Monday, October 13, 2008

Love is.......!!

အချစ်တဲ့….

ကိုသီဟန်တို့ တက် လိုက်ပြန်ပြီ… သူ့ဘလောဂ့်ကို သွားဖတ်တော့လည်း သူ့အတွေးနဲ့ သူတော့ ဟုတ်နေသား.. ကျွန်မကရော.. အချစ်အကြောင်းကို ရေးရမှာတဲ့လား.. အင်း.. ခက်တယ် ခက်တယ်။

အချစ်ဆိုတာ လူသားတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာပေါ့။ စကားပုံတစ်ခု ဖတ်ဖူးတယ်..

"Love is the only cement that makes the world round" တဲ့။ နောက်စကားပုံ တစ်ခုလည်း ရှိသေးတယ်..

"သုခဘုံပင် ဖြစ်နေစေဦးတော့ တစ်ယောက်ထဲဆိုရင် သိပ်ကို အထီးကျန်နေလိမ့်မယ်" တဲ့.. အထီးကျန်းစရာလား.. ကျွန်မက အမပဲ ကျန်မှာ.. ဟဲဟဲ ။ နောက်တစ်ခုကတော့ "Love is blind and so, love sees no faults" တဲ့။ စာရေးဆရာတွေ၊ ကဗျာဆရာတွေကတော့ ကိုယ့်ခံစားချက်၊ ကိုယ့်အတွေးနဲ့ကိုယ် အချစ်ကို အဓိပ္ပာယ်ဖွင့်ကြတယ်။ ခံစားကြတယ်၊ ရေးဖွဲ့သီကုံးကြတယ်။ အင်း…… လူတိုင်းဟာ ချစ်တတ်ကြတာပါပဲလေ…။

အရွယ် ခပ်ငယ်ငယ်.. 9 တန်း 10 တန်းလောက်တုန်းက၊ အတန်းထဲက ကောင်လေးတွေ ရည်းစားစာ လိုက်ပေးရင်တော့ ကြောက်သလိုလို၊ အသက်ကလေး နည်းနည်းကြီးလို့ တက္ကသိုလ်မှာ ကောင်လေးတွေ စိတ်ဝင်စားခြင်း ခံရတော့လည်း ရင်ခုန်သလိုလို၊ အဲနောက်ပိုင်း 20 ကျော်လာတော့ အချစ်ဆိုတာကြီးက ဘာကြီးလဲကွယ်လို့ တွေးမိပြီး ကိုယ့်ကို လာစိတ်ဝင်စားသူတွေကို "ဟုတ်ရဲ့လား ဟင်" လို့ မသင်္ကာသလို မေးမိနေတတ်သေးတယ်။ တစ်ခါတစ်လေ သူက လိုက်တော့ ကျွန်မအသေပြေးပြီး.. ကျွန်မက အလိုက်ခံချင်ပြန်တော့ သူက လှည့်တောင်မကြည့် ဖြစ်နေတတ်တာမျိုးလည်း ကြုံရတတ်သေးတယ်။ အင်း.. ထိချက်တော့ ပြင်းသားလားရှင်။

ကျွန်မကို ကောင်လေး တော်တော်များများက ပြောဖူးတယ် "မချစ်တတ်သော မိန်းမ" တဲ့။ တစ်ကယ်တော့ ကျွန်မလည်း အသဲနှလုံး ရှိတဲ့ လူသားပဲ။ ချစ်တတ်တာကမှ သူများတွေထက်တောင် ပိုချစ်တတ်သေးတယ်။ အဲလိုပြောလေ့ရှိတဲ့ သူတွေကို ကျွန်မဘာမှတော့ ပြန်မပြောမိဘူး.. ဒါပေမယ့် စိတ်ထဲကတော့ "မချစ်တတ်တာ မဟုတ်ဘူး.. ငါ့အချစ်က နင်တို့အတွက် မဟုတ်သေးတာ" လို့။ ထားပါတော့လေ… ဇော်ပိုင်သီချင်းလိုမျိုး ဆိုလိုက်ရရင် "ရူးလောက်တဲ့ အချစ်တော့ မတွေ့မိသေးပါ.." ပေါ့.. ။ ဒါပေမယ့် တစ်ယောက်ယောက်ကိုတော့ "သေလောက်အောင် လွမ်းမိတယ်" ။ ဟုတ်ကဲ့ အဲဒီတစ်ယောက်ဟာ ပုရိသ ယောင်္ကျားကြီးပါ။ ဘာလို့လဲ ယောင်္ကျားကြီးလို့ ပြောရလဲဆိုတော့ တစ်ခါ တစ်လေ ကျွန်မသိပ်ခင်တဲ့ မိန်းကလေးသူငယ်ချင်း တစ်ယောက်ကိုလည်း လွမ်း လွမ်း မိနေတတ်သေးလို့ရှင့်။ ဟော.. အဲဒါဆိုရင် လွမ်းရင် အချစ်လား။ သူများတွေ ပြောတော့ ရင်ခုန်ရင် အချစ်ဆို…။ ဘာကြီးလဲရှင်.. ကျွန်မ အချစ်ကို သရုပ်မခွဲတတ်သေးပါလား။

ကျွန်မ "The Science of Love " ဆိုပြီး ပိုစ့်တစ်ခုရေးဖူးတယ်။ အဲမှာကျတော့ အချစ်ဆိုတာ ဟော်မုန်း အပြောင်းအလဲကြောင့် ဖြစ်တာတဲ့။ ဒါဆိုရင် ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေ ပြောင်းနေတာကို ရာရာစစ ငါက လိုက်ခံစားစရာလား။ ဆေးသောက်ရင်ကော အဲဒါကို ပျောက်အောင် မကုနိုင်ဘူးလား..။ ဘာကြောင့် ဒီလိုပြောင်းလဲတဲ့ ဟော်မုန်းကို ထိမ်းချုပ်နိုင်ဖို့ ဆေးတွေ မပေါ်သေးတာတုန်း။ တော်တော်ဆိုးတဲ့ ဟော်မုန်းတွေပဲနော်။ ဒီရောဂါလည်း ကုရာနတ္ထိဆေးမရှိဘူးပေါ့။

