မီးလေးဇာက ရေးပေးပါ ဆိုပြီး တက်ထားတာ နည်းနည်းတော့ ကြာပြီရှင့်။ အပျင်းထူပြီး မရေးပဲ နေတာတော့ မဟုတ်ပါဘူး။ တစ်ကယ် မအားသေးလို့ ရေးခွင့်မကြုံသေးတာပါ။ ကျွန်မကို တက်ဂ် လုပ်လာတဲ့ ပိုစ့်တိုင်းကို ကျွန်မ ရေးနိုင်အောင် ကြိုးစားပါတယ်။ ဒါမှ တက်ဂ် လုပ်တဲ့သူတွေလည်း စိတ်ကျေနပ်မှာ မဟုတ်လား။ ဒီတစ်ခေါက် တက် လာတဲ့ ခေါင်းစဉ်က ဗရုတ်သုတ်ခ များဆိုတော့ ကျွန်မအတွက် ရေးစရာတွေ ပေါလွန်းလှလို့ ဘာကို ရေးရမှန်း မသိအောင်တောင် ဖြစ်မိပါတယ်။ ကျွန်မရဲ့နေ့ရက်တွေတိုင်းဟာ လျှပ်ပလာ ပြာကလပ် ဗရုတ်သုတ်ခပေါင်း မြောက်များစွာနဲ့ပဲ အဆုံးသတ်ခဲ့ရတာ များပါတယ်။ ကျွန်မက ဘာကိုရေးရမလဲလို့ မေးတော့ မီးလေးကတောင် ပြောသေးတယ် ရီစရာ အကောင်းဆုံးကို ရေးတဲ့။ ဒီပိုစ့်ကို အတက်ခံရတဲ့ သူတိုင်းလည်း သူတို့ရဲ့ အဖြစ်လေးတွေကို ဟာသနှောပြီး ရေးထားတာ တော်တော်လေးကို ဖတ်လို့ ကောင်းပါတယ်။ ကျွန်မအနေနဲ့ကတော့ ရီစရာရယ်လို့ မဟုတ်တော့ပဲ ကျွန်မ အမှတ်ရနေဆုံး နေ့လေးတစ်နေ့အကြောင်းကို ရေးချင်ပါတယ်။ May be ရီစရာလေးလည်း ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်ရှင်။
ကျွန်မတို့ ရုံးမှာ ယူနီဖောင်းစ၀တ်ရတာ ခုဆိုရင် နှစ်လလောက်တော့ ရှိခဲ့ပြီပေါ့။ ရုံးက ယူနီဖောင်း အင်မတန်လှပါတယ်။ Office suite လေးလည်း ဖြစ်သလို ၀တ်တဲ့ ၀န်ထမ်းကောင်မလေးတွေကလည်း လှတော့ လမ်းသွားလမ်းလာတွေဆို ငေးကြည့်ရတာပေါ့နော် (ဆိုင်လားတော့ မသိဘူး.. )။ ကျွန်မ အခုရေးမှာက ယူနီဖောင်းတွေ စစ၀တ်ရချင်းတုန်းက ကျွန်မကြုံတွေ့ခဲ့ရတဲ့ ဗရုတ်သုတ်ခလေး တစ်ခုပေါ့ရှင်။ စကတ်အတို အနက်ရောင်နဲ့ အင်္ကျီလက်ရှည်လေးတွေကို တွဲဖက်ဝတ်ဆင်ရတဲ့ ယူနီဖောင်းကို မြင်ကတည်း ကျွန်မ ဖလမ်းဖလမ်းထပြီး ၀တ်ချင်နေခဲ့တာပါ။ အင်္ကျီက Cream ရောင်ရယ်၊ အဖြူရယ်၊ အနက်ရယ် သုံးရောင်ကို နေ့အလိုက်ဝတ်ရတာပါ။ အဲဒီ ယူနီဖောင်းစ၀တ်တဲ့ ဒုတိယမြောက်နေ့ကပေါ့…..
