Thursday, August 7, 2008

Advantages of Nargis!

နာဂစ်အကြောင်းကတော့ ခုချိန်ထိကို ပြောမဆုံးပေါင် တောသုံးတောင်ကို ဖြစ်လို့နေပါတယ်။ ကျွန်မ ညီမလေး တစ်ယောက် ပြောသလိုပေါ့.. နာဂစ် များမဖြစ်ရင် သတင်းစာတွေ ဘာကိုများ ရေးကြမလဲ မသိဘူးနော် တဲ့ :)။ ဟုတ်ပါတယ် နာဂစ် စဖြစ်တဲ့အချိန်ကနေ ခုထိ ကယ်ဆယ်ရေး၊ ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေး စတဲ့သတင်းတွေဟာ သတင်းစာမျက်နှာတိုင်းရဲ့ နေရာတော်တော်များများမှာ ပါဝင်နေတယ် မဟုတ်လား။ နာဂစ်ရဲ့ ဒုက္ခတွေကို ရေးကြသလို နာဂစ်ကြောင့် ပေါက်ဖွားလာတဲ့ ပရဟိတ အကြောင်းတွေလည်း ဖော်ကြူးကြပါတယ်။ နာဂစ်က တော်တော်ဆိုးပေမယ့် အရာရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေတတ်တဲ့ သဘောအတိုင်း နာဂစ်ရဲ့ ကောင်းကျိုးလေးတွေကို တစ်ချက်တွေးကြည့်မိပါတယ်။

(၁) ပရဟိတ စိတ်များ ထွန်းကားလာခြင်း

နာဂစ်ဟာ ဒီနေ့ခေတ် မြန်မာ လူငယ်တော်တော်များများရဲ့ ကိန်းအောင်းနေတဲ့ လူမှုဝန်ထမ်း ပရဟိတ စိတ်ကိုဖော်ထုတ်ပေးလိုက်ပါတယ်။ လူငယ် လူရွယ်တွေကို တစ်ခုခုလုပ်ဖို့အရေး အရင်တုန်းကဆို လူကြီးတွေက နားမနည်းဝင်အောင် ပြောကြရပါတယ်။ အဲ.. နာဂစ်လည်း ဖြစ်ရော လူငယ်တိုင်းဟာ ကိုယ့်အသိ၊ ကိုယ့်စိတ်ဓါတ်နဲ့ ကယ်ဆယ်ရေး ထောက်ပံ့ရေး လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှား လာကြတာ တွေ့ရပါတယ်။ အရင်တုန်းက ကာရာအိုကေဆိုင်၊ ဘီယာဆိုင် စသောနေရာများမှာ ပျော်ပါး အချိန်ကုန်နေတဲ့ သူတွေတောင် နာဂစ်နဲ့ ပတ်သက်လာရာ အချိန်မရွေးကူညီဖို့ အသင့်ဖြစ်နေတာဟာ အားရစရာကောင်းတဲ့ အချက်ကလေးတွေ ဖြစ်ပါတယ်။ လူသားချင်း စာနာစိတ်တွေ၊ အခက်အခဲကို ထိုင်ကြည့်မနေတတ်တဲ့ မြန်မာလူငယ်တွေရဲ့ စိတ်ဓါတ်ဟာ ချိးကျူး ဂုဏ်ယူစရာ ကောင်းလှပါတယ်ရှင်။

(၂) နေရာ ဒေသအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်း

နာဂစ်လည်းဖြစ်ရော နိုင်ငံတကာ NGO, UN စသောအဖွဲ့များဟာ တာဝန်အရ လေဘေးသင့်ဒေသတွေကို သွားရောက်ကူညီကြရသလို၊ အခြား လတ်တလော ပေါ်ပေါက်လာတဲ့ ကယ်ဆယ်ရေးအဖွဲ့များလည်း ရှိပါတယ်။ လုပ်ငန်းတွေကို ပါဝင်လုပ်ကိုင်နိုင်ကြဖို့၊ လေဘေးသင့်ဒေသတွေမှာ တာဝန်ထမ်းဆောင်ဖို့ လူငယ်တော်တော်များများကို အလုပ်ခေါ်တာ တွေ့ရပါတယ်။ တစ်ချို့တွေကတော့ volunteer အဖြစ်နဲ့ပဲ ခေါ်ကြပေမယ့်၊ တစ်ချို့တွေကတော့ လုပ်ခလစာတွေလည်း များများလေး ပေးတာရှိပါတယ်။ ဒေသခံလူငယ်တွေရော၊ ဒေသခံမဟုတ်တဲ့ လူငယ်တွေရော ကူညီလုပ်ကိုင်ပေးရင်းကနေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာပါတယ်။

