Monday, January 19, 2009

My Wonderful January!

ဇန်န၀ါရီလ…..

 

ချမ်းသည်၊ စိမ့်သည်၊ ဆောင်းနှောင်းကာလ ဖြစ်သောကြောင့် ဆောင်းကြွင်း ဆောင်းကျန်များကို အစွမ်းကုန် ခါချသော အိပ်ရာထဲမယ် ကွေးစရာ ကောင်းလှသည့် ရာသီလည်းဖြစ်သည်။ ကောင်းကင်တွင် တိမ်ကင်းစင်သည်။ ရာသီဥတု ကြည်လင်သည်။ ကြယ်တာရာများ စုံလင်သည်။ ညိုပြာညက်ရောင် ခွာညိုပန်းပွင့်သည်။ ရှေးမြန်မာခေတ်က  မြင်းခင်းသဘင်ပွဲ ကျင်းပရာလလည်း ဖြစ်သည်။ ဆယ့်နှစ်လရာသီ၏ အသာယာဆုံး လတစ်လထဲတွင် တစ်လအပါအ၀င်ဖြစ်သည်။

 

လွန်ခဲ့သော (25) နှစ်ခန့်က ထိုကဲ့သော သာယာသော၊ ချမ်းအေးသော၊ ကြယ်တွေစုံသော ဇန်န၀ါရီလ၏ ညနေခင်းတစ်ခုမှာ ကျွန်မ လူ့လောကကို စတင်ရောက်ရှိခဲ့သည်။ မိန်းမ ပြာသို၊ ယောင်္ကျားဝါဆိုလို့ အဆိုရှိတဲ့အတိုင်း ပြာသိုလမှာ မွေးတဲ့ မကာရ ရာသီဖွား ကျွန်မဟာ နည်းနည်းတော့ ထူးသလိုလို ရူးသလိုလို ရှိခဲ့သားရှင်။ ကျွန်မ နောက်သလိုလို၊ အတည်လိုလိုပြောနေကျ စကားတစ်ခွန်းရှိတယ်။ 19 ရက်နေ့ဖွားတွေဟာ ထူးခြားတယ်။ ဘာကြောင့်လဲဆိုတော့ (1) ဂဏန်းသမားတွေ မို့လို့လေ။ (ဆိုင်လည်း မဆိုင်ဘူး)။ သြော် ကျွန်မက ဇန်န၀ါရီလ (19) ရက်နေ့မှာ မွေးတာကိုးရှင့်… ကိုယ်မွေးတဲ့ရက်ကိုမှ ကိုယ်မထူးခြားဘူးပြောရင် ဘယ်နေ့ကို ထူးခြားတယ်လို့ ပြောမလဲနော်။ ထားပါတော့.. ထိုကဲ့သို့ ဇန်န၀ါရီ (ပြာသို) လတွင်မွေးသော၊ မကာရ ရာသီဖွား ကြာသပတေးသမီး ဖြစ်သော၊ ကိုယ့်ဟာကိုယ်တောင် နားလည်ရခက်သော၊ အူကြောင်ကြောင်နိုင်သော၊ အရွဲ့တိုက်ခြင်းကို ၀ါသနာပါသော၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲတတ်သော၊ ဘလောဂ့်တစ်ကို ပိုင်ဆိုင်သော ကျွန်မဟာ ဒီနေ့ ဇန်န၀ါရီလ 19 ရက်နေ့မှာတော့ 25 နှစ်တင်းတင်းကို ပြည့်သွားလေပြီ။ ကိုသင်ကာ ပြောသလို အပျိုကြီးစာရင်း ၀င်ပြီပေါ့နော်။ ဖိုးသူတော် ပြောသလို အပျိုကြီး ဖားဖားဖြစ်ပြီ (ဖားဖားဆိုတာ ဘာလဲတော့ ကျွန်မလည်း မပြောတတ်) မဂျစ်တို့ မမီတို့ ခြေရာနင်းရတော့မယ် ထင်တယ်ရှင့်….. :P

 

