ခြေထောက်ကို ထည့်စိမ်လောက်အောင်တော့ ကြီးရပါမယ်။ နှင်းဆီအနှစ်တွေ ပါတဲ့ ရေပဲဖြစ်ဖြစ်၊ တစ်ခြား သင်ကြိုက်တတ်တဲ့ အမွှေးဆီတွေပါတဲ့ ရေပဲ ဖြစ်ဖြစ် နည်းနည်းလောက် ထပ်ထည့်ပေးပါ။ ဒါမှ ကိုယ်နှစ်သက်တဲ့ ရနံ့လေးနဲ့ အရင်ဆုံး ကိုယ့်ခြေထောက်လေးတွေကို Relax လုပ်ပေးရာ ရောက်မှာပါ။ ရေနွေးနွေးလေးမှာ စိမ်ထားပေးတဲ့ အတွက် ခြေထောက်မှာရှိတဲ့ အညစ်အကြေးတွေ ဆဲလ်အသေတွေကိုလည်း တိုက်ချွတ်ဆေးကြောဖို့ ပိုမိုလွယ်သွားမှာပေါ့ရှင်။ ခြေထောက်တွေ ခြေဖနောင့်တွေဟာ တော်တော်ကြီးကို ကွဲအက်နေပြီး အသားမာ တက်နေတာမျိုး ဖြစ်နေတယ်ဆိုရင်တော့ ရေထဲမှာ ကြာကြာလေးတော့ စိမ်ထားဖို့ လိုပါလိမ့်မယ်။

ခြေထောက်မှာ ဆိုးလက်စရှိတဲ့ ခြေသည်းနီတွေကိုလည်း ဦးစွာ ဖျက်သင့်ပါတယ်။ ပြီးတော့မှ လိုအပ်တဲ့ ခြေသည်းညှပ်မှုတွေ တိုက်ချွတ်ဆေးကြောမှုတွေ ပြုလုပ်ပေးပေါ့။ နောက်တော့မှ လိုအပ်တဲ့နည်းလမ်းတွေ အဆင့်ဆင့်ကို Beauty Salon က ပညာရှင်တွေက ပြုလုပ်ပေးပါလိမ့်မယ်။

ခြေဖနောင့်တွေကိုလည်း သေချာဂရုစိုက်ပေးရမယ်….

ခြေဖနောင့်တွေဆိုတာ ခန္ဓာကိုယ်ရဲ့ အမာကျောဆုံးနဲ့ အကြမ်းတမ်းဆုံး အစိတ်အပိုင်းတွေထဲမှာ တစ်ခု အပါအ၀င်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကိုလည်း ပစ်မထားသင့်ဘူးနော်။ ခန္ဓာကိုယ် အလေးချိန် ပိုလာလေလေ ခြေဖနောင့် ကွဲအက် ကြမ်းတမ်းမှုတွေ များလာလေလောဖြစ်မှာပါ။ သိပ်လှတဲ့ ခြေထောက်ကလေးကို ရစေဖို့ ဖနောင့်တွေကို ဂရုစိုက်ဖို့လည်း လိုအပ်တာပေါ့ရှင်။

ဒါတွေကို ဂရုစိုက်ဖို့အတွက် ခြောက်သွေ့တဲ့ အသားအရေမျိုးတွေအတွက် အထူးထုတ်ထားတဲ့ Scrub မျိုးလိုအပ်ပါတယ်။ အဲဒီ cream တွေကို ဖနောင့်တိုက်တဲ့ ကျောက်တုံး သေးသေးလေးတွေပေါ်မှာ ဒါမှမဟုတ် တစ်ခြား ဖနောင့်တိုက်ဖို့ ထုတ်ထားတဲ့ အရာတွေပေါ်မှာ သုတ်ပြီး ပွတ်တိုက်ပေးရမှာပါ။ ခြေထောက်ကိုလည်း နှိပ်နယ်ပေးရမှာ ဖြစ်ပြီး Moisturizer ကိုလည်း လိမ်းပေးဖို့ လိုအပ်ပါတယ်။ ခြေထောက်အတွက် သီးသန့်ထုတ်ထားတဲ့ foot cream ပေါင်းများစွာ ရှိပါတယ်။ ခြေကျင်းဝတ်နားထိ လိမ်ပေးဖို့ လိုပါတယ်။ လိမ်းပေးတဲ့အခါမှာ တစ်ခါတည်း နှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်ရှင်။

Tuesday, January 27, 2009

Lipstick

ညားခါစ ဇနီးမောင်နှံတွေရဲ့ဘ၀ဟာ ပျားရည်စက်လိုပဲ ချိုမြိန်လွန်းလှတယ်။
ဒါပေမယ့် မကြာလိုက်ပါဘူး အဲဒီ ချိုမြိန်တဲ့ အရသာဟာ ခါးသက်သွားခဲ့ရတယ်.....

သူမဟာ အတွင်းရေးမှူး တစ်ဦးပါ။ အလုပ်ကိစ္စကြောင့် မန်နေဂျာနဲ့အတူ ညစာစားပွဲတွေကို အမြဲလိုလို တက်ရောက်ရတယ်။ တစ်ခါက အခြားကုမ္ပဏီတစ်ခုနဲ့ အလုပ်ကိစ္စ ဆွေးနွေးခဲ့ကြတယ်။ သူမက လုပ်နေကျ အတိုင်း အချက်အလက်တွေကို ကော်ဖီသောက်ရင်း လိုက်မှတ်နေခဲ့တယ်။

သူမသောက်ခဲ့တဲ့ ကော်ဖီခွက်မှာ နှုတ်ခမ်းနီရာတွေ ထင်ကျန်ခဲ့တာကို မြင်တော့ အားတုန့်အားနာ ဖြစ်ပြီး ပေနေတဲ့ဖက်ကို မသိမသာ ကိုယ့်ဖက်ကို လှည့်လိုက်မိတယ်။ ဒါကို တစ်ဖက်ကုမ္ပဏီက အတွင်းရေးမှူး မလေးက မြင်ဖြစ်အောင် မြင်လိုက်တယ်။ ဆွေးနွေးပွဲအပြီး သန့်စင်ခန်းထဲမှာ အဲဒီအတွင်းရေးမှူးမလေးနဲ့ သူမ ထိပ်တိုက်တိုးခဲ့တယ်။

"နှုတ်ခမ်းနီအရောင်က အရမ်းလှတယ်နော်.... ဒါပေမယ့် အဲဒီအရောင်က ဖန်ခွက်ပေါ် ပေကျန်ခဲ့တော့ အရုပ် ဆိုးသွားရော ကျွန်မတို့လို
အတွင်းရေးမှူးဆိုတာ ကုမ္ပဏီရဲ့ ရှေ့ပြေးပါ...အဲလိုဈေးပေါတဲ့ နှုတ်ခမ်းနီကို မသုံးသင့်ဘူး" သူမမျက်ရည်တွေ ဝေ့တက်လာခဲ့တယ်။ လက်ထပ်ပြီးနောက်ပိုင်း ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင် နိုင်ဖို့အတွက် "အလုပ်လုပ် ငွေစု" ဆိုတဲ့အရာက သူတို့ဘ၀မှာ အရေးအပါဆုံး ဖြစ်နေခဲ့တယ်။ သူမအတွက် အ၀တ်အစားနဲ့ အလှပြင်ပစ္စည်းဆိုတာ အထွေထွေ ကုန်ကျစရိတ်ထဲက အနည်းဆုံးအရာပါ။ အရွယ်တင်တယ် ဆိုတာ ဂုဏ်ယူဖို့ကောင်းတဲ့ အရင်းအနှီးတစ်ခုလို့ ထင်ပြီး ဈေးနှုန်းတွေကို သူမ ဂရုမစိုက်ဘဲ အပေါဆုံး နှုတ်ခမ်းနီတွေကိုပဲ ၀ယ်သုံးခဲ့တယ်။ ဒါပေမယ့် ဒီနေ့လို အဖြစ်အပျက်က သူမရင်ကို မခံချင်စိတ်နဲ့ ခံစားချက် တချို့ကို ကိန်းအောင်းစေခဲ့တယ်။

သူ့ကို အဲဒီအဖြစ်အပျက်တွေ သူမ မပြောပြခဲ့ပေမယ့် သူနဲ့ ဈေးဝယ်ထွက်တိုင်း သူမရဲ့ စိတ်ဟာ အရင်ကနဲ့ တူမနေဘူး ဆိုတာ
သူမကိုယ်တိုင်ခံစားမိခဲ့တယ်။ တစ်ခြားမိန်းကလေးတွေလိုပဲ ကြွားဝါချင်တဲ့ သူမရဲ့စိတ်ကို မပြည့်စုံခြင်းက လိုက်မဖြည့်ပေးနိုင်ခဲ့တော့ ကျောင်းတုန်းက ငွေကြေးကြောင့် လက်ထပ်ခြင်းကို ရွေးခဲ့ကြတဲ့ မိန်းကလေးတွေကို တော်တယ်လို့ တစ်ခါတလေ သူမတွေးခဲ့မိတယ်။ အဲဒီလိုသာ သူမ ရွေးခဲ့မိရင် ဒီနေ့လို အဖြစ်မျိုး ကြုံရလိမ့်မယ် မဟုတ်ဘူးလို့လည်း မိုက်မိုက်မဲမဲ တွေးမိပြန်တယ်။ သူအသုံးမကျလို့ အခုလို ဖြစ်ရတယ်ဆိုတဲ့ အဖုထစ်လေးတစ်ခုက သူမရင်ထဲ ခိုဝင်လာခဲ့တော့တယ်။ သူ့ကို ဖွင့်မပြောခဲ့ပေမယ့် သူနဲ့ ပြောဖို့အတွက် သူမရဲ့စကားတွေဟာ နည်းသထက်နည်းလာခဲ့တယ်။

ပြောင်းလဲလာတဲ့ သူမရဲ့ စိတ်ကို တစ်နေ့မှာ သူမ အကောင်အထည် ဖော်လိုက်မိတယ်။ အဲဒီနေ့က ကုန်တိုက်တစ်ခုရှေ့ အဖြတ် အလှပြင်ပစ္စည်းတွေ ပရိုမိုးရှင်းလုပ်နေတာနဲ့ ကြုံခဲ့တယ်။ အရောင်းစာရေးမ တစ်ယောက်က သူမကို လှမ်းတားပြီး ပြင်သစ်ထုတ် နှုတ်ခမ်းနီတစ်တောင့် ထုတ်ပြပြီး သူမကို အစမ်းဆိုးစေခဲ့တယ်။ အရောင်ကလည်း လှ၊ ကြာရှည်ခံပြီး အခြားပစ္စည်းပေါ်မှာလဲ
မပေကျန်ခဲ့တတ်တဲ့ အကြောင်း အားပါးတရ ရှင်းပြတော့ သူမရဲ့ လိုချင်တဲ့စိတ်ကို သူရိပ်မိသွားတယ် ထင်ပါရဲ့ ပိုက်ဆံအိတ်ကို သူ ထုတ်လိုက်တယ်။ ဈေးနှုန်းမေးကြည့်တော့ ၈%လျော့ဈေးဆိုပေမယ့် သူတို့ဘယ်လိုမှ မထင်မှတ်ထားတဲ့ ဈေးနှုန်းပါ။ ပိုက်ဆံအိတ်ထုတ်နေတဲ့ သူလက် တွန့်သွားခဲ့တယ်။ သူမကို သူတစ်ချက် ကြည့်လိုက်ချိန်မှာ ၀မ်းနည်းမှုတစ်မျိုးက သူမ ရင်ထဲကို တိုးဝင်လာခဲ့တယ်။ လူတွေကြားထဲက သူမ ထွက်ပြေးလာခဲ့မိတယ်။ အဲဒီနောက်မှာတော့ သူမနဲ့သူ ပထမဆုံးအကြိမ် အကြီးအကျယ်
စကားများကြတော့တယ်။ နှုတ်ခမ်းနီ တစ်ဗူးကြောင့် သူတို့ရဲ့ နွေးထွေးလှပတဲ့ အိမ်ထောင်ရေးဟာ လမ်းဆုံးကို ရောက်သွားခဲ့ရတယ်။

(ခ)
နှုတ်ခမ်းနီတွေကို သူမပိုင်ဆိုင်ခဲ့ပေမယ့် ပျော်ရွှင်မှုတွေကို မပိုင်ဆိုင်နိုင်ခဲ့ဘူး.........