(၃) သဘာဝ ပတ်ဝန်းကျင်ကို ပိုမိုထိမ်းသိမ်း လိုကြခြင်း

နာဂစ် ဘာကြောင့်ဖြစ်ရလဲ....သစ်တော သစ်ပင်တွေ ပြုန်းတီးပြီး ရာသီဥတု ဖောက်ပြန်ခြင်းကြောင့်လို့ပဲ နားလည်မိပါတယ်။ ခုနောက်ပိုင်းမှာ လေဘေးသင့်ဒေသတွေမှာရော လေဘေးမသင့်ဒေသတွေမှာပါ လေကာပင်တွေ၊ သစ်ပင်တွေ ပိုမိုစိုက်ပျိုးလာကြပါတယ်။ လေဘေးသင့်ဒေသတွေမှာလည်း မိုးဒဏ်၊ လေဒဏ် ခံနိုင်တဲ့ အဆောက်အဦးတွေ တည်ဆောက်လာကြပါတယ်။ ဖြစ်ပြီးမှ လုပ်တာ မှန်ပေမယ့် ဒါဟာလည်း ကောင်းတဲ့အချက်ပဲ မဟုတ်လားရှင်။

(၄) နဂိုရှိရင်းစွဲ လမ်းပေါ်နေလူများ အိမ်ယာများ ရလာခြင်း

တစ်ချို့လူတွေဟာ နာဂစ်ကြောင့် ဆင်းရဲဒုက္ခရောက်တာမျိုး မဟုတ်ပဲ အစကတည်းက ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ကြုံရာအိပ်နေတဲ့သူတွေ ဖြစ်ပါတယ်။ စော်ကားပြောဆိုတာတော့ မဟုတ်ပါဘူး။ အိမ်မရှိ ယာမရှိတွေလည်း ရှိနေကြတတ်ပါသေးတယ်။ နာဂစ်လည်းဖြစ်ရော သူတို့တွေက ပျော်တယ်လို့တောင် ပြောပါသတဲ့။ နာဂစ်ကြောင့် အလှူရှင်တွေ နေ့တိုင်းလာတော့ မပူမပင်စားရတယ်ဆိုတဲ့ အတွေးမျိုးရှိကြဟန် တူပါတယ်။ ခုတော့ လေဘေးသင့်ဒေသမှာ အိမ်တွေလည်းဆောက်ပေးတော့ သူတို့တွေ အိမ်တွေရလာကြတယ်။ စားဖို့သောက်ဖို့ အရင်ကလောက် ပူပင်ကြရတာမျိုး မရှိတော့ဘူး... ဒါဟာလည်း ပြောရရင် သူတို့တွေအတွက် အကျိုးကျေးဇူးပဲရှင့်

(၅) တစ်ချို့ကုန်သည်များ၊ လုပ်ငန်းရှင်များ ပိုမိုဝင်ငွေကောင်းလာခြင်း

အဓိကကတော့ ဆန်ကုန်သည်တွေ၊ အိမ်မိုးသွပ်ပြားရောင်းတဲ့သူတွေ၊ တာလာပတ်ရောင်းတဲ့ သူတွေပေါ့။ တစ်ချို့တွေဆို ဈေးတောင်ပိုတင်လိုက်ကြပါသေးတယ်။ အမြတ်အစွန်းလည်း ပိုမိုရရှိကြတာကြောင့် စီးပွားဖြစ် တွက်ချေကိုက်ပါတယ်ရှင်။ နာဂစ်ဟာ တစ်ချို့ကို ဆင်းရဲမွဲတေစေသလို၊ တစ်ချို့ကို ချမ်းသာသည်ထက်မက ချမ်းသာစေပါတယ်။

နောက်ပြီးတော့ ဒေသတွင် စားသောက်ဆိုင်၊ ဘီယာဆိုင်တွေ ပိုပြီးရောင်းအားကောင်းပါတယ်။ ကယ်ဆယ်ရေး ထောက်ပံ့ရေးအဖွဲ့တွေ ဆက်တိုက်ဆိုသလိုရောက်ကြပြီး သူတို့တွေဟာ ညဘက်တိုင်းမှာ စားသောက်ဆိုင်၊ ဘီယာဆိုင်တွေမှာ ညစာသုံးဆောင်လေ့ရှိပါတယ်။ အဲတော့ သူတို့တွေ ရောင်းအားပိုတက်ပြီး ပိုမိုစီးပွား ဖြစ်ထွန်းကြပါတယ်။

ကျွန်မပြောချင်တာ တစ်ချက်၊ နှစ်ချက်လောက်ပဲ ရှိပါသေးတယ်။ အဓိက ကတော့ နာဂစ်ကြောင့် ဆိုးကျိုးချည်းပဲ ဖြစ်သွားတာ မဟုတ်ပါဘူး။ တစ်ချို့နေရာမှာ၊ တစ်ချို့လူတွေအတွက် ကောင်းကျိုးကို သယ်ဆောင်ပေးတာလည်း ဖြစ်ပါတော့တယ်ရှင်။

4 comments:

Anonymous said...