25 နှစ်မှာ အလုပ်နည်းနည်းပိုများ လာတာကလွဲလို့ ဘာမှ မထူးခြားပါဘူး။ 24 နဲ့ 25 ကြားဘယ်လို ဖြတ်သန်းခဲ့လဲ ဆိုတာကတော့ ဒီပိုစ့်ကို ဖတ်ရင်လည်း သိနိုင်ပါတယ်။ ကျွန်မက နှစ်အစမှာ မွေးတာကိုးရှင့်။ သြော………. ထူးခြားတာတော့ တစ်ခုရှိတယ်….ကိုယ့်ဟာကိုယ် မချစ်တတ်ဘူးလို့ထင်ခဲ့တာ.. ခုမှ တော်တော်ကြီးကို ချစ်တတ်သွားမှန်း သိတော့တယ်။ (မေးခွန်းတွေ လာမမေးနဲ့ မပြောဘူး)။

 

သူငယ်ချင်းတွေနဲ့တော့ ပိုဝေးသွားတယ်… အွန်လိုင်းမှာချည်းပဲ အချိန်ကုန်ဖြစ်လို့ ထင်တယ်။ မီဒီယာမှာသာ လုပ်နေတာ… ဂျာနယ်လေး၊ မဂ္ဂဇင်းလေးတောင် ကောက်မကိုင်ဖြစ်ဘူး…. ဒါလည်း အွန်လိုင်းကြောင့်ပဲ။ စာတွေ လိုက်ဖတ်နေရတာထက်စာရင်.. အရင်ကထက် Google ကိုပိုသုံးဖြစ်လာတယ်..။ ဒါပေမယ့် စာအုပ်တွေတော့ ပိုပိုဝယ်ဖြစ်တယ်… ဖတ်ပြီးသားတွေကော၊ မဖတ်ရသေးတာတွေကော၊ ညီမတွေကို ပေးဖတ်ချင်လို့။ သေခြင်းတရားကို ဆင်ခြင်မိတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဟိုနေ့ကလည်း ရေဝေး ရောက်လိုက်သေးတာကိုး။ နာရေးတစ်ခုကို လိုက်ပို့တာလေ။ ကျွန်မ ပထမဆုံးအကြိမ် ရေဝေးကို ရောက်ဖူးတာပဲ။ အလောင်းတွေလည်း ဆက်တိုက်ကို မီးသဂြိုဟ်ဖို့ လာနေကြတာပဲ။ ကိုယ့်အလှည့်လည်း တစ်နေ့ရောက်လာမှာပေါ့။

 