ကွာရှင်းပြတ်စဲပြီး သိပ်မကြာဘူး..ကုန်သည်တစ်ဦးနဲ့ သူမလက်ထပ်ဖြစ်ခဲ့တယ်။ သူမ လက်ထပ်တဲ့နေ့က သူ့ဆီက ပါဆယ်ဗူး တစ်ခု
လက်ခံရရှိခဲ့တယ်။ အဲဒီဘူးလေးကို သူမ ဖောက်တောင်မကြည့်ဘဲ ဘီရိုရဲ့ ချောင်တစ်နေရာမှာ ထိုးထည့်ထားလိုက်တယ်။ သူမကို ၀မ်းနည်းအောင် လုပ်ခဲ့တဲ့ သူ့ကို သတိတောင် မရချင်တော့ဘူး။ ဒုတိယအကြိမ် အိမ်ထောင်ပြုခြင်းက သူမရဲ့ အလိုဆန္ဒအားလုံးကို ဖြည့်ပေးနိုင်ခဲ့တယ်။ အ၀တ်အစားကအစ အလှပြင်ပစ္စ္စည်း၊ ဖိနပ်တွေကအဆုံး အားလုံးဟာ နာမည်ကြီး တံဆိပ်တွေပဲဖြစ်တယ်။ သူမလိုချင်တဲ့ ဘ၀နဲ့ ပျော်ရွှင်မှုတွေကို ငွေကြေးတွေနဲ့ ခိုင်းစေခဲ့တယ်။

ခင်ပွန်းဖြစ်တဲ့ ကုန်သည်က မနက်စောစော အိမ်ကထွက်ပြီး ညနက်မှ ပြန်လာတတ်တယ်။ တစ်ခါတလေ အိမ်ပြန်မအိပ်တဲ့ ညတွေလည်း ရှိခဲ့တယ်။ သူမအတွက် သူ့ရဲ့ ဖြေရှင်းချက်တွေက အလုပ်များတယ်၊ အလုပ်ကြောင့်ဆိုတဲ့ စကားတွေပဲဖြစ်တယ်။ ခင်ပွန်းရဲ့ အင်္ကျီပေါ်မှာ နီရဲနေတဲ့ နှုတ်ခမ်းရာတစ်ခုကို တွေ့လိုက်မိမှ အိမ်ပြန်နောက်ကျတာနဲ့ ပြန်မအိပ်ခဲ့တဲ့ အဖြစ်တွေကို သူမ သဘောပေါက်လိုက်တယ်။ ခင်ပွန်းကို မေးတော့ စိတ်ပျက်တဲ့ လေသံနဲ့ "မိန်းမဆိုတာ မိန်းမလိုနေ..တခြားဘာမှ လိုက်ပတ်သက်နေစရာ မလိုဘူး... အခုလို နေရာမျိုးမှာ နင်ကျေနပ်သင့်တယ်.. စိတ်ဆိုး စိတ်တိုဖို့ မစဉ်းစားနဲ့... ငါ့ကိုနင် လက်ထပ်ခဲ့တာဟာ ငါ့စည်းစိမ်တွေကြောင့်ပဲ မဟုတ်လား...
ချမ်းချမ်းသာသာနဲ့ နေစမ်းပါ" ကျိန်းခနဲ ဆောင့်ပိတ်သွားတဲ့ တံခါးနဲ့အတူ ခင်ပွန်းဟာ အိမ်ကနေ ထွက်သွားခဲ့ပြီး ရက်အတော်ကြာ ပြန်မလာခဲ့ဘူး။ သူမ စိတ်ပျက်လက်ပျက် အော်ရီမိတယ်... ခင်ပွန်းရဲ့ မျက်စိထဲမှာ သူမဟာ ကပ်ပါးကောင် တစ်ကောင် ဖြစ်နေပါရော့လား...

အ၀တ်အစားတွေကို ထုတ်သိမ်းနေတုန်း ဘီရိုရဲ့ ချောင်ထဲမှာ ထိုးသိပ်ထားတဲ့ ဗူးတစ်ခုကို သူမ တွေ့လိုက် မိတယ်။ ဖောက်ကြည့် လိုက်တော့ ဟိုးအရင်တုန်းက သူနဲ့ ဈေးဝယ်ထွက်တုန်းက တွေ့ခဲ့မိတဲ့ ပြင်သစ်လုပ် နှုတ်ခမ်းနီလေး...နှုတ်ခမ်းနီဗူးရဲ့ ဘေးမှာ စာလေးတစ်စောင်.... "နှုတ်ခမ်းနီ တစ်ဗူးကြောင့် ငါတို့လမ်းခွဲ ရမယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး... ပြန်စဉ်းစားမိတိုင်း ရင်နာလို့ မဆုံးဘူး။ အရင်တုန်းက ထားခဲ့တဲ့ ဂတိသစ္စာတွေဟာ မျက်စိရှေ့မှာတင် မီးခိုအဖြစ်နဲ့ ပျောက်ဆုံးခဲ့ကြရပြီ။ နင့်ကို ဆုံးရှုံးလို့ ရခဲ့တဲ့ ငါ့ဒဏ်ရာ တွေဟာ ဒီနေ့အထိ အရှင်လတ်လတ်ပဲ ရှိနေသေးတယ်။ ဒါတွေကို ပြောနေလို့လဲ အရာမရောက်တော့ပါဘူး...
အိမ်ထောင်သစ်နဲ့ နင်ပျော်နိုင်ပါစေ...ဒီနှုတ်ခမ်းနီလေးက နင့်အတွက် ကံကောင်းခြင်းတွေ သယ်လာနိုင်ပါစေ"

နှုတ်ခမ်းနီကို အိတ်ထဲ ထိုးထည့်ပြီး "ပြီးဆုံးခြင်း" ဆိုတဲ့တံခါးကို ဒုတိယအကြိမ် သူမ ပိတ်ခဲ့ပြန်တယ်။ အေးစက်တဲ့ အဲဒီလက်ထပ်ခြင်းမျိုးက သူမအတွက် ဘာသံယောဇဉ်မှ ကျန်မနေခဲ့တော့ပါဘူး။

(ဂ)
တီဗွီအစီအစဉ်တစ်ခုမှ သူ့ရဲ့ အင်တာဗျူးကို သူမကြည့်လိုက်ရတယ်။ သူဟာ ပြည်တွင်း အလှကုန်ပစ္စည်းတွေ ဖြန့်တဲ့ ကုမ္ပဏီတစ်ခုကိုတောင် ပိုင်ဆိုင်ထားပါလား... သူ့ ကုမ္ပဏီရဲ့ အဓိက ဖြန့်ကုန်တွေဟာ နှုတ်ခမ်းနီပါတဲ့။ ဘာကြောင့် နှုတ်ခမ်းနီတွေပဲ ဖြစ်ရတာလဲလို့ အင်တာဗျုးသူတွေက မေးတော့ သူက စိတ်ထိခိုက်စွာနဲ့ "နှုတ်ခမ်းနီ တစ်ဗူးကြောင့် ကျွန်တော့် အိမ်ထောင်ရေး ဆုံးရှုံး သွားခဲ့ရဖူးတယ်။ အဲဒီနှုတ်ခမ်းနီက ဈေးအရမ်းမကြီးပေမယ့် သူ့အတွက် ကျွန်တော်မ၀ယ်ပေးနိုင်ခဲ့ဘူး။

အဲဒီနှုတ်ခမ်းနီဟာ သူ့အတွက် ဘယ်လောက် အရေးပါသလဲဆိုတာ ကျွန်တော်မသိခဲ့ဘူး။ ဈေးပေါတဲ့ နှုတ်ခမ်းနီကို သုံးခဲ့လို့ ဖန်ခွက်ပေါ်
ပေကျန်ခဲ့တဲ့ နှုတ်ခမ်းရာတွေဟာ သူ့စိတ်ကို တော်တော်လေး ထိခိုက်စေခဲ့တယ်။ မပေတတ်တဲ့၊ မကပ်ကျန် ခဲ့တတ်တဲ့ နှုတ်ခမ်းနီက သူ့အတွက် လိုအပ်ကြောင်း ကျွန်တော် မသိခဲ့ဘူး။ နောက်မှ သူနောက်အိမ်ထောင်ပြုမယ့်နေ့ရောက်မှ သူ့သူငယ်ချင်းဆီက အဖြစ်မှန်တွေကို ကျွန်တော်သိခဲ့ရတယ်။ အဲဒီနှုတ်ခမ်းနီကို ကျွန်တော်ဝယ်ပေးခဲ့ပေမယ့် သူဟာ တစ်ခြားသူရဲ့ ဇနီးမယား ဖြစ်သွားခဲ့ပါပြီ.. အဲဒီနေ့ကစပြီး နှုတ်ခမ်းနီတွေကို ဖြန့်ဖို့၊ ဖန်ခွက်ပေါ် မပေကျန်ခဲ့တတ်တဲ့ နှုတ်ခမ်းနီတွေကို မိန်းကလေးတိုင်း ၀ယ်နိုင်ဖို့ လုပ်မယ်လို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်"

တီဗွီဖန်သားပြင်ကို သူမ ငေးစိုက်ကြည့်ရင်း မျက်ရည်တွေက ပါးပြင်ပေါ်ကို အဆက်မပြတ် စီးကျလို့ လာခဲ့ တယ်။ သူမလက်ထဲမှာ တင်းတင်းဆုပ်ကိုင်ထားတဲ့ နှုတ်ခမ်းနီလေး တစ်ခုကတော့ ကျိုးပဲ့လို့ နေခဲ့ပြီလေ.....

