2010.....
ခုတစ်လော ၂၀၁၀ ဆိုတဲ့ ဂဏန်းလေး အကြောင်း ကျွန်မ ခဏ ခဏ တွေးနေမိတယ်။ ၂၀၁၀ ကျရင် ကျွန်မ ဘယ်ဆီ ရောက်နေမလဲ၊ ဘာတွေလုပ်နေမလဲ။ ၂၀၁၀ မှာ လူတွေ ဘာဖြစ်နေမလဲ၊ ဘယ်အရာ နောက်ကို တစ်ကောက်ကောက် လိုက်နေကြမလဲ။ ၂၀၁၀ မှာ နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုတွေ ဘာများ ဖြစ်လာမှာလဲ။ မြန်မာနိုင်ငံကြီးရော ၂၀၁၀ မှာ ဘာဖြစ်နေလိမ့်မလဲ။
သေချာတာကတော့ ၂၀၁၀ ရောက်ရင် ကျွန်မ အသက် (၂) နှစ်လောက် ထပ်ကြီး လာမှာပေါ့။ ဒါကတော့ ပြေးမလွတ်တဲ့ ပြောင်းလဲမှုပဲလေ။ နောက်ပြီး ၂၀၁၀ မှာ နိုင်ငံကြီးမှာ ရွေးကောက်ပွဲ စမယ်ဆိုပဲ။ "အေးချမ်း သာယာ၍ ခေတ်မီ ဖွံ့ဖြိုးပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီးကို စတင်မယ်ဆိုပဲ" (ရှည်လိုက်တာနော်)။ နိုင်ငံရေးတွေ ဘာတွေ ကျွန်မသိပ်တော့ စိတ်မ၀င်စားပါဘူး။ ဘယ်အစိုးရပဲ တက်တက်၊ ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ် ၂၀၁၀ မှာတော့ မူဝါဒတွေ ပြောင်းလဲရတော့မှာပေါ့။ ကျွန်မ စိတ်ဝင်စားတာက မြန်မာနိုင်ငံနဲ့လည်းဆိုင် အာဆီယံနဲ့လည်း ဆိုင်တဲ့ စီးပွားရေး စာချုပ်လေး တစ်ခုဖြစ်တဲ့ AFTA (Asian Free Trade Area) အကြောင်းလေးကိုပါ။
ပြောတာကို ကြားရသလောက် ဆိုရင်တော့ ၂၀၁၀ ကစပြီး အာဆီယံ နိုင်ငံတွင်း အလကား ကုန်သွယ်လို့ရတော့မယ်။ ကုန်စည် စီးဆင်းမှုတွေ လျင်မြန်လာတော့မယ်။ AFTA အရ အကောက်ခွန်နှုန်းထားတွေလည်း ကျဆင်းပြီး နိုင်ငံခြားဖြစ် ပစ္စည်းတွေကို ဈေးနှုန်း သက်သက်သာသာနဲ့ ၀ယ်ယူတင်သွင်းနိုင်တော့မယ် ဆိုတော့ ကျွန်မစိတ်မ၀င်စားပဲ မနေနိုင်ဘူးရှင့်။ ကိုယ့်အတွက် မဟုတ်ပေမယ့် ကိုယ်လုပ်နေတဲ့ ကုမ္ပဏီအတွက်လောက် စဉ်းစားကြည့်ရင်လည်း မဆိုးဘူး မဟုတ်လား။ ပြီးတော့ မြန်မာနိုင်ငံ အနေနဲ့လည်း International Business ထဲကို အစလှမ်းနိုင်မယ့် အခွင့်အလမ်းကောင်း တစ်ခုစတင်လို့ ရလာတော့မှာပေါ့။