တစ်ကယ်တော့ အချစ်ဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းဟာ ဖြေဖို့ သိပ်ကို ခက်ခဲလွန်းလှပါတယ်။ တစ်ယောက်တစ်မျိုးစီ ခံစားချက် ရှိသလို၊ တစ်ယောက်တစ်မျိုးစီမှာလည်း အဓိပ္ပယ်တွေ အသီးသီး ရှိနေတတ်ကြတယ် မဟုတ်လား။ အချစ်ဆိုတာကို အဓိပ္ပာယ်သာ ဖွင့်ဆိုလိုက်ရင် ပေါ့ သွားတယ်လို့ ကျွန်မက ထင်တယ်ရှင်။ ဒီအတိုင်းလေးသာ ထားလိုက်စမ်းပါ။ အချစ်ဆိုတာ အချစ်ပါပဲ။ Love is Love ပါပဲ။ ပြီးတော့ အချစ်ဆိုတာ ကော်ဖီ တစ်ခွက်နဲ့ တူတယ်။ အရမ်းပူနေရင်လည်း သောက်လို့ မရဘူး.. အရမ်း အေးသွားပြန်ရင်လည်း အရသာ တစ်မျိုး ဖြစ်နေပြန်တယ်.. မပူ မအေး နွေးတေးတေးလေးသည်သာ အရသာ အရှိဆုံးပါပဲ။

ကျွန်မ ဖတ်ဖူးတဲ့ ချစ် မချစ် စမ်းသပ်နည်းလေးကတော့ ဒီလိုရှင့်..

(၁) ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ကိုယ့်ဖုန်းကို ဖွင့်ထားပြီး သူ့ဆီက မက်ဆေ့ ဒါမှမဟုတ် ဖုန်းကို စောင့်နေမိတယ်ဆိုရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။ (mobile ဖုန်းမှ မရှိတာပဲကို..ဂျီတော့ ဖွင့်ထားရမလား ပြော)

(၂) သူနဲ့အတူ နှစ်ယောက်တည်း လမ်းလျှောက်ရတာကို နှစ်သက်တယ်ဆိုရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။ (မဖြစ်နိုင်သေးဘူး ဝေးနေတယ်)

(၃) အတူ ရှိနေတဲ့အချိန် သူ့ကို ဂရုမစိုက်ချင် ဟန်ဆောင်နေပေမယ့် ကိုယ့်မြင်ကွင်း ထဲကနေ သူပျောက်သွားရင် အပူတပင် လိုက်ရှာတတ်တာ သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။ (အင်း ဖြစ်ဖူးတယ်)

(၄) သူဖျားနာနေရင်၊ ထိခိုက်ဒဏ်ရာ ရလာရင် လွန်တာထက် ပိုစိုးရိမ်မိရင် သူ့ကို ကိုယ်ချစ်မိ သွားလို့ပဲ။ (ဟုတ်ပါ့ရှင်.. ဘာမှ မဟုတ်တာတောင် ပူပန်မိတတ်သေး)

(၅) တစ်ခြားလူအပေါ် သူစေတနာပိုမိလို့ ကိုယ့်စိတ်ထဲကနေ မနာလို အူတိုမိရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။ (အူကတော့ သူများထက်ကို ပိုတိုတယ်)

(၆) သူ့ရဲ့ချိုမြမြ အပြုံးတွေကိုကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ လိုက်တွန့်တတ်ရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။ (သူပျော်ရင် ကျွန်မ ပျော်သလိုပါပဲ.. ဒါပေမယ့် သူ ပျော်လား မပျော်လား ဘယ်လိုသိနိုင်ပါ့မလဲနော်)

(၇) ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို ကိုယ်သတိယနေမိရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။
(သြော် ကဲ လွမ်းပါတယ်ဆို)

4 comments:

Anonymous said...

အချစ်အကြောင်းလာဖတ်သွားပါတယ်..ဟဟမိုက်တယ်ဗျ။
သူအလိုက်စောင့်မနေနဲ့လေ။ခေတ်တွေပြောင်းနေပြီပဲ.
ကိုယ်ကပြန်လိုက်ချလိုက် :P

Anonymous said...

pinkgold your love must be "Soe Zay Ya".သူနဲ့အတူ နှစ်ယောက်တည်း လမ်းလျှောက်ရတာကို နှစ်သက်တယ်ဆိုရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။အချစ်ဆိုတာ ကော်ဖီ တစ်ခွက်နဲ့ တူတယ်။ အရမ်းပူနေရင်လည်း သောက်လို့ မရဘူး.. အရမ်း အေးသွားပြန်ရင်လည်း အရသာ တစ်မျိုး ဖြစ်နေပြန်တယ်..

Anonymous said...

ကျေးဇူးပဲဗျို့...

နောက်ဆုံး (၇) ချက်က စိတ်ဝင်စားစရာပဲဗျာ...။ အဲလိုဖြစ်နေတာကိုပဲ ကမ္ဘာပေါ်မှာ ကြည်နူးစရာအကောင်းဆုံး ခံစားမှုလို့ တချို့က တင်စားကြတယ်ဗျို့...။

Anonymous said...

အင်း

ကိုယ်စီ ကြိတ်ပုန်းကလေးတွေနဲ့ပါလား။

ခုမှ ပေါ်တယ်။

သင်ကာ