"မှားယွင်း" ပြီးမှ "နောင်တ"ဆိုတဲ့အရာက အမြဲတံခါး လာခေါက်တတ်တယ် ဆိုတဲ့ အကြောင်း.. သေးငယ်တဲ့ ပြဿနာတစ်ခုနဲ့ ဆုံးဖြတ်ချက် ကြီးကြီး မချမိစေဖို့ ဒီဇာတ်လမ်းက ပြောပြသွားခဲ့ပါတယ်။

(ရုံးတွင်းသုံး IIS Forum မှ ဝေမျှချက်တစ်ခုကို ကူးယူပါသည်)

Sunday, January 25, 2009

Digging the Oldies!

စာရေးဖို့ အချိန်မရ ဖြစ်နေတုန်းလေးမှာ ကျွန်မဘလောဂ့်က ပိုစ့်အဟောင်းတွေကို တူးဆွကြည့်လိုက်တော့ အရင်တုန်းက ရေးထားတဲ့ ပိုစ့်ကောင်းကောင်းလေးတွေကို ပြန်ဖတ်မိတယ်ရှင်.။ တစ်ချို့စာဖတ်သူတွေဆို ကျွန်မဘောလာဂ့်မှာ အဟောင်းတွေထိ တော်တော်ကြီးကို လိုက်ဖတ်တာ တွေ့ရပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ နောက်ဆုံးမှ တင်ဖြစ်တာတွေကိုပဲ များသောအားဖြင့် ဖတ်ကြတာပါပဲ။ အဲဒီတော့ ကျွန်မ ဘလောဂ့်ကို လာဖတ်ကြတဲ့သူတွေ အကျိုးရှိအောင် ဗဟုသုတ ရစေမယ့် ပိုစ့်အဟောင်း အကောင်းလေးတွေကို ပြန်ညွှန်းချင်ပါတယ်ရှင်။ ဖတ်ကြည့်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ ပိုစ့် ငါး ခုလောက်တည်းပါ။ ဒါလည်း ဆားချက်ခြင်း တစ်မျိုးပဲပေါ့နော်.

1. မိန်းမတွေ ဘာကြောင့်လှချင်ကြတာလဲ

2. Vitamin That Prevent Acne

3. A Banana a Day, Keeps the Doctor Away

4. Tips of Thinking

5. Foundation We Used!

ပင့်ဂိုလ်း တစ်ကယ် ဆားချက်နေတာပါ။

Thursday, January 22, 2009

Experience of Transferring

ဘလောဂ့်ရွှေ့လိုက်တော့ နည်းနည်းအလုပ်များသွားတယ်။ ဒီကြားထဲ DNS Change လုပ်တာကလည်း အနည်းဆုံး 72 နာရီကြာမယ်လို့ ဆိုထားတော့ ဒိုမိန်းကလည်း လောလောဆယ် မရသေးဘူး ဖြစ်နေတယ်ရှင့်။ သူများတွေ Blogspot က ပိုစ့်တွေကို Import လုပ်တုန်းကတော့ အယ်ရာတွေ ပြကြတယ်လို့ ပြောတယ်။ အောင်မျိုးဟန် ကလည်း အကုန်ရွှေ့လို့ မရသေးဘူးတဲ့.. နင့် ကျတော့ဘာလို့ ရတာလဲတဲ့။ ငါက ချောလို့ နေမှာပေါ့ဟာ လို့.. ဟား ဟား။ Wordpress နဲ့က အကျွမ်းတ၀င် မရှိသေးတော့ စစချင်းမှာ နည်းနည်း ဒုက္ခရောက်တယ်။ မသိတာကလည်း များတယ်။ သူများကို မေးရမှာလည်း အရမ်းအားနာတယ်။ အားလုံးက အလုပ်များနေတဲ့ သူတွေကို။ ဒါပေမယ့်လည်း မေးရတာပါပဲရှင်။ ကိုယ်မှ မတတ်တာလေ..။ တစ်ခုရှိတာက Template အလန်းလေးတွေကို ကြိုက်တတ်တဲ့ ကျွန်မ ခုတော့လည်း ရိုးရိုးရှင်းရှင်းကြီးနဲ့ နေနေရတယ်။ စိတ်ထဲမှာတော့ ဘ၀င် သိပ်မကျလှဘူး။ စီဘောက်ဆိုတာ ကိုယ်တောင် မြင်နေရမှ အော်ချင်တာ.. သူများတွေတော့ မပြောတတ်ဘူး။ ခုလို လင့်ပေးလိုက်ရတော့ ကိုယ့်စီဘောက်တောင် ကိုယ်ပြန်မကြည့်မိတော့ဘူးပေါ့။ Comment တွေ ရေးရတာတော့ ပိုလွယ်သွားတယ်။ Wordpress ကို Blogspot ထက်တော့ ပိုကြိုက်ပါတယ်။ CSS ပြင်ခွင့် မပေးတာ တစ်ခုက လွဲရင်ပေါ့။

ခုတစ်လော အပြောင်းအရွှေ့ကြောင့်ရယ်၊ ရုံးမှာ ခေါင်းစားနေတာတွေ ကြောင့်ရယ် ပိုစ့်အသစ်ရေးဖို့ စိတ်မပါသေးဘူး ဖြစ်နေတယ်။ ဒိုမိန်းကလည်း မလာသေးတော့ စာဖတ်သူတွေ အဆင်မပြေဖြစ်ကြမယ် ထင်တယ်။ အားလုံးကို တောင်းပန်ပါတယ်။ ရေးဖို့ စဉ်းစားထားတာတွေတော့ ရှိတယ်။ အလှအပ အကြောင်းတွေရော၊ ရင်ထဲက ခံစားချက်တွေကော၊ ဗဟုသုတလေးတွေကော။ နောက်ပိုင်းတော့ ဆက်တိုက် တင်ဖြစ်သွားမှာပါ။ လောလောဆယ်မှာတော့ စိတ်ကလည်း မပါတဲ့အပြင် မကောင်းပါဖြစ်နေတယ်။

ကျွန်မက ဘာလဲတော့ မပြောတတ်ဘူးရှင့်။ တစ်ခုခု မကောင်းတာ ဖြစ်ခါနီးရင် အိပ်မက်တွေ ကြိုမက်တတ်တယ်၊ ရင်ထဲမှာ လှပ်လှပ် လှပ်လှပ် ဖြစ်တတ်တယ်၊ နေရထိုင်ရတာ လေးလေးပင်ပင်တွေ ရှိနေတတ်တယ်။ အဆိုးတွေ ကြုံခါနီးတိုင်း ဖြစ်တာတော့ မဟုတ်ဘူး။ တစ်ခါ တစ်ခါ ဖြစ်တတ်တာကို ပြောတာ။ သတိမထားမိလိုက်ရင် သြော် ငါဖြစ်နေတာ အိပ်မက်ထဲက ဟာမျိုးပါလား၊ သြော် ဒါ့ကြောင့် စိတ်တွေ လေးနေတာကိုး ဆိုပြီး ဖြစ်သွားတတ်ရော။ ခုလည်း နေရတာ မကောင်းဘူးရှင့်။ ဘယ်လိုမှ မကောင်းဘူး။ တစ်ခုခု ဖြစ်မှာကို ကြောက်တယ်။

Tuesday, January 20, 2009

Moving the blog!

Blogger ကို ကျော်ရ ခွရတဲ့ အခက်အခဲများကို စိတ်ကုန်လာပြီးသည့်နောက်ဝယ်
Wordpress သို့ ဘလောဂ့်ရွှေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်ရှင်။

Blogspot မှာရေးရတာ မလွယ်တာကတော့ တော်တော်ကြာပြီပေါ့။ ဒါပေမယ့် သံယောဇဉ်
ရှိရင်းစွဲကြောင့် ပရောက်ဆီလေး ကျော်လိုက်၊ mail to blogger နဲ့
ပိုစ့်တင်လိုက် နဲ့ပဲ ရေးလာခဲ့လိုက်တာ သက်တမ်းတောင်
တစ်နှစ်ကျော်ခဲ့ပါပြီ။ ခုနောက်ပိုင်းတော့ ပိုစ့်တင်ရတာ ဘယ်လိုမှ
အဆင်မပြေတော့ဘူးရှင့်။ Ultrasurf က ပိုစ့်တင်လို့ မရတော့ဘူး။ တစ်ခြား
Proxy Software တွေလည်း အဆင်မပြေဘူး။ အဲဒီတော့ ဘလောဂ့်ရွှေ့ဖို့
စဉ်းစားလိုက်ပါတယ်။ လောလောဆယ်မှာတော့ Free Hosting တွေဘာတွေအကြောင်းကို
မလေ့လာရသေးတာနဲ့ ရိုးရိုး wordpress.com မှာပဲ ရေးနေလိုက်ပါအုံးမယ်။
ရှိပြီးသား domain ကိုလည်း ဒီမှာပဲ Redirect လုပ်ပါမယ်။ ဒီဘက်က blogspot
ကိုတော့ အရင်အတိုင်းပဲ http://cuttiepinkgold.blogspot.com လိပ်စာနဲ့
ထားခဲ့ပါမယ်။ ဒါပေမယ့် ဒိုမိန်းကို ဖြုတ်ဖို့အတွက် setting ထဲကို ၀င်လို့
မရသေးဘူး။ ရပြန်တော့လည်း save လုပ်တဲ့အချိန်မှာ ကျေးဇူးရှင် ultrasurf က
error ပြတယ်။ နိုင်ငံခြားက သူငယ်ချင်း တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး
ဖြုတ်ခိုင်းပြီးတာနဲ့ Wordpress က ဘလောဂ့်ကို www.cuttiepinkgold.info
နဲ့လာရင် ရောက်အောင် လုပ်ပါမယ်။ အဆင်မပြေတာလေးများ ရှိခဲ့ရင်တော့
သည်းခံကြစေချင်ပါတယ်။

ကျွန်မရဲ့ ဘလောဂ့် အသစ် လိပ်စာကတော့ http://pinkgold.wordpress.com ဖြစ်ပါတယ်ရှင်။

မေးသမျှကို စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးတဲ့ ကိုသင်္ကြန်ကို ကျေးဇူးသိပ်တင်ပါတယ်။

Moving the blog!

