Saturday, May 10, 2008

What Do We Need To Kick Nargis....?????

မုန်တိုင်းမလာခင် တစ်ရက်ကတော့ အွန်လိုင်းမှာ သတင်းတွေ ပြန့်နေတယ်။ အင်အားကြီးမုန်တိုင်း တစ်ခု ရန်ကုန်ကို ၀င်လိမ့်မယ်တဲ့။ ဂျီတော့ တက်တော့လည်း နိုင်ငံခြားက သူငယ်ချင်း အသီးသီးက သတိပေးကြတယ် မုန်တိုင်းမွှေတော့မယ် သတိထားနေတဲ့။ လူက ပိန်ပိန်နဲ့ လေနဲ့ ပါသွားအုံးမယ်တဲ့။ စိတ်ထဲကတော့ ဘယ်လောက် အင်အားကြီးတဲ့ မုန်တိုင်းများ ဖြစ်မလဲ၊ မိုင် ၈၀ လောက်ကတော့ ကျွန်မတို့ ရခိုင်ကမ်းမြောင်ဒေသက လူတွေအတွက်တော့ အေးဆေးပဲ လို့ပြောလို့ရတဲ့ အခြေအနေပါ။ ရခိုင်သူ ရခိုင်သားတွေက မိုးတစ်တွင်းမှာ မုန်တိုင်းပေါင်း မြောက်မြားစွာနဲ့ ကြုံရတာ မဟုတ်လား။ အဲတော့ ခုလာမယ်ဆိုတဲ့ မုန်တိုင်းကိုလည်း ရှင်းရှင်းပြောရရင် မလာခင်ကတော့ သိပ်မကြောက်မိဘူးရှင့်။ ပိုဆိုးတာက မြန်မာ့အသံတို့၊ မြ၀တီတို့လို့ Gov Media တွေကလည်း ဘာမှ မကြေငြာထားတော့ ဘာကိုပူလို့ ပူရမယ်မှန်းလည်း မသိလိုက်ဘူးလေ။ သောကြာနေ့ထင်ပါရဲ့.. ရုံးမှာလည်း မုန်တိုင်းသတင်းတွေ ပြန့်နေတယ်။ ကိုညီလင်းဆက်ကလည်း ရန်ကုန်ကို ဦးတည်လာနေတဲ့ မုန်တိုင်းပုံဆိုပြီး ရုံးတွင်းသုံး Forum မှာတင်တယ်။ ရုံးကိုလည်း နေ့လည် ၁ နာရီလောက်မှာ ပိတ်လိုက်တယ်။ ရာသီဥတုကြီးကတော့ သူနဲ့မဆိုင်သလို သာယာနေလိုက်တာ……..။