ဒီတော့ ကျွန်မ ဥာဏ်မီသလောက်လေး တစ်ချက် တွေးမိတယ်ရှင့်။ Custom Duty "0" ဖြစ်တဲ့ အချိန်မှာ ကျွန်မတို့ နိုင်ငံရဲ့ အဓိက ပို့ကုန်က ဘာတွေ ဖြစ်မလဲ။ နိုင်ငံတစ်ကာကတော့ လာတော့မယ်လေ။ စီးပွားရေး ချဲ့ထွင်ဖို့၊ သူများနိုင်ငံမှာ Investment များများ လုပ်ဖို့၊ ကိုယ့်နိုင်ငံက ထုတ်ကုန်တွေကို နိုင်ငံခြားကို ပေါပေါများများ တင်သွင်းပြီး စီးပွားရှာဖို့။ စီးပွားရေး လမ်းကြောင်းတွေ တော်တော်ပွင့်သွားမယ့် အခြေအနေပါ။ ဒီလို အခြေအနေမှာ မြန်မာနိုင်ငံ အနေနဲ့ ကိုယ်က ဘာမှမသွင်းနိုင်ပဲ၊ သူများ export လုပ်လာတာကိုပဲ ခံပြီး အိတ်ထဲကပဲ ထုတ်နေမလား၊ နိုင်ငံရဲ့ Export အခြေအနေကကော ဘယ်လိုဖြစ်လာမလဲ၊ မြန်မာနိုင်ငံ အနေနဲ့ ဘယ်လို ထုတ်ကုန်မျိုးကို များများ တင်ပို့ကြမှာလဲ။ ဆန်စပါးလား၊ ကျွန်းသစ်လား၊ ကျောက်မျက်လား၊ ကောက်ပဲသီးနှံလား ပြောရအောင် လက်ရှိ အခြေအနေကလည်း တော်တော် အားရစရာ ကောင်းလှတာကို။
ပြီးတော့ International Business ထဲကို ၀င်ရတော့မယ်ဆိုရင် နိုင်ငံအချင်းချင်း နားလည်မှုတွေ၊ ယုံကြည်မှုတွေ စည်းလုံးမှုတွေ ရှိနေရမယ်ထင်တယ်။ ကျွန်မတို့ Business လုပ်တဲ့ နေရာမှာတောင် လန်ဒန် ကုမ္ပဏီတစ်ခုကက လူလည်း မမြင်ဖူး၊ တွေ့လည်း မတွေ့ဖူး ပဲနဲ့ ဒီအတိုင်း email နဲ့ပဲ စာချုပ်တွေချုပ်၊ Bank Account နဲ့ ပိုက်ဆံတွေချေ လုပ်နေကြတာဟာ နားလည်စည်းလုံးလို့ပေါ့။ မြန်မာနိုင်ငံ အနေနဲ့ကော ဘာတွေ ပြင်ဆင်ပြီးပြီလဲ။ နိုင်ငံတွင်းမှာ ထိုးထွင်းကောင်းစားနေတဲ့ Company တစ်ခု နှစ်ကို ခဏဘေးဖယ်ထားပြီး နိုင်ငံလိုက်ကြီးက ဘာတွေလုပ်နေလဲ ဆိုတာကို ကျွန်မစဉ်းစား ကြည့်မိတာပါ။ အင်္ဂလိပ် လက်အောက်က လွတ်လာတာ နှစ် ၆၀ လောက်ရှိပြီ။ ခုချိန်ထိ "ပြည်ထောင်စု မပြိုကွဲရေ" ၊ " တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး" တွေ အော်နေရသေးတဲ့ နိုင်ငံက International ကို ဘယ်လိုများ ၀င်မှာပါလိမ့်။
နောက် တစ် ချက်က ပညာရေးပါ။ ၂၀၁၀ ရောက်လာတဲ့ အချိန်မှာ ASEAN ဒေသတွင်း Vacancy တစ်ခုပေါ်ရင် ဒေသတွင်း နိုင်ငံအချင်းချင်း လှမ်းလျှောက်လို့ရတယ်လို့ ပြောသံလည်း ကြားမိပါတယ်။ စင်ကာပူက Vacancy ကို မြန်မာနိုင်ငံက လှမ်းလျှောက်၊ အင်တာဗျူး၊ ကြိုက်ရင် ခန့်၊ နိုင်ငံခြားသားက အခန့်သားလေး လာလုပ်ပေါ့။ ခု လူတွေ နိုင်ငံခြား ထွက်ကြသလို အမောတကော အလုပ်ရှာစရာ မလိုတော့ဘူးပေါ့။ ဒီတော့ အလုပ်အကိုင် အခွင့်အလမ်းကလည်း တော်တော်လေးကို