Blogspot မှာရေးရတာ မလွယ်တာကတော့ တော်တော်ကြာပြီပေါ့။ ဒါပေမယ့် သံယောဇဉ် ရှိရင်းစွဲကြောင့် ပရောက်ဆီလေး ကျော်လိုက်၊ mail to blogger နဲ့ ပိုစ့်တင်လိုက် နဲ့ပဲ ရေးလာခဲ့လိုက်တာ သက်တမ်းတောင် တစ်နှစ်ကျော်ခဲ့ပါပြီ။ ခုနောက်ပိုင်းတော့ ပိုစ့်တင်ရတာ ဘယ်လိုမှ အဆင်မပြေတော့ဘူးရှင့်။ Ultrasurf က ပိုစ့်တင်လို့ မရတော့ဘူး။ တစ်ခြား Proxy Software တွေလည်း အဆင်မပြေဘူး။ အဲဒီတော့ ဘလောဂ့်ရွှေ့ဖို့ စဉ်းစားလိုက်ပါတယ်။ လောလောဆယ်မှာတော့ Free Hosting တွေဘာတွေအကြောင်းကို မလေ့လာရသေးတာနဲ့ ရိုးရိုး wordpress.com မှာပဲ ရေးနေလိုက်ပါအုံးမယ်။ ရှိပြီးသား domain ကိုလည်း ဒီမှာပဲ Redirect လုပ်ပါမယ်။ ဟိုဘက်က blogspot ကိုတော့ အရင်အတိုင်းပဲ http://cuttiepinkgold.blogspot.com လိပ်စာနဲ့ ထားခဲ့ပါမယ်။ ဒါပေမယ့် အဲဒီဘက်က ဒိုမိန်းကို ဖြုတ်ဖို့အတွက် setting ထဲကို ၀င်လို့ မရသေးဘူး။ ရပြန်တော့လည်း save လုပ်တဲ့အချိန်မှာ ကျေးဇူးရှင် ultrasurf က error ပြတယ်။ နိုင်ငံခြားက သူငယ်ချင်း တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ဖြုတ်ခိုင်းပြီးတာနဲ့ ဒီဘလောဂ့်ကို www.cuttiepinkgold.info နဲ့လာရင် ရောက်အောင် လုပ်ပါမယ်။ အဆင်မပြေတာလေးများ ရှိခဲ့ရင်တော့ သည်းခံကြစေချင်ပါတယ်။

မေးသမျှကို စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးတဲ့ ကိုသင်္ကြန်ကို ကျေးဇူးသိပ်တင်ပါတယ်။

Monday, January 19, 2009

My Wonderful January!

ဇန်န၀ါရီလ…..

ချမ်းသည်၊ စိမ့်သည်၊ ဆောင်းနှောင်းကာလ ဖြစ်သောကြောင့် ဆောင်းကြွင်း ဆောင်းကျန်များကို အစွမ်းကုန် ခါချသော အိပ်ရာထဲမယ် ကွေးစရာ ကောင်းလှသည့် ရာသီလည်းဖြစ်သည်။ ကောင်းကင်တွင် တိမ်ကင်းစင်သည်။ ရာသီဥတု ကြည်လင်သည်။ ကြယ်တာရာများ စုံလင်သည်။ ညိုပြာညက်ရောင် ခွာညိုပန်းပွင့်သည်။ ရှေးမြန်မာခေတ်က မြင်းခင်းသဘင်ပွဲ ကျင်းပရာလလည်း ဖြစ်သည်။ ဆယ့်နှစ်လရာသီ၏ အသာယာဆုံး လတစ်လထဲတွင် တစ်လအပါအ၀င်ဖြစ်သည်။

လွန်ခဲ့သော (25) နှစ်ခန့်က ထိုကဲ့သော သာယာသော၊ ချမ်းအေးသော၊ ကြယ်တွေစုံသော ဇန်န၀ါရီလ၏ ညနေခင်းတစ်ခုမှာ ကျွန်မ လူ့လောကကို စတင်ရောက်ရှိခဲ့သည်။ မိန်းမ ပြာသို၊ ယောင်္ကျားဝါဆိုလို့ အဆိုရှိတဲ့အတိုင်း ပြာသိုလမှာ မွေးတဲ့ မကာရ ရာသီဖွား ကျွန်မဟာ နည်းနည်းတော့ ထူးသလိုလို ရူးသလိုလို ရှိခဲ့သားရှင်။ ကျွန်မ နောက်သလိုလို၊ အတည်လိုလိုပြောနေကျ စကားတစ်ခွန်းရှိတယ်။ 19 ရက်နေ့ဖွားတွေဟာ ထူးခြားတယ်။ ဘာကြောင့်လဲဆိုတော့ (1) ဂဏန်းသမားတွေ မို့လို့လေ။ (ဆိုင်လည်း မဆိုင်ဘူး)။ သြော် ကျွန်မက ဇန်န၀ါရီလ (19) ရက်နေ့မှာ မွေးတာကိုးရှင့်… ကိုယ်မွေးတဲ့ရက်ကိုမှ ကိုယ်မထူးခြားဘူးပြောရင် ဘယ်နေ့ကို ထူးခြားတယ်လို့ ပြောမလဲနော်။ ထားပါတော့.. ထိုကဲ့သို့ ဇန်န၀ါရီ (ပြာသို) လတွင်မွေးသော၊ မကာရ ရာသီဖွား ကြာသပတေးသမီး ဖြစ်သော၊ ကိုယ့်ဟာကိုယ်တောင် နားလည်ရခက်သော၊ အူကြောင်ကြောင်နိုင်သော၊ အရွဲ့တိုက်ခြင်းကို ၀ါသနာပါသော၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲတတ်သော၊ ဘလောဂ့်တစ်ကို ပိုင်ဆိုင်သော ကျွန်မဟာ ဒီနေ့ ဇန်န၀ါရီလ 19 ရက်နေ့မှာတော့ 25 နှစ်တင်းတင်းကို ပြည့်သွားလေပြီ။ ကိုသင်ကာ ပြောသလို အပျိုကြီးစာရင်း ၀င်ပြီပေါ့နော်။ ဖိုးသူတော် ပြောသလို အပျိုကြီး ဖားဖားဖြစ်ပြီ (ဖားဖားဆိုတာ ဘာလဲတော့ ကျွန်မလည်း မပြောတတ်) မဂျစ်တို့ မမီတို့ ခြေရာနင်းရတော့မယ် ထင်တယ်ရှင့်….. :P

25 နှစ်မှာ အလုပ်နည်းနည်းပိုများ လာတာကလွဲလို့ ဘာမှ မထူးခြားပါဘူး။ 24 နဲ့ 25 ကြားဘယ်လို ဖြတ်သန်းခဲ့လဲ ဆိုတာကတော့ ဒီပိုစ့်ကို ဖတ်ရင်လည်း သိနိုင်ပါတယ်။ ကျွန်မက နှစ်အစမှာ မွေးတာကိုးရှင့်။ သြော………. ထူးခြားတာတော့ တစ်ခုရှိတယ်….ကိုယ့်ဟာကိုယ် မချစ်တတ်ဘူးလို့ထင်ခဲ့တာ.. ခုမှ တော်တော်ကြီးကို ချစ်တတ်သွားမှန်း သိတော့တယ်။ (မေးခွန်းတွေ လာမမေးနဲ့ မပြောဘူး)။

သူငယ်ချင်းတွေနဲ့တော့ ပိုဝေးသွားတယ်… အွန်လိုင်းမှာချည်းပဲ အချိန်ကုန်ဖြစ်လို့ ထင်တယ်။ မီဒီယာမှာသာ လုပ်နေတာ… ဂျာနယ်လေး၊ မဂ္ဂဇင်းလေးတောင် ကောက်မကိုင်ဖြစ်ဘူး…. ဒါလည်း အွန်လိုင်းကြောင့်ပဲ။ စာတွေ လိုက်ဖတ်နေရတာထက်စာရင်.. အရင်ကထက် Google ကိုပိုသုံးဖြစ်လာတယ်..။ ဒါပေမယ့် စာအုပ်တွေတော့ ပိုပိုဝယ်ဖြစ်တယ်… ဖတ်ပြီးသားတွေကော၊ မဖတ်ရသေးတာတွေကော၊ ညီမတွေကို ပေးဖတ်ချင်လို့။ သေခြင်းတရားကို ဆင်ခြင်မိတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဟိုနေ့ကလည်း ရေဝေး ရောက်လိုက်သေးတာကိုး။ နာရေးတစ်ခုကို လိုက်ပို့တာလေ။ ကျွန်မ ပထမဆုံးအကြိမ် ရေဝေးကို ရောက်ဖူးတာပဲ။ အလောင်းတွေလည်း ဆက်တိုက်ကို မီးသဂြိုဟ်ဖို့ လာနေကြတာပဲ။ ကိုယ့်အလှည့်လည်း တစ်နေ့ရောက်လာမှာပေါ့။

မွေးနေ့မရောက်ခင်ကတည်းက 3 ရက်လောက် အလိုကတည်းက သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်တယ်။ အစောဆုံး Wish လုပ်တဲ့သူ ဖြစ်ချင်လို့တဲ့။ နောက်သူငယ်ချင်း တစ်ယောက်က Birthday Card ပို့တယ်.. ငါ အစောဆုံး မဟုတ်လားတဲ့။ နောက်ကျသွားပြီကွယ် လို့။ မနေ့ကတည်းက ကြိုဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်တယ်။ မနေ့ကဆို အိမ်ကလူတွေ ည 12 နာရီကျော်တဲ့အထိ မအိပ်ပဲစောင့်ပြီး Happy Birthday လုပ်ကြတယ်။ ပျော်လိုက်တာ။ ဖိုးသူတော်နဲ့ ကိုမျက်စိက မွေးနေ့အကြိုဆိုပြီး စားသောက်ဝိုင်းလေး လုပ်ပေးတယ်။ အဲဒီတုန်းက ရီရသေးတယ်။ ဖိုးသူတော်က သူတို့သောက်နေကျ မြေနီကုန်းက ဆိုင်ကို သိတယ်မဟုတ်လားတဲ့။ အဲဒီကိုပဲ လာခဲ့လိုက်ပြောတော့ ကျွန်မကလည်း အိုကေဆိုပြီး ကိုညီလင်းဆက်နဲ့ တူတူသွားကြတယ်။ သူကလည်း ရုံးကိုရောက်နေတော့ အဖော်ရသွားတာပေါ့။ မြေနီကုန်းလည်းရောက်ရော ဆိုင်ကို သေချာမမှတ်မိတော့ဘူး။ ဒါနဲ့ပဲ ဒီဆိုင်လားမသိဘူး ဆိုပြီး နှစ်ယောက်သား ၀င်ထိုင်ကြပါရော။ အဲလိုနဲ့ ကျွန်မ Star Cola သောက်တယ်၊ သူက ပါဝါ သောက်ပြီး စကားများရင်း ထိုင်စောင့်ကြတာပေါ့။ အရက်ဆိုင်မှာနော်.. အအေးတွေ ထိုင်သောက်နေကြတာ။ အဲလိုနဲ့ 15 မိနစ်လောက် ကြတဲ့အထိ ဘယ်သူမှ ပေါ်မလာဘူး။ ညည်းကို ချိန်းထားတာ သေကော သေချာရဲ့လားဟာ၊ ဆိုင်များမှားနေလား ဆိုပြီး ပြောနေတုန်းမှာပဲ ဖိုးသူတော်ကို လှမ်းတွေ့လိုက်တယ်။ ဟာ.. ဘာလို့ဒီမှာထိုင်နေကြတာတုန်း.. ထိုင်နေကျဆိုင်ပါဆို မသိဘူးလားတဲ့။ ထိုင်နေကျက ဒီဆိုင်လေး မဟုတ်ဘူးလားလို့လည်း ပြောရော နေအုံးဆိုပြီး ဖိုးသူတော်က ဟိုဘက်ခဏ ထွက်သွားလိုက်တယ်။ ခဏနေတော့ ပြန်လာပြီး ကိုမျက်စိတောင် မှာထားနှင့်ပြီး ရောက်ပြီးနေလို့တဲ့ ကျွန်မတို့ကို ပြန်လာခေါ်တာ။ အဲလိုနဲ့ နှစ်ယောက်သား ရှက် ရှက်နဲ့ အရက်ဆိုင်မှာ အအေးသောက်ပြီး ဖိုးသူတော်နောက်ကို လိုက်ကြလေသတည်းပေါ့။ ရီလိုက်ကြတာ.. အရက်ဆိုင်မှာ အအေးမှာသောက်တာကို။ ဆိုင်လေး တစ်ခါပဲ မှားမိပါတယ်.. ပြောလို့ကို မပြီးတော့ဘူး။ ကိုညီလင်းဆက်၊ ကိုမျက်စိ၊ ဖိုးသူတော်၊ အောင်မျိုးဟန် တို့လာကြတယ်။ သူတို့က ထိုင်သောက်.. ကျွန်မကတော့ ထိုင်စားပေါ့။ ကိုဂေါက်ကလည်း ခါးနာနေတယ်၊ တိုလီကလည်း မအားဘူးတဲ့။ စိုးဇေယျကိုလည်း ချိတ်လို့ မရတော့ 5 ယောက်ထဲနဲ့ပဲ ပွဲစည်လိုက်ကြတယ်။ ကျွန်မရဲ့ မွေးနေ့မရောက်ခင်ကတည်းက မွေးနေ့အငွေ့ အသက်တွေလွှမ်းခြုံလို့….။ ကိုနေဘုန်းလတ်ကို သတိရတယ်။ မမီကိုလည်း လွမ်းမိတယ်။ ဘာညာကလည်း ပေါ်မလာဘူး။ မနှစ်တုန်းကဆို ဖိုးချမ်းတို့၊ မျိုးကျော်ထွန်းတို့လည်း ပါကြသေးတယ်။