ရုံးကဆင်းလာပြီး သူငယ်ချင်းဆိုင်ကို သွားပြီး သူတို့ကို အကြောင်းကြားရသေးတယ်။ ဆိုင်ပိတ်ပြီး ပြန်တော့လို့။ ညနေ ၁ နာရီလောက်မှာ ထင်တယ် Citi FM က စကြေငြာတယ်။ ရန်ကုန်ကို မုန်တိုင်းဝင်တိုက်မယ်တဲ့။ အဲဒီအချိန်မှာလည်း မိုးလေး ဖွဲကတာ လွဲလို့ ဘာမှ မထူးခြားသေးဘူးရှင့်။ ဘာမှမဖြစ်တာက ညဘက် ၈ နာရီလောက်ထိကို ဘာမှ မဖြစ်တာပါ။ ည ၉ နာရီလောက်ကျတော့ လေတွေတိုက်လာတယ်။ ၁၀ နာရီ ၁၁ နာရီလောက်မှာ ပြင်းထန်လာတယ်။ ၁၂ လောက်ကျတော့ ၀ုန်းဒိုင်းကျဲတော့တာပဲ။ တစ်ခါမှ အဲလို မကြုံဖူးဘူး။ သစ်ပင်တွေလဲသံ၊ ခေါင်မိုးတွေပြိုသံ၊ မိုးသီး မိုးပေါက်တွေ ကျတဲ့အသံ၊ လေတိုက်လို့ တစ်ဝုန်းဝုန်း ဖြစ်နေတဲ့ အသံတွေဟာ မနက် ၅ နာရီလောက်ထိ ငရဲပွက်သလို ပါပဲ။ ကျွန်မလည်း တစ်ချက်လောက် အိပ်ပျော်လိုက်၊ အသံတွေကြောင့် ပြန်နိုးလာလိုက်နဲ့။ မီးကတော့ ည ၁၂ လောက်မှာထင်တယ် စပြတ်သွားတယ်။ မနက်နိုးတော့ အိမ်ရှေ့ဝရံတာလေးကို ထွက်ကြည့်မိတယ်။ ဘုရားတလိုက် မိတယ်၊ လူလည်း မိုက်ခနဲ ဖြစ်သွားတယ်၊ အိမ်ရှေ့မြင်ကွင်းက မြင်ရက် စရာကို မရှိပါလား။ ရှိသမျှ သစ်ပင်တွေ အကုန်လဲနေပြီ။ ရေတွေလည်း တော်တော်ကြီးနေတယ်။ သစ်ရွက်စိမ်းတွေရဲ့ စိမ်းရွှေရွှေ အနံ့တွေကတော့ လှိုင်တော့တာပဲ။ အိမ်ရှေ့မှာ ပြုတ်ကျနေတဲ့ စလောင်းတွေ၊ သူများအိမ်တွေမှာ တစ်ချို့အိမ်တွေ ခေါင်မိုးလုံးဝ မရှိတော့ဘူး၊ တစ်ချို့တိုက်တွေမှာ အပေါ်ဆုံးထပ် ခေါင်မိုးပေါက်လို့ ရေတွေဝင်ပြီး နီးစပ်ရာမှာ ခိုနေကြရတယ်။ ဓါတ်တိုင်တွေလဲ၊ ၀ိုင်ယာကြိုးတွေ ပြတ်နဲ့၊ ဖုန်းတွေဆို ဘာတစ်ခုမှ ဆက်လို့ မရတော့ဘူး။ စနေနေ့ မနက်ဟာ ကျွန်မအတွက်တော့ ခြောက်ခြားစရာ ကောင်းလွန်းလှပါတယ်။

မနက် ၉ နာရီလောက်ထိ လေတွေမငြိမ်သေးဘူး။ ၁၀ နာရီလောက် ကျတော့ လူတွေ ဆင်းလာကြတယ်။ ကြက်ဥသည်တစ်ယောက် လာရောင်းတာ သူ့အနားမှာ အလု အယက်နဲ့ ၀င်တိုးပြီး ၀ယ်ကြတယ်။ ကျွန်မတို့လည်း အိမ်က ကောင်လေးကို လွှတ်ပြီး အလုံး ၃၀ လောက် ပြေးဝယ်ခိုင်းရသေးတယ်။ အစာရေစာက ဘယ်နှစ်ရက်လောက် ပြတ်မယ်မှန်းမှ မသိတာလေ။ လူကြီး တစ်ချို့ သစ်ကိုင်းတွေ စရှင်းကြတယ်။ တစ်ချို့အိမ်တွေ ရေတွေ ခပ်ထုတ်ကြတယ်။ မိုးကတော့ တော်တော်လေး စဲနေပြီ။ နေ့လည်လောက်ထိ စည်ပင်သာယာ ဆိုတာတွေ ပေါ်မလာဘူး။ ကိုယ့်အားကိုကိုး ပြီးလမ်းရှင်းရတယ်။ ခဏနေတော့ ရပ်ကွက်ထဲမှာ နေတဲ့ EPC က လူတစ်ယေက်ကိုတွေ့တော့ ၀ိုင်းမေးကြတာပေါ့။ “ဆရာရေ မီးဘယ်တော့ လာမလဲ”။ ပြန်ဖြေပုံကလည်း “အခြေ အနေကိုကြည့်လေ ဟင်း ဟင်း ဟင်း” တဲ့။ ကြာမယ် ဆိုလည်း ကြာမယ်ပေါ့။ ခုတော့ လူတွေ ဒုက္ခရောက်နေချိန်မှာ သူမို့လို့ ဟင်း ရက်တယ်ရှင်။ ညနေလောက်ကျတော့ မိုးလည်း စဲသွားပြီ၊ လမ်းတွေမှာလည်း ရေတွေ ကျသွားပြီ ဆိုတော့ အငြိမ် မနေတတ်တဲ့ ပင့်ဂိုလ်း တစ်ယောက် ဓါတ်ပုံရိုက်ထွက်တယ်။ လမ်းထိပ်လည်း ရောက်ရောက် မြင်ကွင်းက အိမ်ရှေ့မှာထက် ပိုဆိုးသွားတယ်ရှင်။ လဲနေလိုက်တဲ့ သစ်ပင်တွေ၊ အကြီး အငယ် အရွယ် အလတ် ဘာမှ မကျန်တော့ဘူး။ လမ်းမှာလည်း ဘာကားမှ မရှိဘူး။ မရှိဘူးဆိုတာ သွားလို့ မရလို့လေ။ သစ်ပင်တွေ အကုန်လဲနေမှတော့ ဘယ်ကားက သွားလို့ရတော့မလဲ။ ဒါနဲ့ပဲ လမ်းလျှောက်သွား ဓါတ်ပုံတွေရိုက်၊ သွားတာတောင် ကိုယ်ရင်းနှီးနေကျ ပတ်ဝန်းကျင်ကို မနည်းကို မှန်းပြီး သွားနေရတာ။ ဘာမှ မမှတ်မိတော့ဘူး။ သစ်တောကြီး တစ်ခုထဲ ရောက်နေသလိုပဲရှင်။ လမ်းမှာ ဘုန်းကြီးတွေ၊ ရပ်ကွက်ထဲက ကောင်လေးတွေ သစ်ပင်တစ်ချို့ကို ရှင်းနေကျတယ်။ သက်ဆိုင်ရာက လူတွေဆိုတာ ခုချိန်မှာ ဒီလိုဖြစ်နေမှန်းမှ သိကြရဲ့လားလို့ တစ်ချက် တွေးလိုက်မိတယ်။ စည်ပင်သာယာကို ရမ်းသန်းပြီး ရှာလိုက်သေးတယ်။ အရိပ်တောင် မတွေ့ပါရှင်။