တနင်္လာနေ့ကို Cream ရောင်ဝတ်ပြီး အင်္ဂါနေ့ကို အနက်ရောင် ၀တ်ရမှာ ဖြစ်ပေမယ့် အဲဒီ အင်္ဂါနေ့တုန်းကတော့ ကျွန်မ အမှတ်မှားပြီး အဖြူရောင်ကို ၀တ်လာခဲ့တယ်။ ရုံးရောက်လို့ ဓါတ်လှေကားထဲက ထွက်တယ်ဆိုတာနဲ့ပဲ ကောင်လေးတစ်ယောက်က ကျွန်မကို ပြုးတူးပြဲတဲလေး စကြည့်တယ်။ သြော် ငါ လှလို့ပေါ့လေ.. ဟဲဟဲ။ Reception ကိုရောက်လို့ Attendance မှာ လက်မှတ်ထိုးမယ်လုပ်ပြန်တော့ နောက်ထပ် ကောင်မလေးတစ်ယောက် သေချာကြည့်ပြန်တယ်.. ပြီးတော့ ကျွန်မတို့ Marketing Department ထဲကိုလည်း ထပ်လှမ်းကြည့်လိုက်ပြီး ကျွန်မကို ပြန်ကြည့်တယ်။ အင်း ဘာလို့များ ဒီလောက်တောင်ြ့ကည့်ရတာလဲကွယ်.. ပေါ့လေ။ အဲ.. လက်မှတ်ထိုးနေတုန်းမှာပဲ အခန်းထဲက ကောင်လေးတစ်ယောက် စအော်တယ်.. မထက် အရောင်မှားလာတာကိုးတဲ့… အဲဒီတော့မှ ကျွန်မ ကျန်တဲ့သူတွေကို လိုက်ကြည့်တော့.. ဟုတ်ပါရဲ့ အကုန်လုံး အနက်ရောင်တွေ ၀တ်ထားကြတယ်.. သေစမ်းကွာ လို့ဆိုပြီး ကျွန်မ လက်မှတ်ထိုးပြီးပြီးချင်း အိမ်ကို အ၀တ်ပြန်လဲဖို့ စီစဉ်တယ်။ လပြည့်ဝန်း ပလာဇာရှေ့က တက်ကစီ သမားကို လှည်းတန်းဘယ်လောက်လဲမေးတော့ 2500 တဲ့။ ဦးလေးရယ် 4000 ထားပါ အသွားအပြန် ငှားပါ့မယ် ဆိုတော့ အိုကေ ဆိုပြီး အိမ်ကို အင်္ကျီလဲဖို့ တက္ကစီနဲ့ ကြွလာပါရော။ အိမ်ရောက်တော့လည်း ၀ုန်းဒိုင်းကျဲပြီး အင်္ကျီလဲ၊ ဘာမှတောင် မပြောနိုင်ဘူး ချက်ချင်းပဲ ပြန်ထွက်၊ အိမ်ကလူတွေကတော့ ကြောင်တောင်တောင်နဲ့ ကြည့်ကျန်ခဲ့လေရဲ့။ နောက်တော့ တက္ကစီသမားကိုလည်း အမြန်ဆုံးမောင်းခိုင်းရတယ်။ မဟုတ်ရင် ရုံးကို အရောက်နောက်ကျပြီး ယူနီဖောင်းမှားဝတ်တာသာ သိလို့ကတော့ MD ဆူတာလည်း ခံရတော့မှာကော။ ဒီလိုနဲ့.. ကံကောင်းထောက်မစွာ နာရီဝက်အတွင်း ရုံးပြန်ရောက်၊ ဟန်မပျက် ရုံးတက်ခဲ့သည်ပေါ့လေ။
ညနေရုံးဆင်းတော့ မိုးရိပ်မိုးသားတွေ အုံ့လို့။ မိုးရွာခဲ့ရင် ဆိုတဲ့အတွေးနဲ့ ထီးကိုအသင့်ပြင်ဖို့ ရှာတယ်။ ဒုက္ခပဲ.. ထီးကို ရှာမတွေ့တော့ဘူး။ ထီး ထီး ဘယ်မှာ ကျန်ခဲ့လဲ၊ မနက် အိမ်ကို သွားတုန်းကတောင် ပါသေးတယ်။ အိမ်မှာများ ကျန်ခဲ့တာလာား အာ.. မဖြစ်နိုင်ဘူး။ အိမ်ပေါ်တက်တုန်းက ထီးကို တက္ကစီပေါ်မှာ ထားခဲ့တယ်.. ဟာ.. သွားပြီ ထီး ကားပေါ်ပါသွားပြီ။ မိုးရွာရင်တော့ စိုပြီပဲ.. ကျောင်းကိုလည်း သွားရအုံးမှာဆိုတော့ မိုးမမိပဲ ရောက်ဖို့ အရေး တို့အရေးဆိုပြီး ကျောင်းသွားဖို့ ကားဂိတ်ဆီ အသော့နှင်တယ်။ ကားဂိတ်ကို သွားတော့ ဒဂုံ (1) အရှေ့က လမ်းကနေ သွားရတယ်လေ။ အဲဒီလမ်းမှာ ပလက်ဖောင်းက ကျောက်ပြားတွေကို ဒီအတိုင်းချထားတာ၊ ကျိုးတိုကျဲတဲနဲ့ ကျောက်ပြားနှစ်ခုကြားမှာ လွတ်နေတဲ့ နေရာလေးတွေရှိတယ်။ စီးထားတာကလည်း ဒေါက်ဖိနပ် ချွန်ချွန်လေးရယ်၊ လမ်းကိုလည်း အလျင်စလို မြန်မြန်လျှောက်လိုက်တာ ကံဆိုးချင်တော့ ဒေါက်က အဲဒီကြားကို စွပ် ဆိုဝင်သွားပါလေရော။ လူကလည်း လမ်းလျှောက်နေရင်းကနေ ဟပ်ထိုးကြီး အရှေ့ကို လဲတော့မလို ဖြစ်သွား၊ အဲနားမှ ညနေဘက် ဂစ်တာတီးနေတဲ့ ကောင်လေးတွေကလည်း လှည့်ကြည့်၊ ကျွန်မကလည်း အဲနားမှာ ထိုင်ရမလို ထရမလို ဖြစ်သွားတာပေါ့။ ဒေါက်ကလေးကို အသာလေးမပြီး ဟန်မပျက်အောင် ထုတ်ကြည့်တယ်။ မရဘူး။ နောက်တစ်ချက် နည်းနည်းလေး အားစိုက်တယ်.. မလွတ်ပြန်၊ နောက်ထပ် အားနည်းနည်း ထပ်ထည့်တယ်.. လုံးဝမရ။ ကဲ.. ဒီလောက်တောင် ဖြစ်လှတာ ရှုပ်တယ်ဆိုပြီး သေသေချာချာထိုင်လို့ ဒေါက်ကို ပြန်နုတ်ရတယ်.. ရှက်လိုက်တာလည်း သေတော့မယ်။ အဲကတည်းက အဲဒီ ယောမင်းကြီးလမ်းကို လျှေက်တိုင်း ကျွန်မမှာ ပစ္စည်းပျောက်ရှာတဲ့ သူလို အောက်ကို သေချာကြည့်ပြီး လျှောက်ရတယ်.. ဒေါက်ညှပ်မှာ စိုးလို့။
စီးရတဲ့ ကားကလည်း (3) ကား ပုပုလေးကို အသေတိုးတက်ပြီး စီးရတာ။ ကားလာလို့ တက်နေတုန်းမှာပဲ လက်မှာ ကိုင်ထားတဲ့ စာအုပ် လွတ်ကျလို့ ပြန်ဆင်းပြီးကောက်ရပြန်တယ်။ ရေစပ်နားကို ကျသွားလို့ စာအုပ်လည်း ညစ်ပတ်သွားသည်ပေါ့။ အဲလိုနဲ့ ဆင်းရမယ့်မှတ်တိုင်ကိုရောက်လာ၊ ကားပေါ်က အဆင်းမှာ စာအုပ်က ထပ်ကျပြန်တယ်။ နည်းနည်းလည်း မှောင်စပြုလို့ ကျောင်းလည်း နောက်ကျစပြုပြီ။ ဆရာဝင်နေတော့မယ် ဆိုတဲ့အတွေးနဲ့ ကျောင်းကို အသော့နှင်.. ဖိနပ်က ရေစိုပြီး ချောနေလို့ မြန်မြန်လမ်းလျှောက်လို့လည်း မရ။ ခြေထောက်က ချောချောနဲ့ အရှေ့ကို ချော်ထွက်သွားလို့ လဲမလိုဖြစ်ရတာလည်း ခဏ ခဏ။ ဒီလိုပါပဲ လိမ်ဖယ် လိမ်ဖယ်လျှောက်ရင်း ကျောင်းကို 15 မိနစ်လောက် နောက်ကျပြီး