အစတုန်းကတော့ မွေးနေ့ အမှတ်တရ အနေနဲ့ Feeling 25 ဆိုပြီး တွေးမိသမျှလေး ချရေးမလို့ပဲ။ တွေးမိတာ တော်တော်များသွားတော့ မှတ်တမ်းတင်လို့ မလိုက်နိုင်ဘူး ဖြစ်သွားတယ်လေ။ ဒါကြောင့် ဘာရယ် ညာရယ် မဟုတ်တဲ့ ကပေါက်တိ ကပေါက်ချာ ဒီလိုဟာလေးပဲ ရေးလိုက်ပါတယ်။ ဒီလိုပါပဲ.. မွေးနေ့ရောက်လာတော့လည်း အသက်တစ်နှစ်ပိုကြီးသွားတာပေါ့။ ဘ၀အတွက်တော့ ပျင်းတာလေးကိုလျှော့ပြီး တော်တော်ကြိုးစားရအုံးမယ်။ တစ်ခုတော့ရှိတယ်.. ပိုက်ဆံတွေ၊ အချစ်တွေ၊ အလိုရမ္မက်တွေ ဆိုတာ စိတ်ချမ်းသာဖို့လောက် အရေးမကြီးဘူး။ စိတ်ဆိုတာ ထားတတ်ရင်လည်း ချမ်းသာနေတာပဲ။

Thursday, January 15, 2009

Article of Dr. Nay Zin Latt

ဝမ်းသာ ဖြစ်ရတယ်
Written by နေဇင်လတ်
Wednesday, 24 December 2008 11:39

နာဂစ်မုန်တိုင်း ဒဏ်ရဲ့ အရှိန်က မသေသေးတော့ ဒုက္ခ ရောက်နေတဲ့ သူတွေကို တတ်နိုင်တဲ့ ဘက်ကနေ ဆက်ကူကြဖို့ ပြောဖြစ်ကြတယ်။ သူ့ရည်ရွယ်ချက်က ကောင်း တယ်။ အပျက်ပျက် အယွင်းယွင်း ဖြစ်သွားတဲ့ ဧရာဝတီတိုင်းက လူငယ် ကျောင်းသားလေးတွေကို သူကျွမ်းကျင်တဲ့ ပညာရေး လိုင်းဘက်က ဖြည့်ဆည်းဖို့၊ သူ တော်တော် ဒုက္ခခံပြီး အကြိမ်များစွာ ရောက်ခဲ့တယ်နဲ့ တူတယ်။ ဘမောင်တောင်မှ ၂ ခေါက်ပဲ ရောက်ဖြစ်တယ်။

ဟိုကလာလည်းထည့်၊ ဒီကလာလည်းထည့်နဲ့ တဘိုင်းဘိုင်း ထည့်လိုက် ရလို့ ဘမောင်တို့ ဆရာ ဦးအေးကျော်နဲ့ တွေ့တဲ့ အချိန်ကျ တော်တော်ပန်းသွားပြီ။ ငွေအနေနဲ့ ငါးသိန်းလောက်ပဲ ထည့်နိုင်တော့တယ်။ ဒါပေမယ့် ပညာဒါန အနေနဲ့ ကတော့ လိုတဲ့နေရာမှာ သုံးဖို့ လက်ခံလိုက်တယ်။ ခရီးတော့ သိပ် မထွက်နိုင်ဘူးပေါ့။

"ဆရာရေ ဆရာ ဒေါက်တာ အောင်ထွန်းသက်နဲ့ Leadership Skills ခေါင်းစဉ်မှာ တွဲပြောဖို့ စီစဉ်လိုက်ပြီ။ IBC မှာ၊ နာဂစ် ရန်ပုံငွေပေါ့"

ဘမောင် လက်ခံ လိုက်ပါတယ်။ ဆရာ ဒေါက်တာအောင်ထွန်းသက် ဆိုတာ ပါမောက္ခတစ်ဦး၊ စီးပွားရေး တက္ကသိုလ်က UN ၀န်ထမ်းတွေ တော်တော် များများကို နှစ်ပေါင်း ဆယ်နဲ့ ချီပြီး လေ့ကျင့် ပေးနေတဲ့သူ၊ မြန်မာပြည် မှာလည်း အဲဒီ အလုပ်ရုံ ဆွေးနွေးပွဲတွေကို အကြိမ်ရေ အများဆုံး ပြောနေတဲ့သူ၊ ပညာရော၊ သမ္ဘာရော ကြီးသူ တစ်ဦးပါ။ စကားဝိုင်း ဆွေးနွေးပွဲ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေမှာ Speaker အဖြစ် "ပေါက်" သူတစ်ဦးလည်း ဖြစ်ပါတယ်။ Leadership Skills ဆိုတော့ ခေါင်းဆောင် ကျွမ်းကျင်မှု။ အရည် အသွေးပေါ့။ ပြောရတဲ့ အပိုင်းက ဘမောင် အတွက် ပြဿနာ သိပ်မရှိဘူး။ သီအိုရီနဲ့ စီးပွားရေး နယ်ထဲမှာ နှစ် ၂၀ လောက် လုပ်လာတဲ့ နိုင်ငံတကာ အတွေ့ အကြုံတွေကို ထည့်ပြောသွားရင် ကိစ္စ ပြီးတယ်။ စိတ်ပူလိုက်တာက လူတစ်ဦး လက်မှတ်ခ လေးသောင်း ဆိုတာပဲ။ ဘမောင်တို့ အဲဒီလောက် အထိ အဆင်သင့်ဖြစ်ပြီလား၊ လေးသောင်း လောက်ပေးပြီး နားထောင်ဖို့ အဆင်သင့် ဖြစ်ပြီလားလို့ စိတ်တော့ နည်းနည်း ပူမိတယ်။ အမှတ်မမှားရင် အမြင့်ဆုံးကြေးလို့ ပြောလို့ရတယ်။ ဦးအေးကျော်ကိုတော့ ဖွင့်မပြောဖြစ် ပါဘူးလေ။
ဘမောင် စိုးရိမ်တာ လွဲသွားတယ်။"တွတ်ပီ" ဖြစ်သွားတယ်ပေါ့။
ဦးအေးကျော် သတ်မှတ်တဲ့ ကန့်သတ် အရေအတွက်ထက် တောင်းဆိုမှုက နှစ်ဆလောက် ဖြစ်နေတာ အနားနီးတော့ သိလိုက်ရတယ်။

ဘာပဲပြောပြော စီးပွားရေးတွေ တွန့်ဆုတ်နေတဲ့ ကာလမှာ အဲဒီ တောင်းဆိုမှုဟာ အလားအလာကောင်း တစ်ခုပါလား ဆိုပြီး ဘမောင် ၀မ်းသာ မိတယ်။ ၀မ်းသာဖြစ်ရတယ်ပေါ့။ ပါမောက္ခဒေါက်တာအောင်ထွန်းသက်က Leadership Intelligence ဆိုတဲ့ ခေါင်းစဉ်ပေါ်မှာ ပထမနေ့ နံနက်ပိုင်း ပြောသွားတယ်။ ဘမောင်က 24th မနက်ပိုင်းမှာ Leadership in Action ဆိုပြီး လက်တွေ့ ခေါင်းဆောင်မှု အပိုင်းကို ပြောဖြစ်တယ်။ ဦးအေးကျော်က ခေါင်းဆောင်မှု အပေါ် သူ့အမြင်ဘက်က တင်ပြပြီး Group Actiivity တွေနဲ့ အနားသိမ်းပေးရှာတယ်။ အစီအစဉ် ကောင်းတယ်။

ဆွေးနွေးပွဲ အပြီး မေးကြတဲ့ မေးခွန်းတွေကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဆင့်အတန်း အမြင့်ကြီးတွေ မဟုတ်တာတောင်မှ အဆင့် မနိမ့်တော့ဘူး။ အဲဒီ အတွက်လည်း ၀မ်းသာရပါတယ်။ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်က ဦးလှမောင်ရွှေ တို့ရဲ့ နှစ်ပတ် တစ်ကြိမ် ပုံမှန် စီစဉ်နေတဲ့ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေရဲ့ အထောက်အကူက လူငယ်၊ လူလတ်၊ လူကြီး တချို့ကို အမြင် ဖွင့်ပေးဖြစ်ခဲ့တဲ့ အကျိုးကျေးဇူးတွေလည်း ပါတယ်။သူတို့ ကိုယ်တိုင်က လိုလိုချင်ချင် လေ့လာ မှတ်သား ထားတတ်ကြတဲ့ အခြေခံ အရည်အချင်းကြောင့်လည်း ပါပါတယ်။