နောက်တစ်နေ့ တနင်္ဂနွေနေ့ မနက်ကျတော့ သူငယ်ချင်းက သူ့ဆိုင်အခြေအနေလေး တစ်ချက်သွားကြည့်ရအောင် ဆိုတာနဲ့ သူ့ကားနဲ့ပဲ ထွက်လာလိုက်တာ ခါတိုင်း ၁၀ မိနစ်လောက် သွားရတဲ့ ခရီးကို ၂ နာရီလောက် သွားလိုက်ရတယ်။ လမ်းတွေမှာ သစ်ပင်တွေ လဲနေတော့ လွတ်တဲ့နေရာကနေ ရှာရင်း ဖွေရင်း သွားရတာပေါ့။ ဦးဝိစာရလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ပြည်လမ်း၊ ကမ်းနားလမ်း၊ မြန်မာ့ဂုဏ်ရည်လမ်း၊ ပြည်လမ်း ရှိသမျှ လမ်းတွေပေါ်မှာ ရှိသမျှ အပင်တွေ အကုန်လဲတော့တာပဲ။ ဒီအချိန်မှာ သစ်ပင်လဲတာ အံ့သြစရာ မဟုတ်တော့ဘူးရှင့်။ သစ်ပင်မလဲတာသာ အံ့သြစရာ ဖြစ်နေတော့တယ်။ ပြည်သူ့ရင်ပြင်ထဲမှာ၊ ရန်ကုန်တက္ကသိုလ်ထဲမှာ ဘာအပင်မှ မရှိတော့ဘူး။ ရွှေတိဂုံ ဘုရားရဲ့ စိန်ဖူးတော် နည်းနည်း စောင်းသွားတယ်၊ ရွှေဆိုင်းတွေ ကွာကျတယ်၊ ငှက်ပျောဖူးနဲ့ ငှက်မြတ်နားတော်တွေမှာ ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းတွေ ဘာမှ မရှိတော့ဘူး။ ဦးဝိစာရ လမ်းပေါ်မှာ စစ်သား တစ်ယောက်စ နှစ်ယောက်စ လမ်းတွေ စရှင်းကြတယ်။ နှစ်ပွင့်နဲ့ ကိုကိုတွေ၊ သုံးပွင့်နဲ့ ကိုကိုတွေ၊ သပြေခက်ကို ပခုံးပေါ်တင်ထားတဲ့ ကိုကိုကြီးတွေပေါ့။