ကောင်းလာတော့မယ်ထင်တယ်။ အလုပ်အကိုင် အခွင့်အလမ်း ကောင်းလာတဲ့ အချိန်မှာ competition လည်းပိုများလာမယ်။ သူ့ထက်ငါ တော်သူတွေကို လုပ်ငန်းရှင်တွေက ပိုမျှော်လာကြတော့မယ်။ ဘယ်ကျောင်းက ထွက်တဲ့ သူကိုမှ ခေါ်မယ်၊ အလုပ်ခန့်မယ်၊ ဘယ်နိုင်ငံက လူကို ဦးစားပေးမယ်၊ အဲလိုတောင် ဖြစ်လာမလား မသိဘူး။ မြန်မာနိုင်ငံမှာ နေရာကောင်း တစ်ခု လစ်လပ်ရင်လည်း ဖိလစ်ပိုင်လို နိုင်ငံကနေ လှမ်းလျှောက်ရင် လျှောက်နေမှာ။ ပြောလို့တော့ မရဘူး။ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ဒီအချိန်မှာ သူ့နိုင်ငံသား ငါ့နိုင်ငံသား ကြည့်နေတော့မယ် မထင်ဘူး။ တော်ရင် ဘယ်သူ့ကို ဖြစ်ဖြစ် ခန့်လိုက်တော့မှာပဲ ထင်တယ်။
အဲဒီတော့ ကျွန်မတို့တွေ ဒီအခွင့်ကောင်းလို့ လက်မလွတ်ဖို့ ခုကတည်းက ကြိုးစားရတော့မှာပေါ့။ အရည်အသွေးတွေကို တတ်နိုင်သလောက် ဖြည့်ထားရတော့မှာပေါ့။ ဘွဲ့လက်မှတ်တွေ တစ်သီကြီး ရနေနိုင်အောင် ကြိုးစားရတော့မှာပေါ့။ တွေးကြည့်မိတယ်ရှင့်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာ အဆင့်မီ ကျောင်းတွေ၊ တက္ကသိုလ်တွေ ဘာတစ်ခုမှ မရှိဘူး။ ပညာရေး စနစ်ဆိုတာလည်း နာတာရှည် ရောဂါ ဖြစ်နေပြီလေ။ ဒီအတိုင်းသာ ဆက်သွားလို့ကတော့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးရတော့မှာလား။ ဒါမှ မဟုတ် နိုင်ငံခြားက ABE, ACCA, LCCI စတဲ့ စာမေးပွဲတွေကိုပဲ ပိုက်ဆံ အကုန်ခံပြီး ဖြေကြမလား။
နောက်တစ်ခုက Greater Mekong Subregion (GMS) ဆိုတာကလည်း စလာတော့မယ် ဆိုတော့ နိုင်ငံကို Tourism ကနေ ပိုက်ဆံရှာဖို့ အခွင့်အလမ်းကောင်းပေါ့။ ခုတော့ ဒီအခွင့်အလမ်းကောင်းကနေ ပိုက်ဆံရှာဖို့ မဆိုထားနဲ့ နိုင်ငံတကာက လုပ်တဲ့ Travel and Tourism Meeting တွေကို တက်တဲ့ လုပ်ငန်းရှင်တွေကတော့ အင်မတန်မှ မျက်နှာငယ်ရတယ်တဲ့လေ။ မင်တို့ရဲ့ လက်ရှိ အခြေအနေကိုပဲ ကောင်းအောင် လုပ်ကြပါအုံးး.. ရှေ့ဆက်ဖို့ အစဉ်းစားပါနဲ့အုံး ဆိုတဲ့ စကားလုံးမျိုးတွေကို ခဏ ခဏ အပြောခံရလေ့ ရှိတယ်ဆိုပဲရှင့်။
ဘာပဲ ပြောပြော ၂၀၁၀ ကတော့ မကြာခင်မှာ လှလှပပကြီးကို ရောက်လာတော့မှာပါ။ ဘာတွေ ဖြစ်မလဲ ဘာတွေပြောင်းလဲ မလဲဆိုတာကိုတော့ ဇတ်ခုံပေါ်မှာပဲ ရှုစားရတော့မှာပေါ့ရှင်။