ခေါင်းဆောင် (Leader) လို့ပြောရင် တချို့က အမြင့်ကြီး လှမ်းတွေးလေ့ ရှိကြတယ်။ တကယ်တော့ နှစ်ယောက် တစ်ပိုင်းရှိတဲ့ မိသားစုမှာလည်း ခေါင်း ဆောင်ရှိတယ်။ ဆယ့်လေးငါးယောက်လောက်နဲ့ ကုမ္ပဏီမှာလည်း ခေါင်းဆောင်ရှိတယ်။ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေး ကဏ္ဍစုံမှာလည်း ခေါင်းဆောင်တွေ ရှိကြပါတယ်။ ဘမောင်တို့ အလေးအနက်ထား ပြောတာက စီးပွားရေးဘက်က ခေါင်းဆောင်တွေ အကြောင်း၊ သူတို့ရဲ့ အရည် အသွေး၊ ကျွမ်းကျင်မှု ဘယ်လောက် ရှိရမယ် ဆိုတဲ့ အကြောင်း။

Globalization အကြောင်း ဘမောင် ရှင်းပြတယ်။ ကမ္ဘာဆန်မှုက အနောက်နဲ့ အရှေ့၊ ကမ္ဘာ့အပေါ်ခြမ်း အောက်ခြမ်း ယဉ်ကျေးမှုကအစ အမြင် အသိတွေ အကူးအလူးကြောင့် မဖွံ့ဖြိုး သေးတဲ့ နိုင်ငံတွေက စီးပွားရေးခေါင်း ဆောင်တွေ ကိုယ့်ပေတံနဲ့ ကိုယ်တိုင်းလို့ မရတော့ဘူး။ အဲဒီ ကမ္ဘာဆန်မှုက အရည်အသွေး နည်းတဲ့ ခေါင်းဆောင်တွေကို ဆွဲတင် သွားတယ်။

၁၉၂၀ လောက်မှာ Globalization သိသာလာတယ်။ ၁၉၅၀ လောက်ကျတော့ နိုင်ငံ ၂၀ လောက် ပါလာပြီး ၁၉၇၀ မှာ နိုင်ငံပေါင်း ၄၀နဲ့ အခု ဆိုရင် နိုင်ငံပေါင်း ၁၈၀ နီးပါး ကမ္ဘာဆန်ခြင်းရဲ့ ရေစီးထဲ မျောပါ သွားကြပြီ။ ကမ္ဘာမှာ စုစုပေါင်း နိုင်ငံ ၂၀၀ လောက်ပဲ ရှိတယ်။ နိုင်ငံပေါင်း ၁၈၀ လောက် ကမ္ဘာဆန်တယ် ဆိုတဲ့ နေရာမှာ နိုင်ငံတိုင်း အပြည့်အ၀တော့ မဟုတ်ဘူးပေါ့။ တချို့နည်းနည်း၊ တချို့များများ သက်ရောက်မှုတွေကို ငြင်းမရဘဲ လက်ခံ လိုက်ရတယ်။

ကမ္ဘာဆန်တဲ့ ရေစီးကြောင်းမှာ Change ဆိုတဲ့ အပြောင်းအလဲတွေ အများကြီး ပါလာပါတယ်၊ Hamburger ကအစ နည်းပညာ၊ အတွေးအခေါ်၊ အသုံး အဆောင် အများကြီး ပဲပေါ့။ အားလုံးကိုတော့ ငြင်းဆန်လို့ မရဘူး။ လူအမျိုးမျိုး၊ စိတ်အထွေထွေမှာ ယူသင့်တာယူ၊ ပယ်သင့်တာပဲ ပယ်လို့ရမယ်။ ခြုံငုံပြီးတော့ ကမ္ဘာဆန်မှုရဲ့ သက်ရောက်ခြင်း (Impact) အပေါ် ဘယ်လို မှတ်ချက်ပေးကြသလဲဆိုရင်...

'You learn to change rather than becoming a victim of change' ဆိုတဲ့ အပြောင်းအလဲပေါ်မှာ သင်ခန်းစာ ယူပြီး လိုက်ပါမလား။ ဒါမှမဟုတ်ရင် အပြောင်းအလဲရဲ့ သားကောင် အဖြစ် ခံမလားလို့ ဆိုလိုတာပါ။ တိုးတက်ဖို့ ရှာကြံကြတဲ့ သူတွေကတော့ သားကောင်အဖြစ် ဘယ်ခံပါ့မလဲလေ။

ခေါင်းဆောင်၊ ခေါင်းဆောင်မှု (Leader-Leadership) ကို ခပ်တိုတို နားလည်အောင် သည်လိုလည်း ပြောကြလေရဲ့။

Previous learning, experiences and influence.

အတိတ်က လေ့လာခဲ့မှု၊ အတွေ့ အကြုံနဲ့ တစ်ဖက်ကို လွှမ်းမိုးနိုင်မှုပေါ့။ ခေါင်းဆောင်ကောင်းတွေက သူတို့ ပြောတာကို ဖြစ်အောင်လုပ်လို့ ရှိကြတယ်။ အပြောတခြား အလုပ်တခြား မဟုတ်ဘူး။ မုသားမပါ၊ လင်္ကာ မချော နဲ့တော့ မရောစေချင်ဘူးပေါ့။ Leaders practice what the preach တဲ့။
ခေါင်းဆောင်တွေကို အရင်က သီးခြား လူတန်းစားလို့ သဘောထား ခဲ့တဲ့ အယူအဆ ရှိဖူးတယ်။ အခုခေတ်မှာ မဟုတ်တော့ဘူး။ Leaders, as members ဆိုတဲ့ အဖွဲ့ဝင်တွေနဲ့ တသားတည်း ကျသွားပြီ။ ခေါင်းဆောင်ဟာ သီးခြား ဖြစ်ခဲ့ရင် အာဏာရှင် ဆန်သွား နိုင်လို့ပါ။ ပြီးတော့ Leader တွေဟာ Responsibility ဆိုတဲ့ တာဝန်ယူမှု၊ Accountability ဆိုတဲ့ တာဝန်ခံမှုတွေ ကိုလည်း မငြင်းဆန်ရပါဘူး။ တချို့က လုပ်ငန်း အတွက် တာဝန်ယူ တတ်ကြ ပေမယ့် ရလဒ် အပေါ် တာဝန် မခံချင်ဘူး။ ဥပမာ ကုမ္ပဏီက အကြီးအကျယ် ရှုံးရင် တာဝန်ခံလို့ နုတ်ထွက်ပေးလိုက် ရတာမျိုးပေါ့။ ကိုယ့်ကိုယ်ကျိုးထက် အများ အကျိုးကို ပိုပြီး လေးစားတဲ့ သဘောလည်း ဖြစ်တယ်။

အရင် ခေါင်းဆောင်တွေက တာဝန် လွှဲပြောင်းယူလို့ ရှိရင် Commitment ဆိုတဲ့ ကတိစကား သိပ်မပေး ရဲကြဘူး။ အခုခေတ် ခေါင်းဆောင်တွေက "ဘာဖြစ်စေ ရပါ့မယ်" ဆိုတဲ့ ကတိ စကားကို ရဲရဲကြီး ပေးလေ့ရှိကြတာ ယဉ်ကျေးမှု တစ်ခုလို့တောင် ပြောလို့ရပြီ။ CEO ထဲမှာ ဘမောင် သဘောကျတဲ့ Carlos Ghson ဆိုရင် နစ်ဆန်း မော်တော်ကား ကုမ္ပဏီကြီးကို လွှဲယူတော့ အကြွေး ပါလာတဲ့ (US$ 2.4 bil) ကို ၂ နှစ် အတွင်း ပြန်ဆပ်မယ် ဆိုတဲ့ ကတိစကား နဲ့ တာဝန်ကို လက်ခံခဲ့တယ်။ သူပြောခဲ့တဲ့ အတိုင်း လုပ်ပြခဲ့တယ်။ မြန်မာ့ စီးပွားရေး လောကမှာ အဲသလို လူမျိုး အများကြီး ရှိစေချင်တယ်။
နောက်ရှိသေးတယ်။ ခေါင်းဆောင်တွေ ရှိသင့်တဲ့ နေရာနဲ့တာဝန်၊ Position ပေါ့။ အရင် ပုံစံဟောင်းမှာ ခေါင်းဆောင် ဆိုတာ ဦးဆောင်သူဖြစ်လို့ မြားရဲ့ထိပ် မှာ ရှိသင့်တယ် ဆိုတဲ့ အယူအဆနဲ့ ဘာလုပ်လုပ် ခေါင်းဆောင်က ရှေ့ကသွားတယ်။ မြားအလယ် နေရာမှာ မန်နေဂျာ တွေပေါ့။ မြားအမြီးမှာ သာမန် ၀န်ထမ်းတွေ၊ အခုခေတ် ခေါင်းဆောင် တွေကျတော့ အယူအဆ ပြောင်းသွား ကြပြီ။

လေးက ထွက်သွားတဲ့ မြားက ခရီးတော့ ရောက်ပါရဲ့။ လိုချင်တဲ့ နေရာ ရောက်ဖို့လိုတယ့်  အယူအဆပေါ်မှာ အခြေခံတာ၊ အဲဒီမြား လိုရာခရီး လည်းရောက်၊ သွားချင်တဲ့ "လားရာ" လည်း မှန်အောင်လို့ ထိန်းညှိ တည့်မတ် ပေးတာက မြားအမြီးပိုင်း ဆိုတာ တွေ့လာရတယ်။ အဲဒီ အယူအဆနဲ့ အခုခေတ် ဖွဲ့စည်းပုံတွေမှာ မန်နေဂျာတွေ မြားထိပ်မှာနေ၊ အလယ်က ၀န်ထမ်းတွေ၊ နောက်ဆုံး မြားအမြီးက ပဲ့ထိန်း အနေနဲ့ ခေါင်းဆောင်တွေ နေကြတော့တယ်။ အဲဒီ အယူအဆနဲ့ အလုပ်လုပ်တာ ပိုမှန်တယ်။ ပိုလည်း ထိရောက်တယ်။ ခေါင်းဆောင် ဆိုတာ Guidance ဆိုတဲ့ ထိန်းသိမ်းမှု ပေးဖို့ပဲ။ နေရာတကာ သူပါလို့မှ မဖြစ်တာ။
ဘမောင်တို့ ဆီက အဖွဲ့အစည်း ယဉ်ကျေးမှုမှာ ခေါင်းဆောင်တွေ နေရာ တကာ ရှေ့ကနေတာ ရှိနေတုန်းပဲ။ Old Model ကို စိတ်မကုန် သေးလို့နဲ့ တူတာပဲ။

ခေါင်းဆောင်နဲ့ ပတ်သက်လာရင် စိတ်ဝင်စားစရာ ကောင်းတဲ့ အယူအဆ တစ်ရပ် ရှိသေးတယ်။
Leaders are born (မွေးရာပါ)
Leaders are made (လေ့ကျင့်ယူခြင်း)