တနင်္လာနေ့ကျတော့ ရုံးကိုလာကြည့်တယ်။ ဘာ ဘတ်စ်ကားမှ မရှိဘူး။ ဓါတ်ဆီ တစ်ဂါလံကို ၁၂၀၀၀ ဖြစ်သွားလို့ မထွက်ကြတော့ဘူး၊ CNG တွေကလည်း မရတော့ ဘတ်စ်တွေလည်း ပြေးဖို့ အဆင်မပြေဘူးပေါ့။ အဲတော့ Hilux, Dyna စတဲ့ ကားတွေ ဟိုနား ဒီနား ၅၀၀၊ နည်းနည်း ဝေးရင် ၁၀၀၀ နဲ့ပြေးဆွဲကြတယ်။ ဒါတောင် ကိုယ်သွားချင်တဲ့ ဆီကို မရောက်ဘူးနော်။ အဓိက ကတော့ မြေနီကုန်း-ဆူးလေ၊ လှည်းတန်း-ဆူးလေ ကိုဆွဲကြတယ်။ ကျွန်မလည်း ဘတ်စ်ကားခ ချည်းပဲ ၃၀၀၀ လောက်အကုန်ခံပြီး ကားစီးတစ်ခါ လမ်းလျှောက်တစ်လှည့်နဲ့ ရုံးကို ရောက်လာတယ်။ မီးမလာတော့ ဓါတ်လှေကားကလည်း မရဘူး။ ၁၀ ထပ်ကို လှေကားနဲ့ တက်၊ အပေါ်ရောက်တော့ အမောဆို့သွားတယ်။ ရုံးလည်း တစ်စစီ ပဲ့ကြွေလို့ပါလားရှင်။

ဘတစ်ကား ပေါ်မှာ၊ လမ်းပေါ်မှာ လူတွေ အသံမျိုးစုံ ထွက်ကြတယ်။ သူတို့ ပြောတဲ့အတိုင်း ပြန်ပြောရရင်တော့…

“အလကား အသုံးကို မကျဘူး၊ အရေး အခင်းတုန်းကတော့ ညတွင်းချင်း စစ်ကားတွေ အစီး ၃၀၊ ၄၀၊ ၅၀ ရောက်လာတာ၊ ခုကျတော့ နှစ်စီး သုံးစီးလောက်နဲ့ မစို့မပို့ လမ်းရှင်းနေကြတယ် ”

“နိုင်ငံ တကာက အကူအညီကိုလည်း လက်မခံဘူးလေ။ ဧရာဝတီတိုင်း တစ်ခုလုံး ကုန်ပြီ။ ဒင်းက ဘာတွေများ လုပ်ပေးနိုင်လို့ ဒီလိုဖြစ်နေရတာလဲ.. ဒီအချိန်မှာ လူတွေသာ မပြောင်းလဲရင် ဗိုလ်ချုပ်ကြီးများရဲ့ အမိန့်ကို တစ်သက်လုံး နာခံရတော့မှာပဲ”

“City Mart ဆိုင် ဖွင့်ပေးတယ်။ ဈေးလည်းမတက်ဘူး၊ ၀ယ်တဲ့သူတွေလည်း ကျိတ်ကျိတ်တိုးလို့ ကျေးဇူးတင်ဖို့ ကောင်းလိုက်တာ”

“သိမ်ကြီး ဈေးမှာ အလုခံရလို့တဲ့။ လမ်းသွားရင် သတိထားရတော့မယ်။ မီးလည်းမလာဘူး၊ ဟို EPC က လဒတွေ ဘာလုပ်နေကြလဲ မသိဘူး။ မီးမလာတောင် ရေလာအောင် လုပ်ပေးရင် တော်ပါပြီ”

“မီးက တစ်လ ကြာမယ်တဲ့ လမ်းရှင်းတာကို ဦးစားပေးမယ် တဲ့”

ပြောကြတာတွေကတော့ အများကြီးပေါ့ရှင်။ ကျွန်မလည်း ဘာပြောလို့ ပြောရမှန်းကို မသိတော့ဘူး။ တော်တော်လေးကို စိတ်ကုန်တယ်။ စိတ်လည်းပျက်တယ်။ တစ်သက်မှာ ဒီလို တစ်ခါပဲ ကြုံဖူးတယ်။ အဲဒီနေ့ကတော့ ကျွန်မ လမ်းတစ်လျှောက်လုံးမှာ အဲဒီ မအေဆိုတာ ပါတဲ့စကားကို တော်တော်ကြားလိုက်ရတယ်။

ရေရရှိရေးအတွက် တန်းစီပြီး ရေပေးဝေတာကို စောင့်ရပါတယ်။ တစ်ချို့တတ်နိုင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ရေတွေ၊ အစားအသောက်တွေ ပေးလှူကြပါတယ်။ Htoo Trading ကလည်း တော်တော်လှူတယ်လို့ ကြားပါတယ်။ မျက်နှာလုပ်တာ နေမှာပေါ့ရှင်။ သာဓု သာဓု သာဓု။