6 comments:
တွေးစရာတွေ တော်တော်ပေးတဲ့ ပို့စ်ပဲ။ ညီမရေးတာကို ဖတ်ပြီးတော့ (ဆိုင်မဆိုင်တော့ မသိ...၊) အကိုအောင်သူငြိမ်း ရေးဖူးတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း စာအုပ်ထဲက အချက်အလက် တချို့ကိုတောင် သတိရမိတယ်။ အခွင့်အလမ်းတွေ ပွင့်လာမယ်ဆိုတာကရော...၊ ဘယ်သူ့အတွက်ပွင့်မှာလဲ၊ ဘာတွေ ပွင့်လာမှာလဲ..။ မကြာမီ..လာမည်...မျှော်... ထင်တယ်။
good post. Keep up your international flare to compete with neighbors. It will definitely be good for all.
Pinkgold တွေးထားတာလေး အင်းမတန်ကောင်းပါတယ်။ ကျွန်တော်လည်း တခါတလေ စဉ်းစားမိတယ်။ Free Trade Agreement တွေလုပ်ပါပြီတဲ့ ကျွန်တော်တို့ နိုင်ငံက ဘာတွေပြင်ဆင်ထားပါပြီလဲ။ မဟုတ်ရင်တော့ သူများတွေ လာရောင်းသမျှ အကုန်ဖွင့်ပေးပြီး ကိုယ်ကတော့ ဘာမှပြန်မရောင်းနိုင်ဖြစ်မှာပါ။ တကယ်တော့ မြန်မာနိုင်ငံက အင်မတန်စီးပွားရေးလုပ်လို့ကောင်းတဲ့အနေအထားပါ။ BIMST-EC ထဲမှာလည်းပါတယ်၊ GMS ထဲမှာလည်းပါတယ် ASEAN ထဲမှာလည်းပါတယ်၊ တရုတ်နဲ့လည်း ပြေလည်တယ် ဆိုရင် ဒီအဖွဲ့တွေကြားထဲမှာပဲ ပွဲစားလုပ်စားရင်ပဲ တော်တော်လေး အလုပ်ဖြစ်နေပါပြီ။ ပထ၀ီအနေအထားအရပါ အားသာချက်တွေရှိပါတယ်။
ကျွမ်းကျင်သူတွေကို နေရာပေး သေချာပြင်ဆင်သင့်တဲ့အချိန်ပါ။
လုပ်တတ်ရင် တိုင်းပြည်က အင်မတန်ချမ်းသာမှာပါ။ တိုင်းပြည်ချမ်းသာရင် တိုင်းသူပြည်သားတွင်မက အုပ်ချုပ်သူလည်း ချမ်းသာတာပါပဲ။ အခုတော့…
I have read about AFTA at one of the journal.
I think that one may effects Myanmar from bad side. Becasue only the person who have "Capital" can take this advantage of free trade. So for our counrty business men may facing a great competiation wih ASEAN trader. My opinion is that, If we can't prepare for that AFTA, we will facing a difficulties at 2010.
မပင့်ရေ ကျွန်တော်ကတော့ 2010 မှာ မြန်မာပြည် နွေရာသီမှာ တစ်နေ့ 10နာ၇ီ အပြည့်အ၀မီးရရှိဖို့ပဲ မျှော်လင့်ပါတယ်
အေးဗျာ.. ကြိုးစားရမှာပေါ့...။
Post a Comment