မွေးနေ့မရောက်ခင်ကတည်းက 3 ရက်လောက် အလိုကတည်းက သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်တယ်။ အစောဆုံး Wish လုပ်တဲ့သူ ဖြစ်ချင်လို့တဲ့။ နောက်သူငယ်ချင်း တစ်ယောက်က Birthday Card ပို့တယ်.. ငါ အစောဆုံး မဟုတ်လားတဲ့။ နောက်ကျသွားပြီကွယ် လို့။ မနေ့ကတည်းက ကြိုဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်တယ်။ မနေ့ကဆို အိမ်ကလူတွေ ည 12 နာရီကျော်တဲ့အထိ မအိပ်ပဲစောင့်ပြီး Happy Birthday လုပ်ကြတယ်။ ပျော်လိုက်တာ။ ဖိုးသူတော်နဲ့ ကိုမျက်စိက မွေးနေ့အကြိုဆိုပြီး စားသောက်ဝိုင်းလေး လုပ်ပေးတယ်။ အဲဒီတုန်းက ရီရသေးတယ်။ ဖိုးသူတော်က သူတို့သောက်နေကျ မြေနီကုန်းက ဆိုင်ကို သိတယ်မဟုတ်လားတဲ့။ အဲဒီကိုပဲ လာခဲ့လိုက်ပြောတော့ ကျွန်မကလည်း အိုကေဆိုပြီး ကိုညီလင်းဆက်နဲ့ တူတူသွားကြတယ်။ သူကလည်း ရုံးကိုရောက်နေတော့ အဖော်ရသွားတာပေါ့။ မြေနီကုန်းလည်းရောက်ရော ဆိုင်ကို သေချာမမှတ်မိတော့ဘူး။ ဒါနဲ့ပဲ ဒီဆိုင်လားမသိဘူး ဆိုပြီး နှစ်ယောက်သား ၀င်ထိုင်ကြပါရော။ အဲလိုနဲ့ ကျွန်မ Star Cola သောက်တယ်၊ သူက ပါဝါ သောက်ပြီး စကားများရင်း ထိုင်စောင့်ကြတာပေါ့။ အရက်ဆိုင်မှာနော်.. အအေးတွေ ထိုင်သောက်နေကြတာ။ အဲလိုနဲ့ 15 မိနစ်လောက် ကြတဲ့အထိ ဘယ်သူမှ ပေါ်မလာဘူး။ ညည်းကို ချိန်းထားတာ သေကော သေချာရဲ့လားဟာ၊ ဆိုင်များမှားနေလား ဆိုပြီး ပြောနေတုန်းမှာပဲ ဖိုးသူတော်ကို လှမ်းတွေ့လိုက်တယ်။ ဟာ.. ဘာလို့ဒီမှာထိုင်နေကြတာတုန်း.. ထိုင်နေကျဆိုင်ပါဆို မသိဘူးလားတဲ့။ ထိုင်နေကျက ဒီဆိုင်လေး မဟုတ်ဘူးလားလို့လည်း ပြောရော နေအုံးဆိုပြီး ဖိုးသူတော်က ဟိုဘက်ခဏ ထွက်သွားလိုက်တယ်။ ခဏနေတော့ ပြန်လာပြီး ကိုမျက်စိတောင် မှာထားနှင့်ပြီး ရောက်ပြီးနေလို့တဲ့ ကျွန်မတို့ကို ပြန်လာခေါ်တာ။ အဲလိုနဲ့ နှစ်ယောက်သား ရှက် ရှက်နဲ့ အရက်ဆိုင်မှာ အအေးသောက်ပြီး ဖိုးသူတော်နောက်ကို လိုက်ကြလေသတည်းပေါ့။ ရီလိုက်ကြတာ.. အရက်ဆိုင်မှာ အအေးမှာသောက်တာကို။ ဆိုင်လေး တစ်ခါပဲ မှားမိပါတယ်.. ပြောလို့ကို မပြီးတော့ဘူး။ ကိုညီလင်းဆက်၊ ကိုမျက်စိ၊ ဖိုးသူတော်၊ အောင်မျိုးဟန် တို့လာကြတယ်။ သူတို့က ထိုင်သောက်.. ကျွန်မကတော့ ထိုင်စားပေါ့။ ကိုဂေါက်ကလည်း ခါးနာနေတယ်၊ တိုလီကလည်း မအားဘူးတဲ့။ စိုးဇေယျကိုလည်း ချိတ်လို့ မရတော့ 5 ယောက်ထဲနဲ့ပဲ ပွဲစည်လိုက်ကြတယ်။ ကျွန်မရဲ့ မွေးနေ့မရောက်ခင်ကတည်းက မွေးနေ့အငွေ့ အသက်တွေလွှမ်းခြုံလို့….။ ကိုနေဘုန်းလတ်ကို သတိရတယ်။ မမီကိုလည်း လွမ်းမိတယ်။ ဘာညာကလည်း ပေါ်မလာဘူး။ မနှစ်တုန်းကဆို ဖိုးချမ်းတို့၊ မျိုးကျော်ထွန်းတို့လည်း ပါကြသေးတယ်။

 