ရောက်လာတော့ Reception က အမကပြောတယ် ဒီနေ့ ဆရာကြီး မလာလို့ အတန်းဖျက်လိုက်ပြီ သူများတွေတောင် ပြန်ကုန်ကြပြီတဲ့။ ဟာာာာာာာာာာာ အဲလိုမှန်းသိရင် ဖတ်ဖတ်မောအောင် လျှောက်မလာပါဘူးကွာ လို့တွေးပြီး စိတ်တိုတိုနဲ့ ပြန်ဆင်းလာခဲ့တယ်။ သိတယ်မလား MHR က သံဈေးမှာဆိုတော့ အောက်ရောက်ရင် အနံ့ကလည်း နံသေး။
အဲလိုနဲ့ အပြန်လမ်းမှာ မိုးဖွဲဖွဲလေး စရွာတယ်။ ဘတစ်ကားပေါ်ရောက်တော့လည်း မိုးရွာတုန်းပဲ။ လှည်းတန်းရောက်တော့ မိုးက တော်တော်သဲနေပြီ။ မတတ်နိုင်ဘူးလေ ထီး မှ မရှိတော့တာကို.. မိုးရေထဲမှာ ဒီအတိုင်း အစိုခံပြီး လျှောက်လာခဲ့ ရတဲ့ အဲဒီနေ့ကိုတော့ တွေးမိတိုင်း အသဲနာတယ်ရှင်။
6 comments:
ဗရုတ်သုတ်ခ ကျရတဲ့ နေ့ကို လာဖတ်သွားပါတယ်။ တွေးမိပါတယ် ဒေါက်ဖိနပ် ညပ်တဲ့ ကိတ်စက တော်တော် အခက်တွေ့စေမှာပါ :)
၁၊လှည်းတန်းဘယ်လောက်လဲမေးတော့ 2500 တဲ့။
၂၊ ဦးလေးရယ် 4000 ထားပါ အသွားအပြန် ငှားပါ့မယ်
၃၊ကားကလည်း (3)ကား ပုပုလေး
၎၊ကျောင်းကို 15 မိနစ်လောက် နောက်ကျပြီး ရောက်လာတော့ Reception က အမကပြောတယ်
ှုIf you write all in Myanmar words there will be more interesting cuz you are a good writer, by the way please don't copy a girl from London(SMNTL) :D
ဟုတ်ပါ့ မိုးသောက်ယံရေ.. ခုတောင် ကြုံရင် ကြုံသလို ညှပ်တုန်း..
အေးချမ်းရေ.. ကျွန်မ ဘယ်သူ့ ဘလောဂ့်ကမှ ကော်ပီ မကူးဖူးတာ ခုချိန်ထိပါ.. ကူးခဲ့ရင်လည်း အမြဲတမ်း credit ပေးပါတယ်။ ပြီးတော့ SMNTL ရဲ့ ဘလောဂ့်ကို မဖတ်ဖြစ်တာ တော်တော်လေးကို ကြာပေါ့ရှင်
ဒေါက်ဖိနပ်ဆွဲနှုတ်နေမယ့်ပုံကို မြင်ယောင်သား :P
နောက်ဆို ရုံးသွားရင် sliper ဖိနပ်စီးသွားပြီး ဟိုရောက်မှ ဒေါက်ဖိနပ်ပြောင်းစီးလေး)
ပိုးဂင့်တို့ကတော့ ဖစ်ရမယ် အရာရာနဲ့အကြောင်းကြောင်းဆိုသလို
ဘိုင်ဒဝေး ယူနီဖောင်းစကတ်က ဘယ်လောက်ထိတိုပြီး ဘယ့်ဂလောက်လှသတုန်းဟင် ဖလမ်းဖလမ်းထအောင်တောင် ၀တ်ချင်လှချည်ရဲ့ဆိုလို့ စိတ်ဝင်စား၏ ယူနီဖောင်းဝတ်နဲ့ပုံလေးရိုက်ပီး တင်ထားပေးဦးလေ လာကြည့်မို့ :)
အမလေး မလုပ်ပါနဲ့ မမီရယ်.. ဘလောဂ့် hit တွေ တက်နေတာ ထပ်တော့ မလျော့ပါရစေနဲ့
Post a Comment