မပင့်ဂိုလ်းတို့ကတော့ တကယ့်ကို အကောင်းမြင် ဝါဒီပဲ
ဗျို့။
အဲ .. ဒါပေမယ့် ကောင်းစားတဲ့ အထဲမှာ လူကောင်းတော့ တော်တော်နည်းမယ် ထင်တယ်။ အခွင့်အရေးသမားတွေကတော့ ဘာဖြစ်ဖြစ် သူတို့က အရင်ဆုံးကောင်းစားမှာပဲလေ။

ကျနော့် အမြင် နာဂစ်ကြောင့် တကယ် အကျိုးဖြစ်ထွန်းတဲ့ အချက်လေးတွေ ရှိပါသေးတယ်။

(၁) လူငယ်တွေ ပရဟိတကို အဖွဲ့အစည်း စိတ်ဓါတ်နဲ့ လက်တွေ့ လုပ်ဆောင်လာနိုင်တယ်။ တကယ့် ပရဟိတ ဆိုတာ ဈေးရောင်းပွဲလေး လုပ်မယ်၊ ဘယ်မှာ လှူလိုက်မယ်၊ ဒီလိုမျိုးလေးတွေနဲ့ မရဘူး ဆိုတာ သူတို့ သဘောပေါက်လာမယ်။

(၂) သဘာဝ ဘေးအန္တရာယ် စီမံ ခန့်ခွဲရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ရှိ နိုင်ငံခြားသားတွေနဲ့ တွဲပြီး လုပ်ရတဲ့ အတွက် ပြည်တွင်းက လူငယ်တွေ အတွေ့အကြုံ ပညာတွေ အများကြီး ရမယ်လို့ ကျနော် ယုံတယ်။

(၃) အလုပ်အကိုင်၊ အခွင့်အလမ်းတွေ၊ အဓိကအားဖြင့် ဆရာဝန်တွေ အလုပ်အများကြီး ရသွားတယ်။ သူတို့အတွက်လည်း ကြိုးစားသလောက် recommendation ကောင်းကောင်း ရနိုင်သလို နိုင်ငံအတွက်လည်း နိုင်ငံခြား ဝင်ငွေ အများကြီး ရခဲ့တယ်။

(၄) နိုင်ငံခြားက လှူဒါန်းတဲ့ စက်ပစ္စည်းတွေ၊ နည်းပညာတွေ ဒါတွေကို တကယ် အသုံးချနိုင်ရင် စက်မှုလက်မှု လုပ်ငန်းမှာ အပြောင်းအလဲ အများကြီး ဖြစ်လာနိုင်တယ်။

(၅) နောက်ဆိုရင် ဘယ်အရာမှ ပေါ့ပေါ့ တွေးရဲမှာ မဟုတ်တော့ဘူး။ အခု ဖြစ်ခဲ့တဲ့ ဟာကို ကြည့်ရင် ပေါ့ဆလို့ ဆိုတာ ငြင်းလို့ မရဘူး။ ဒါကို အတုယူပြီး အရာရာကို လေးလေးနက်နက် ဆောင်ရွက်မယ် ဆိုရင် နောက် သဘာဝ ဘေးအန္တရာယ်တွေဆို ဒီလောက် ထိခိုက်တော့မှာ မဟုတ်ဘူး။ (ဖြစ်တုန်းခဏပဲ ပြီးရင် မေ့မေ့ပျောက်ပျောက်ဆိုရင် တော့လည်း)

တခြား ကောင်းတဲ့ အချက်လေးတွေ ရှိဦးမှာပါ။ ကျနော် ဥာဏ်မီသလောက်ပဲ ရေးကြည့်တာ။

Anonymous said...

ပင့်ကူလေးရေ .. ဒီပို့စ်လေးကို ကြိုက်တယ် ။ ခုလို နာဂစ်နဲ့ပတ်သက်ပြီး တကယ်လည်း အကောင်းဖြစ်လာတာတွေ ရှိတာတွက် အဆိုးထဲက အကောင်းဆိုပြီး အတိုင်းအတာတခုထိ ၀မ်းသာရမှာပေါ့လေ ။

Anonymous said...

ကြားရတာဝမ်းသာပါသည်။ေ၇ှ့ ရှောက် ကောင်းတာတွေဘဲ ဖြစ်ကြပါစေ။

Anonymous said...

အခုလို မြင်ပေးတာလေး ကောင်းပါတယ်။ အဆိုးထဲမှာ အကောင်းတွေ အများကြီး ရလာကြပါတယ်။