အစတုန်းကတော့ မွေးနေ့ အမှတ်တရ အနေနဲ့ Feeling 25 ဆိုပြီး တွေးမိသမျှလေး ချရေးမလို့ပဲ။ တွေးမိတာ တော်တော်များသွားတော့ မှတ်တမ်းတင်လို့ မလိုက်နိုင်ဘူး ဖြစ်သွားတယ်လေ။ ဒါကြောင့် ဘာရယ် ညာရယ် မဟုတ်တဲ့ ကပေါက်တိ ကပေါက်ချာ ဒီလိုဟာလေးပဲ ရေးလိုက်ပါတယ်။ ဒီလိုပါပဲ.. မွေးနေ့ရောက်လာတော့လည်း အသက်တစ်နှစ်ပိုကြီးသွားတာပေါ့။ ဘ၀အတွက်တော့ ပျင်းတာလေးကိုလျှော့ပြီး တော်တော်ကြိုးစားရအုံးမယ်။ တစ်ခုတော့ရှိတယ်.. ပိုက်ဆံတွေ၊ အချစ်တွေ၊ အလိုရမ္မက်တွေ ဆိုတာ စိတ်ချမ်းသာဖို့လောက် အရေးမကြီးဘူး။ စိတ်ဆိုတာ ထားတတ်ရင်လည်း ချမ်းသာနေတာပဲ။

13 comments:

JulyDream said...

မွေးနေ့ဆုတောင်းလေးကတော့...
ယောကျာ်းမြန်မြန် ရပါစေကွယ်။ ချစ်သူရပါစေဆို အချိန် ကြာနေအုံးမယ်။ အသက်က ငယ်တော့တာ မဟုတ်ဘူးလေ။ ဒါကြောင့် ဆုကို တဆင့်ကျော် ပေးလိုက်တာပါ။ Jump promotion ပေါ့ကွာ။ ဟဟ...

MgThaJan said...

စိတ်ချမ်းသာ ကိုယ်ချမ်းသာ မှုတွေအမြဲ ပိုင်ဆိုင်နိုင်ပါစေ။

Thinzar said...

25 ဆိုတော့ ငွေရတုပေါ့။ ပျော်ရွှင်သောမွေးနေ့ ဖြစ်ပါစေ :)

Htoo Tay Zar said...

၂၅ နှစ်ပြည့်မွေးနေ့မှာ ပျော်ရွှင်ပါစေ အမ =)

May your dreams come true!!

lovelessguiter said...

မပင်ဂိုးရဲ့ ၂၅ နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အပျိုကြီးဘ၀နဲ့ နိဂုံးမချုပ်ပါစေနဲ့ ဗျား ......။:P

strike said...

ဥစ္စာပေါ ရုပ်ချော ကိုယ့်ကိုချစ်ခင်နှစ်သက်သူနဲ့အမြန်
တွေ့ပါစေပေါ့ :D

Anonymous said...

Happy Birthday မပင့်... ပြာသို လ ကြာသာပတေးသား လကော ရက်ပါ တူတယ်း)

Unknown said...

Happy Birthday! :)

Pinkgold said...

ကျွန်မ မွေးနေ့မှာ လာရောက်ဆုတောင်းပေးကြသူများ အားလုံးကို ကျေးဇူးအထူး တင်ပါတယ်ရှင်

khin oo may said...

့happy birthday

Tesla said...

ပျော်ရွှင်ဖွယ် မွေးနေ့ ဖြစ်ပါစေ.. အသက် တစ်ရာပေါင်း ဆယ့်နှစ်ခါ ရှည်ပါစေ.. ယောင်္ကျားပေါင်း.. အဲ.. ကောင်းကောင်းနဲ့ ရပါစေ.. :P.. (ဆုတောင်းတာ ငါ နောက်ဆုံးမလား.. ဟင်း ဟင်း .. ဘယ်ရမလဲ..)

pandora said...

ဂျူလိုင်ဒရင်း ပြောသလိုပဲ ဆုတောင်းလိုက်မယ်။ ဟဲဟဲ။

ပျော်ရွှင်ပါစေ ပင့်ဂိုးလ်ရေ

MELODYMAUNG said...

sis yei, အလုပ်နဲ့နပန်းလုံးနေတာနဲ့ မေ့ဖြစ်သလိုဖြစ်သွားတာ ဆော်တီးဝေ့
နာ့ကိုလဲသတိရသေးတယ်ဆိုလို့ ဝမ်းသာပြီးပြန်သွားတယ်နော် :-)