1940s ခေတ်တွေဆီက ဟစ်တလာတို့၊ ရုစဗဲ့လ်တို့၊ စတာလင်တို့ရဲ့ အမူအကျင့်တွေနဲ့ ချဉ်းကပ်ကြတဲ့ သူတွေက ခေါင်းဆောင်ဆိုတာ မိုးပေါ်က ကျလာသလိုပဲ မွေးရာပါ ဇာတာ ပါလာသူတွေလို့ ဆုံးဖြတ်ကြတယ်၊ 1960s ခေတ်တွေ ရောက်လာတော့ ကမ္ဘာ့နိုင်ငံ အသီးသီး၊ စီမံခန့်ခွဲမှု ကျောင်းကြီးတွေက မွေးထုတ် လိုက်တဲ့ ခေါင်းဆောင်တွေ မနည်းမနော ကြီးပွားလာကြတာ တွေ့ရတော့ 'Leaders are made' ဆိုတဲ့ ခေါင်းဆောင်ကို လေ့ကျင့် ယူလို့ရတယ် ဆိုတဲ့ အယူအဆက ခြေဖျက်လိုက်တယ်။ ခရစ်နှစ် (၂၀၀၀) ကျော်မှာတော့ ပြောစရာ မလိုတော့ဘူး။ ပညာ ကောင်းကောင်း သင်ပြီး အတွေ့ အကြုံ ကောင်းကောင်း ပေးနိုင်ရင် ဘယ်သူမဆို ခေါင်းဆောင်ဖြစ်ခွင့် ရှိသွားကြပြီ။ စိတ်ဝင်စားဖို့ ကောင်းတယ်။

ခေါင်းဆောင်ရဲ့ စရိုက်၊ အမူအကျင့်၊ အလေ့အထနဲ့ ပတ်သက်ပြီး ခွဲခြမ်း စိတ်ဖြာလိုက်ရင် အမျိုးပေါင်း ၅၀ ကျော် လောက် ရှိတယ်။ သန်ရာ သန်ရာ အခြေခံ ခေါင်းဆောင်တွေပေါ့။ အဲဒီထဲက Autocratic (အာဏာရှင်)နဲ့ Democratic (ဒီမိုကရက်တစ်) ဆိုတဲ့ ခေါင်းဆောင် နှစ်မျိုးရဲ့ လုပ်ပုံကိုင်ပုံ၊ အကျိုးရလဒ် တွေက နှိုင်းယှဉ်ပြဖို့ ကောင်းလာတယ်။ Decision Making ဆိုတဲ့ အဆုံးအဖြတ် ပေးမှုအပေါ် အခြေခံပြီး လေ့လာရရင် Autocratic Leader က အဆုံး အဖြတ်ကို သူတစ်ဦးတည်း လုပ်တယ်။ Democratic Leader က တိုင်ပင်၊ ညှိနှိုင်း၊ ဆွေးနွေးပြီးမှ အသင့်လျော်ဆုံးလို့ ထင်တဲ့ အဆုံးအဖြတ်ကို ပေးတယ်။ Autocratic / Democratic ဆိုလို့ နိုင်ငံရေးမှာ တင်ချည်း ရှိတာ မဟုတ်ဘူး။ စီးပွားရေးမှာလည်း ရှိတယ်။ လူမှုရေးမှာလည်း ရှိတယ်နော်။ မိသားစုလေး တစ်ခုအတွင်း မှာလည်း ရှိတယ်။

နောက် ဒုတိယအချက်က Control of Operation ဆိုတဲ့ စီမံခန့်ခွဲမှုကို ထိန်းသိမ်းတဲ့ အချက်၊ Autocratic က အရာရာကို သူကိုယ်တိုင် ညွှန်ကြားတယ်။ သူမပါရင်မပြီးဘူး။ Democraticက စနစ် (System) တစ်ခုကို ထူထောင်ပြီး အဲဒီ စနစ်ရဲ့ အပံ့အပိုးနဲ့ လုပ်တယ်။

နောက် တတိယအချက်က Communication ဆိုတဲ့ အပေါ်အောက် အပြန်ပြန် အလှန်လှန် ဆက်သွယ်ရေး လမ်းကြောင်း၊ Autocratic ကတော့ လားရာမဲ့ သူအမိန့် ပေးလိုတဲ့ သူကို တိုက်ရိုက် အမိန့် ပေးတဲ့ စနစ်ကို သုံးတယ်။ Democratic ကတော့ ပြန်လည် ဆွေးနွေးခွင့်၊ တင်ပြခွင့်၊ အကြံ ဥာဏ် ဖလှယ်ခွင့် စတာတွေကို ပေးတယ်။ စနစ်တစ်ခုရဲ့ အောက်မှာပဲ အလုပ်လုပ်တယ်ပေါ့။ အဲဒီ အခြေခံ မူလ ပင်မ သုံးချက် အပေါ် အကွာအဟကို နှိုင်းယှဉ် လိုက်တော့ နောက်ဆုံး အဖြေ ရလဒ်မှာ Autocratic က စွန့်စားရမှု များပြီး ရလဒ် ကောင်းထက် ဆန့်ကျင် ဘက်ကို ရတာများတာ တွေ့ရပါတယ်။ ဒီမိုကရက်တွေကတော့ သင့်တင့်တဲ့ စွန့်စားမှု (Moderate Risk) လောက် သာရှိပြီး ရလဒ်ကောင်းတွေ ရတတ်တာ သာဓက အများကြီးပဲ ဖြစ်ပါတယ်။ ဒီမိုကရက်၊ အော်တိုကရက်လို့ ပြောရင် နိုင်ငံရေး ရှုထောင့် တစ်ခုတည်းကသာ ကြည့်လို့ ရတာမျိုး မဟုတ်ဘဲ စီးပွားရေးမှာပါ လုံးဝ အကျုံးဝင်တယ်လို့ ပြောချင်ပါတယ်။

ဆက်ပါအုံးမယ်ရှင်............

Wednesday, January 14, 2009

Jeans Take Shape

Image Hosted by ImageShack.us

ရွေးစရာ ဂျင်းဘောင်းဘီတွေ တစ်လှေကြီးရှိနေတဲ့ ဒီလိုခေတ်မျိုးကြီးထဲမှာ ဂျင်းကောင်းကောင်းလေးနဲ့ လှလှလေး တစ်ထည်ရဖို့ ဈေးဝယ်ထွက်ရတာဟာ နည်းနည်းတော့ စိတ်ရှုပ်စရာ ကောင်းလှပါတယ်။ ကျွန်မဆိုလည်း ဂျင်းဘောင်းဘီကို အသေကြိုက်တာ။ ဒါပေမယ့် တစ်ကယ်တမ်း ဂျင်းဝယ်ထွက်တဲ့ အချိန်မျိုးမှာဆို ဘယ်ဟာကို ရွေးလို့ ရွေးရမယ်မှန်း မသိပဲ complicated ဖြစ်တတ်တယ်ရှင့်။ အမျိုးသမီး တော်တော်များများရဲ့ အ၀တ်ဗီဒိုတွေထဲမှာလည်း ဂျင်းတွေဟာ နေရာယူတတ်ကြပါသေးတယ်။ ဒေါက်ဖိနပ် ချွန်ချွန်သေးသေးလေးတွေနဲ့ ဂျင်းကျပ်ကျပ်ကလေးတွေသာ ၀တ်မယ်ဆိုရင်.. WOW!! လုံးဝ လန်းသွားပြီပေါ့ရှင်။ ဂျင်းတစ်ထည်ကို ၀ယ်ဖို့အတွက် အဓိက စဉ်းစားရမယ့် အချက်တွေထဲမှာ အရောင်၊ အရည်အသွေး၊ cutting နဲ့ brand တွေကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်ရှင်။ ဂျင်းနဲ့ပတ်သက်လို့ စုစည်းလို့ ရမိသလောက်လေးကို တင်ပြပေးလိုက်တယ်နော်။
THE RIGHT FIT

ကိုယ်နဲ့ Fit ဖြစ်တဲ့ ဘောင်ဘီမျိုးကို ရွေးချယ်ဝတ်ဆင်တတ်ဖို့က လူတိုင်းအတွက် အရေးကြီးပါတယ်ရှင်။ အမျိုးသားတွေကတော့ ခန္ဓာကိုယ်နဲ့ ကွက်တိကြီးကို Fit ဖြစ်နေတဲ့ ဘောင်းဘီမျိုးကို ရှောင်သင့်ပါတယ်။ သာမန် ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်တဲ့သူတွေကတော့ သမရိုးကျ ဂျင်းဘောင်းဘီ ပုံစံမျိုးတွေနဲ့ ပိုလိုက်ဖက်ပါလိမ့်မယ်။ အရမ်းကို ခေတ်ရှေ့ပြေးနေတဲ့ ဘောင်ဘီမျိုး မဟုတ်ဘူးပေါ့နော်။ တောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့ သူမျိုးတွေ ကျပြန်တော့ boot – cut Style မျိုးကို ၀တ်ဆင်သင့်ပါတယ်တဲ့။ တင်ပါးအရမ်းကြီးကို ကြီးနေတဲ့ သူမျိုးတွေကတော့ အောက်ရှူးတဲ့ ဘောင်းဘီမျိုးကို ၀တ်ဆင်သင့်ပါတယ်။ ခုခေတ်အခေါ် ချက်ပြုတ်လို့ ခေါ်တဲ့ Skinny Jeans မျိုးတွေမဟုတ်ပဲ high – Waist ဖြစ်တဲ့ ဂျင်းဘောင်းဘီမျိုးပေါ့။ ခန္ဓာကိုယ် အောက်ပိုင်းပုတဲ့ သူမျိုးတွေကတော့ အစင်းတွေပါတဲ့ ဘောင်းဘီမျိုးနဲ့ သင့်တော်မှာ ဖြစ်ပြီး ပေါင်လုံးကြီးတဲ့သူတွေကတော့ အရမ်းကိုကျပ်ထုပ်နေတဲ့ ဘောင်းဘီမျိုးမဟုတ်ပဲ အနေတော်ကိုသာ ၀တ်ဆင်သင့်ပါတယ်။ Low Waist ဘောင်းဘီမျိုးကလည်း သင့်တော်မှာပါ။ ဘောင်းဘီအောက်ဖျားတွေက သိပ်မရှည်ပဲ ဖိနပ်အလယ်နားလောက်မှာ ကျနေတာမျိုးဆိုရင်တော့ ပိုကောင်းတာပေါ့ရှင်။

