Thursday, January 8, 2009

If you see your boyfriend walking with another girl....!!

မိန်းကလေး စုမိပြီဆိုလျှင် ဟိုရောက် ဒီရောက် စကားများတတ်တာ သဘာဝ။ ဖက်ရှင်အကြောင်း၊ အစားအသောက်တွေအကြောင်းကနေ သမီးရည်းစားတွေ အကြောင်းထိ ပြောတတ်ကြသလို၊ မိန်းမချင်းချင်း ပွင့်ပွင့်လင်းလင်းတွေလည်း ဆွေးနွေးတတ်ကြတာပေါ့။ ဒီလိုပါပဲ.. ဟိုနေ့က သူငယ်ချင်းတွေ စုမိပြီး ထွေရာလေးပါ စကားများဖြစ်ကြတယ်။ စလိုက်တာကတော့ ငါအခု ဘာကျောင်းတက်နေတယ်၊ ဒါပြီးရင် ဘာဆက်လုပ်မယ် ဆိုတာကိုတော့ စပြောကြတာပဲ။ နောက်တော့ ဘယ်သူက ဘယ်လိုစပြီး ပြောလိုက်တယ် မသိဘူး.. အချစ်အကြောင်း ရောက်သွားလေရဲ့။

ယောင်္ကျားတွေက မကောင်းဘူးလို့ ပြောပြီး အဲဒီ ယောင်္ကျားတွေနဲ့ ကင်းကင်းမနေနိုင်ကြတာဟာလည်း မိန်းမတွေပါပဲရှင်။ သြော် အလုပ်ထဲမှာ၊ ကျောင်းမှာ၊ စီးပွားရေး လုပ်တဲ့နေရာမှာလည်း ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်းရတယ် မဟုတ်လားရှင့်။ အိမ်မှာတောင် အဖေတွေ မောင်လေးတွေ ရှိတတ်ကြသေးတယ်လေ.. ဟုတ်တယ် မဟုတ်လား။ အဲလို အဲလိုနဲ့ ပြောနေကြ ဆိုနေကြတုန်း မေးခွန်းလေး တစ်ခုထွက်လာလို့ ကျွန်မ အားလုံးသော သူငယ်ချင်း မိန်းကလေးများကို မေးလိုက်မိတယ်။

"ကိုယ့် ချစ်သူကို နောက်ကောင်မလေး တစ်ယောက်နဲ့ လမ်းမှာ တွဲလာနေတာကို တွေ့ရင် ဘာလုပ်မှာလဲ" လို့! ကျွန်မပြောတဲ့ နောက်ကောင်မလေးက သူတို့ရဲ့ နောက်ရည်းစား တစ်ယောက်ကို ပြောတာပါ။

အဖြေတွေကတော့ အမျိုးမျိုးပါပဲ…..

"ငါ သာဆိုရင်တော့ အဲနေရာမှာတင် ပွဲက ပြတ်သွားမှာ"

"တွေ့ကြည့်လိုက်လေ.. ပြုံးပြုံးကြီး ကြည့်ပေးလိုက်မယ်.. နေနှင့်အုံးပေါ့ကွာ ဆိုတဲ့ ပုံစံနဲ့"

"အမလေးလေး ငါးလောင်းပြိုင် လူသတ်မှုထက်ကို ဆိုးသွားမှာ ဘာမှတ်တုန်း"

"ငါသာဆိုရင် သွားနုတ်ဆက်ပြီး မိတ်ဆက်ပေးအုံးလေလို့ ပြောမိမှာပဲ"

"ကိုယ့်ရည်းစားကိုတော့ ဘာမှ မလုပ်ပါဘူးအေ.. အဲဒီမိန်းမကို ပါးသွားချလိုက်မယ်" (ဘုရား၊ ဘုရား)

ကိုယ်စတဲ့ မေးခွန်းက နောက်တော့လည်း ကိုယ့်ဘက်ပြန်လှည့်လာရော…."နေပါအုံး နင်ဆိုရင်ကော ဘာလုပ်မှာတုန်း"

ကျွန်မဆိုရင်ကော ဘာလုပ်မှာလဲ… ????????? တစ်ကယ်လို့များ ကိုယ်ချစ်ရတဲ့ ယောင်္ကျားတစ်ယောက်က ကွယ်ရာမှာ နောက်ကောင်မလေးတွေနဲ့ ရှုပ်နေတာကို သိခဲ့ရင်၊ မတော်တဆ လမ်းမှာ သူတို့နဲ့ တွဲသွားတာနဲ့ ဆုံခဲ့ရရင် ကျွန်မ ဘာလုပ်မိမှာလဲ။ ကျွန်မသူတို့ကို တစ်ကယ့်စိတ်ခံစားချက်အတိုင်း အဖြေပေးလိုက်ပါတယ်။

"ငါ သာဆိုရင် ပြေးပုန်းမှာ..၊ ငါ ချစ်တဲ့လူ ပျော်ဖို့အတွက် ငါ ဘာတွေပဲ သိထား သိထား၊ မသိသလိုပဲ နေပေးမှာပေါ့။ ထားခဲ့ရင်တောင် ကျေကျေနပ်နပ်ကြီး နေခဲ့လိုက်အုံးမယ်"

ကျွန်မလို မိန်းမမျိုးလည်း လောကကြီးမှာ တော်တော်များများ ရှိကြမှာပါ။ ရှိမယ်လို့ ယုံကြည်တယ်။ မိန်းမတွေကို နားလည်ရခက်တယ်လို့ ယောင်္ကျားတွေက ပြောကြတယ်။ ဒါဆိုရင် သူတို့တွေရဲ့ နားလည်မှု စွမ်းရည်တွေ နည်းနေလို့ပေါ့ရှင်။

9 comments:

Anonymous said...

အဲလို ပြောသလိုလုပ်ဖို့တော့ လက်တွေ့မှာ နည်းနည်းခက်လိမ့်မယ်။ သွေးအေးတဲ့သူဆိုရင်တော့ တမျိုးပေါ့လေ...

ယောင်္ကျားတွေဘယ်လောက် မိန်းမအကြောင်းသိလည်း သိချင်ရင် Cindy Cashman ရေးတဲ့ Everything Men Know About Women ဆိုတဲ့ စာအုပ်ကိုဖတ်ကြည့်ပါလား :P
khinoomay77.blogspot.com မခင်ဦးမေကိုတောင် ဖတ်ခိုင်းထားသေးတယ်...

Anonymous said...

အဲလိုမျိုးပုံစံမျိုးနဲ့များ လမ်းမှာဆုံခဲ့ရင်..
ပက်ပင်းတိုးတော့လည်း သူမြင်အောင် ကြည့်ပေးလိုက်မှာပေါ့...ဒေါသတော်တော်ဖြစ်မိမှာ မှန်ပေမယ့်..ဘာမှဆိုးဆိုးဝါးဝါးတော့ လုပ်မိမယ်လို့ မထင်သလို..ပြေးပုန်းပြီး ရှောင်နိုင်မယ်လို့လည်းမထင်ဘူး..
အဲလိုတကယ်ဖြစ်ခဲ့ရင်လည်း နောက်ပိုင်းမှာ သူနဲ့လည်း ဇာတ်လမ်းဆက်ဖို့ အကြောင်းရှိနိုင်တော့မယ် မထင်ပါဘူး..

Anonymous said...

ငါ့တုန်းကတော့သူတို့ကသူငယ်ချင်းတွေဆိုတော့
ဘာမှပြောလို့မရဘူးဟ
တကယ်တန်းလဲဘာမှမပြောချင်ပါဘူး
ကိုယ့်မချစ်လို့နောက်တစ်ယောက်တွဲမှတော့ လမ်းခွဲရုံပေါ့ကွာ

Anonymous said...

အဟေဟေဟေ
ဒီလိုမိန်းကလေးမျိုးကို
ရှာနေတာဗျာ ဟီး
ဟီး

Anonymous said...

အဲလိုမျိုးတွေ့ရင်တော့ အစ်ကိုဘယ်သွားဖို့လဲလို့ နှုတ်ဆက်လိုက်မှာပေါ့.. စိတ်လည်းမဆိုးပါဘူး.. တကယ်ပြောတာ.. ပြီးတော့.. ဟီး.. အမှန်အတိုင်းပြောရရင် နေ့အိပ်မက်အတွက် အဲဒါက ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စဖြစ်နေတယ်.. ပိုတယ်ထင်ရင်လည်း ထင်မှာပေါ့နော်..၊ မဖြစ်သေးလို့တို့ဘာတို့တွေးမိတဲ့သူလည်း ရှိမှာပေါ့... ဒါပေမဲ့...... :P :P

Anonymous said...

ဂျူးရဲ့ အမှတ်တရ ထဲကလိုပေါ့။

Anonymous said...

ဟုတ်တယ် မမပန်..

ဂျူးရဲ့ အမှတ်တရက ထက်ရဲ့ အကြိုက်ဆုံး စာအုပ်တွေထဲမှာ ပါတယ်.. စုစုထွေးကို ရေလည် လေးစားတယ်

Anonymous said...

အိုးးး စုစုထွေးကို လေးစားတဲ့ သူတစ်ယောက်ထပ်တွေ့ပြန်ပြီ။ ခံယူချက်ချင်းတူတယ် သူငယ်ချင်းး)

Anonymous said...

အာာ.. အရမ်းမိုက်တယ် .. အဲလိုနေနိုင်မယ်မထင်ဘူး .. သိတာကိုတော့သိကြောင်းပြောချင်သေးတား)ဆိုးဆိုးဝါးဝါးတော့မလုပ်ပါဘူး .. နငတ်ဆက်ရုံလေးပေါ့ :D