လက်ရှိမှာတော့ ရန်ကုန်မှာ ရေပြန်လာနေပါပြီ။ ရေတင်ဖို့အတွက်ကတော့ မီးစက်စုငှားပြီး အချိန်ပိုင်းနဲ့ ရေတင်ရပါတယ်။ တစ်ချို့တိုက်တွေ ကျတော့လည်း မီးစက်ဝယ်ကြပါတယ်။ မီးစက်ငှားခက တစ်လကို ၈၀၀၀၀ ကျပ်ရှိပါတယ်။ ၀ယ်မယ်ဆိုရင်တော့ ခုနစ်သိန်းလောက် ပေးရပါတယ်။ မီးတွေကတော့ တစ်ဖြည်းဖြည်း ပြုပြင်နေကြပါတယ်။ တစ်ချို့မြို့နယ်တွေမှာ မီးပြန်လာနေပါပြီ။ ဘတ်စ်ကားတွေ ပုံမှန် ပြေးနေပါပြီ။ ဓါတ်ဆီ တစ်ဂါလံကို ၆၅၀၀ သို့ကျသွားပါပြီ။ လမ်းတွေလည်း အကုန်လုံးနီးပါး ရှင်းပြီးသွားပါပြီ။ ဧရာဝတီတိုင်း အတွက်တော့ ရင်ထဲ မကောင်းဘူးရှင်။ ကျွန်မတို့လည်း တတ်နိုင်သလောက်လေး လှူလိုက်တယ်။ ကိုညီလင်းဆက်ကတော့ မနက်ဖြန်မှာ အဲဒီကို သွားပြီး မြောင်းမြမှာ အခြေစိုက်လို့ ထောက်ပံ့ရေးတွေ လုပ်ပါလိမ့်မယ်။ ကျွန်မတို့လည်း ဒီအပတ် တနင်္ဂနွေနေ့မှာ လှိုင်သာယာကို သွားဖို့ စီစဉ်နေပါတယ်။ လှိုင်သာယာက လူတွေလည်း သနားပါတယ်။ မီးလောင်တုန်းကလည်း ရတာနာပုံဈေးနဲ့အပြိုင်ဖြစ်သွားတော့ မျက်နှာ မရရှာဘူး။ ခုလည်း ဧရာဝတီတိုင်းနဲ့ အပြိုင်ဖြစ်နေတော့ နည်းနည်း အလှူအားနည်းနေတယ်။

ကျွန်မကြားရတာ တစ်ချို့တော့ ရှိတယ်။ ကောလ ဟာလလား ဘာလားတော့ မသိဘူးရှင်။ နေပြည်တော်ကတော့ ယကြာ တော်တော်ကောင်းဆိုပဲ။ ဘာလဲဆိုတာတော့ မပြောတော့ဘူးနော်။ မုန်တိုင်းအကြောင်းကို ကြိုလည်း သိနေပါတယ်တဲ့။ (ကျွန်မ မပြောဘူးနော်.. ကြားလာတာ ကြားလာတာ)

နာဂစ်ကို ပြန်ကစ်ဖို့ ဘယ်သူမှ မတတ်နိုင်လိုက်ကြပါလားနော်။ ဘာတွေများ လိုလဲရှင်။ နောက်တစ်ကြိမ် အတွက်ပေါ့။

2 comments:

Han Thit Nyeim said...

ရန်ကုန်က ဘလော့ဂါတွေရဲ့ ရင်တွင်းဖြစ်ကို ဖတ်ချင်လို့စောင့်နေတာ တစ်ပတ်ရှိပြီ။ အခုတော့ ဖတ်ရပြီ... ဓာတ်ပုံတွေလည်း တင်ဦးဗျာ...။ ထပ်လည်းရေးဦးဗျာ။

အားလုံးလည်း အဆင်ပြေလို့ ချောမွေ့ပါစေ။

Mhaw Sayar said...

အလှူအတွက် သာဓုသုံးကြိမ်ခေါ်သွားပါတယ်ခင်ဗျာ။ နောက်ထပ်လည်း သတင်းတွေ၊ အတွေ့အကြုံတွေ မျှဝေပါဦး။
အားလုံး အဆင်ပြေ အောင်မြင်ပြီးမြောက် ပါစေဗျာ။