အဲတော့ ဂျင်းဘောင်းဘီတွေ ၀ယ်တဲ့အခါ ဘယ်လိုမျိုးအချက်တွေကို ရွေးဝယ်ရမလဲ ဆိုတာကိုလည်း တစ်ချက်လောက် ပြောပြချင်ပါတယ်။
  • Lycra 2% လောက်ပါဝင်တဲ့ ဂျင်းသားကို ရွေးချယ်ဝယ်ယူပါ။ ဒါမှ ဘောင်းဘီတွေဟာ ပြန့်နေမှာဖြစ်ပြီး၊ ခန္ဓာကိုယ်ပုံစံကိုလည်း ပေါ်လွင်စေမှာ ဖြစ်ပါတယ်။ ဂျင်းဘောင်းဘီကို ဘယ်လို cut လုပ်ထားလဲဆိုတဲ့ အချက်လည်း ပေါ်လွင်နေမှာ ဖြစ်ပါတယ်ရှင်။
  • အညွှန်းတွေဟာ price tap ရဲ့ နောက်ဘက်မှာ ရှိနေတယ်ဆိုတာ မမေ့ကြပါနဲ့
  • ဂျင်းဘောင်းဘီတွေကို try ကြည့်တဲ့အခါ ထိုင်ကြည့်ဖို့ကိုလည်း လိုပါလိမ့်မယ်။ ဒါမှ ဒီဘောင်းဘီဟာ comfort ဖြစ်လား မဖြစ်လားဆိုတာ သိရမှာပေါ့။
  • ဘောင်းဘီတွေရဲ့ Size သတ်မှတ်ချက်ဟာ Brand တစ်မျိုးနဲ့ တစ်မျိုးကြား ကွဲလွဲချက်တွေ ရှိပါလိမ့်မယ်။ ဒါကြောင့် Size တစ်မျိုးတည်းကိုပဲ ပုံသေမှတ်ထားတာမျိုးထက် ကိုယ်နဲ့အဆင်ပြေရာကို ရွေးချယ်တာက ပိုကောင်းပါလိမ့်မယ်ရှင်။
  • ပြီးတော့ နည်းနည်းကျပ်တဲ့ ဘောင်းဘီမျိုးကို ၀ယ်ပါ။ ဂျင်းတွေက နောက်ပိုင်းမှာ ပိုပိုချောင်လာတတ်တဲ့အတွက် ဖြစ်ပါတယ်။

SHADES OF BLUE

ဂျင်းတွေဟာ များသောအားဖြင့် အပြာရောင် ဆိုပေမယ့် တစ်ကယ့်စံနဲ့ကိုက်ညီတဲ့ အရောင်မျိုးကို ရွေးရတာကျတော့ မလွယ်ပြန်ပါဘူးရှင်။ အဓိက ကတော့ အရောင်ကြာရှည်ခံပြီး ကိုယ်သွားလာချင်တဲ့ နေရာမျိုးနဲ့ အံကိုက်ဖြစ်ဖို့ပဲ မဟုတ်လား။ အရောင်လွင်လွင်လေးတွေကတော့ ပိုပြီး casual ဆန်ပါတယ်။ အပြာရင့်ရင့်ကျပြန်တော့ ညဘက်လမ်းလျှောက်ထွက်တဲ့ အချိန်မျိုးတွေမှာ ၀တ်ဆင်သင့်ပါတယ်တဲ့။ အနက်ရောင်ဘောင်းဘီတွေ ရှိတယ်ဆိုပေမယ့် သိပ်ပြီးတော့ popular ဖြစ်တာကို မတွေ့ရပါဘူးရှင်။

MATERIAL

ဂျင်းထည် တော်တော်များများကတော့ ချည်နဲ့ လုပ်ထားတယ်လို့ ပြောလို့ရပေမယ့် ဆွဲသားပါတဲ့ ဂျင်းမျိုးတွေက ပိုကောင်းပါတယ်။ ဆွဲသားပါတဲ့အတွက် ခန္ဓာကိုယ်နဲ့ ကပ်နေပြီး သွားရ လာရတာလည်း ပိုမိုပေါ့ပါး သက်တောင့် သက်သာ ရှိစေပါတယ်။ ဒါမျိုးဘောင်းဘီတွေဟာ အရမ်းကြီး ကျပ်တဲ့ပုံစံမျိုးနဲ့ သက်တောင့်သက်သာလည်း ဖြစ်စေတယ်လေ။ ဆွဲသားဖြစ်တဲ့အတွက် အထိုင်အထ လုပ်တဲ့အခါမှာလည်း အဆင်ပြေစေပါတယ်။

TAKING CARE

ဂျင်းဘောင်းဘီတွေကို အကောင်းဆုံး ထိမ်းသိမ်းဖို့ နည်းကတော့ ပြောင်းပြန်လှန်ပြီး ရေအေးအေးနဲ့ လျှော်ဖို့ပါပဲ။ လူတော်တော်များများက ဂျင်းဘောင်းဘီကို လျှော်တဲ့အခါ ဆပ်ပြာမှုန့်တွေ များများသုံးတတ်ကြပါတယ်။ ဒါ မလုပ်သင့်ပါဘူးရှင်။ ဆားတစ်ဇွန်းလောက် ထည့်လျှော်တာမျိုးက အရောင်မလွင့်ဖို့ အထောက်အကူ ပြုပါလိမ့်မယ်။

STYLES AND TRENDS

ဒီနေ့ခေတ်ရဲ့ ဂျင်းစတိုင်တွေကတော့ တစ်ဖြည်းဖြည်း အနောက်ကို ပြန်သွားနေတဲ့ သဘောမှာ ရှိနေပါတယ်။ ဒူးနဲ့ ဘောင်းဘီအိတ်အောက်နားမှာ အတွန့်ရာတွေပါတဲ့ ဘောင်းဘီမျိုးတွေ၊ ပေါင်တစ်လျှောက်မှာ အရောင်ခပ်မွဲမွဲ လုပ်ထားတာမျိုးတွေ စတဲ့ ဂျင်းဘောင်းဘီတွေဟာ ထင်သလောက်တော့ စတိုင်လ်မမိုက်ဘူးရှင့်။ ကဲ တွေ့ရလေ့ရှိတဲ့ ဂျင်းဘောင်းဘီမျိုးတွေကို တစ်ချက်လောက် ကြည့်ရအောင်နော်။
Skinny အမျိုးအစားတွေ၊ အောက်ဝ ကျယ်တဲ့ ဘောင်းဘီတွေ၊ အရောင်ပါတဲ့ ဂျင်းတွေ၊ အကုန်လုံးကတော့ မိုက်နေတာ ချည်းပါပဲ။

Image Hosted by ImageShack.us

Skinny Jeans ကိုတော့ ကျွန်မလည်း တော်တော်ကြိုက်ပါတယ်။ 2008 မှာခေတ်စားလာသလို မိန်းကလေး တော်တော်များများလည်း ၀တ်လာကြပါတယ်။ ခုတစ်လော ကျွန်မ၀ယ်ဖြစ်တဲ့ ဂျင်းတွေကလည်း Skinny တွေချည်းပဲ။
Image Hosted by ImageShack.us

High-waist Jeans တွေကတော့ ခေတ်သိပ်မစားတော့ပါဘူး။ ကျွန်မလည်း လုံးလုံးကို မကြိုက်ပါဘူးရှင်။ ဒါပေမယ့် Celebrity တော်တော်များများကတော့ တော်တော်လေးကို ၀တ်ကြပါတယ်။ Gwen Stefani, Gwyneth Paltrow နဲ့ Kate Moss တို့တွေပေါ့။
Image Hosted by ImageShack.us

Wide-leg jeans မျိုးတွေကျတော့ ၀တ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ အရမ်းကို classic ဖြစ်တာပေါ့။

Image Hosted by ImageShack.us

Colored Jeans တွေကတော့ ခုချိန်မှာ အရမ်းကို ခေတ်စားနေပြီပေါ့။

Image Hosted by ImageShack.us

BRANDS

ဂျင်းဘောင်းဘီ အမျိုးအစားတွေသာမက တံဆိပ်တွေလည်း စုံလင်လှတဲ့အတွက် ကိုယ်နဲ့ Fit ဖြစ်တဲ့ လိုက်ဖက်တဲ့ ဘောင်းဘီတစ်ထည်ကိုရဖို့ တော်တော်လေးတော့ ရှာဝယ်ရမှာပေါ့။ ကိုယ်နှစ်သက်တဲ့ တံဆိပ်ကိုပဲ စွဲပြီး ၀တ်နေတာမျိုးထက် Design ကိုဦးစားပေးသင့်တယ်လို့ ကျွန်မက ထင်ပါတယ်ရှင်။ ပြောင်းလဲနေတဲ့ Fashion ရေစီးကြောင်းနဲ့အညီ အပြောင်းအလဲလေးတွေ ၀တ်ဆင်ပါမှ ကိုယ့်စတိုင်လ်ကို ထိမ်းရာလည်း ရောက်တယ် မဟုတ်လား။ ဒါကြောင့် Brand စုံ Design စုံ ၀တ်ဖို့ကို တိုက်တွန်းလိုက်ရပါတယ်ရှင်။

HISTORY

19 ရာစုနှစ်လောက်က ဖြစ်ခဲ့တဲ့ California Gold Rush သတ္တုတွင်း တူးသမားတွေက စုတ်လွယ်၊ ပြဲလွယ်တဲ့ အ၀တ်အထည်မျိုးထက် ခိုင်ခန့်တဲ့ အထည်မျိုးကိုသာ ၀တ်ဆင်ချင်ကြပါသတဲ့။ အဲဒီတော့ Jacob Davis ဆိုတဲ့ အ၀တ်ချုပ်သမားတစ်ယောက်က မစုတ်နပြဲစေတဲ့ ဖျင်ကြမ်းတစ်မျိုးကို ချုပ်လုပ်တီထွင်လိုက်ပါတယ်။ အဲဒါတွေက ဒီနေ့မှာ ဂျင်းရယ်လို့ ဖြစ်လာတဲ့ အရာတွေပေါ့ရှင်။ သူက သူ့ရဲ့ အိုင်ဒီယာကို ဆက်ထိန်းထားချင်ပြီး ဈေးကွက်ကိုလည်း ချဲ့ထွင်ချင်တာပေါ့။ ခက်တာက သူ့မှာ ငွေးကြေးကလည်း အဆင်မပြေပြန်ဘူးလေ။ အဲဒီတော့ 1872 ခုနှစ်လောက်မှာ Levi Strauss ဆိုတဲ့ လူတစ်ယောက်နဲ့ ဆက်သွယ်မိပြီး ဂျင်းတွေကို အကြီးအကျယ် ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် 1930 အစောပိုင်းကာလလောက်ထိတော့ ရုပ်ရှင်တွေမှာ မင်းသမီး၊ မင်းသားတော်တော်များများက ဂျင်းတွေမ၀တ်ကြသေးတော့ ခေတ်စားသင့်သလောက် ခေတ်မစားခဲ့သေးပါဘူး။ ဒီနေ့ခေတ်မှာတော့ လူတိုင်း လူတိုင်းဟာ ဂျင်းမှဂျင်းပါပဲရှင်။ အရောင်စုံ၊ ဒီဇိုင်းစုံနဲ့ brand မျိုးစုံတွေကြားမှာ ကျွန်မတို့ အိပ်ကပ်တွေထဲက ပိုက်ဆံတွေလည်း ထွက်မှန်းမသိ ထွက်ကျနေလေရဲ့။