Saturday, April 5, 2008

Plainative Song of Pinkgold

မတ်လ (၄) ရက်နေ့မှာ အလုပ်သစ်ကို စ၀င်တယ်... ရောက်ရောက်ချင်းဆိုတော့ ဘာမှမလုပ်ရဘူး.. အဲဒီက ထုတ်တဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ အကုန်ဖတ်ပြီး. ပြန်လာတယ်။ အဲဒီတုန်းကတော့ ပျင်းလိုက်တာ သေပါရော...

မတ်လ (၅) ရက်နေ့.. မီတင်စလုပ်တယ်။ ဘာလုပ်ရမယ်ဆိုတာကို ပြောပြတယ်။ Advertising and Promotion Planning ပိုင်းကိုလုပ်ပါတဲ့။ လက်ရှိလုပ်နေတဲ့သူတွေဆီက အလုပ်တွေ အကုန်လွှဲယူတယ်။ လေ့လာဆည်းပူးရတာပေါ့လေ။

မတ်လ (၆) ရက်နေ့.. ရုံးရောက်တော့ ခုံပေါ်မှာ GM ရဲ့ စာကိုတွေ့တယ်။ Planet Thingyan အစီအစဉ်ကို Advertising and Promotion ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားပြီး အမကို Plan တင်ပြပါတဲ့။ အဲဒီနေ့ကနေ စတော့တာပါပဲ။ အစွမ်းကုန်ကြိုးစားပြီး Advertising Time Line တွေ၊ Promotion Plan တွေ၊ Sponsor Package တွေ၊ Website မှာကြော်ငြာရင်ရလာမယ့် အားသာချက်တွေ၊ တစ်ခြားလို အပ်တဲ့ data တွေ စုရင်းနဲ့ တစ်ပတ်ဆိုတဲ့ အချိန်ဟာ ကုန်မှန်း မသိကုန်သွားခဲ့တယ်။

နောက်တော့. နောက်တော့ ရက်တွေ၊ နေ့တွေ၊ အချိန်တွေကို သေချာလည်း မသိတော့ဘူး၊ ထမင်းစားချိန်ဆိုတာလည်း ပုံမှန် မရှိခဲ့ဘူး။ ICT Exhibition ဆိုတာတွေ၊ Monthly Advertising Plan ကိုဆွဲပေးနေရတာတွေ၊ Costing တွက်ပေးရတာတွေ၊ Planning ပြီးတော့ Implementation ဆိုတာတွေကို ဆက်လုပ်ရင်းနဲ့ ကျွန်မရဲ့ ပုံမှန် ရုံးဆင်းချိန်ဟာ ည (၈) နာရီ ဖြစ်မှန်း မသိဖြစ်လာခဲ့တယ်။

မေလ (၃၁) ရက်.. မတင်မြတ်ထက် လာစာလာထုတ်လို့ရပါပြီ ဆိုတဲ့ အသံလေးကို ကြားလိုက်တယ်။ ဘုရားရေ.. လကုန်ပြီ ဟုတ်လား။ နေပါအုံး ငါအလုပ်ဝင်တာ မနေ့တစ်နေ့ကလေ.. ဘယ်လိုလုပ် လ က အဲလောက်အကုန်မြန်ရတာပါလိမ့်။ သြော် ငါဟာ အလုပ်တွေဆီမှာပဲ စိတ်ကိုနှစ်ထား ခဲ့ပါလား။

ဒီကြားထဲမှာ.. သူငယ်ချင်းတွေနဲ့ တစ်ခုခုသွားဖို့ ချိန်းတိုင်း အချိန်တွေ ပြန်ညှိရတာ ကျွန်မ၊ နောက်ကျလို့ တောင်းပန်ရတာ ကျွန်မ၊ ချိန်းထားရက် သားနဲ့ မီတင်တွေ ရှိနေလို့ အခါခါ ပျက်ခဲ့တာ၊ သူများကို စိတ်ခုအောင် လုပ်ခဲ့တာ ကျွန်မ ဖြစ်လာခဲ့တယ်။

ဧပရယ် (၁) ရက်နေ့... ၁၁ ရက်နေ့ကနေ စပြီး ရုံးပိတ်မှာပါလားဆိုတဲ့ အတွေးနဲ့ ပျော်ပျော်လေး ရုံးလာခဲ့တယ်။ ကွန်ပျူတာတောင် မဖွင့်ရသေးဘူး မီတင် မီတင် တဲ့။ အမလေး သွားတက်လိုက်တော့ MD က ပေးလိုက်တဲ့ တာဝန်တွေ တစ်ပုံကြီး။ ကြားဖြတ် ကိစ္စတွေပေါ်လာတယ်။ Thingyan Greeting Card ပို့ရမယ် ဆိုတာတွေ Production Plan and Time Line တစ်ခု ဆွဲတာတွေဟာ ကျွန်မကို အလုပ်များစေခဲ့ပါတယ်။ ဒီကြားထဲ Design ကိစ္စနဲ့ Designer ကိုဝေဖန်ခဲ့မိလို့ အကြံလေး တစ်ခုပေးခဲ့မိလို့.. ငါက နင်ပြောတာ လုပ်ရမှာလား မန်နေဂျာ ပြောတာ လုပ်ရမှာလား ဆိုတာမျိုးတွေ၊ ငါ Designer လား နင် Designer လား ဆိုတဲ့ စကားလုံးတွေနဲ့ ထိုးနှက်တာ ခံလိုက်ရတော့ ရင်ထဲ မကောင်းလိုက်တာလေ။ တော်သေးတယ် GM က ကျွန်မ ဘက်ကပါနေလို့။ သူ့ကိုတာဝန် ပေးထားလို့ သူပြောသလို မင်းလုပ်ရလိမ့်မယ် ဆိုတာတွေနဲ့ ကိုယ့်ဘက်က ပါခဲ့လို့ နည်းနည်းတော့ သက်သာရာ ရခဲ့တယ်။

Greeting Card ကိစ္စအတွက်နဲ့ လုံးပန်းနေတုန်း Miss ရွေးပွဲတစ်ခု ကြားထဲမှာ ၀င်လာတယ်။ အဲဒီမှာလည်း Planner က မမရွှေထက်ပဲပေါ့။ စနေ နေ့တစ်ဝက်ဆိုတာလည်း ဘယ်တော့မှ ၁၂ ခွဲမှာ မပြန်ခဲ့ရပါဘူး။ Miss ရွေးပွဲအတွက် ပြင်လို့မှ မပြီးသေးဘူး သမီးရေ ကိစ္စတွေကို အကုန် အပြတ် ဖြစ်ခဲ့ပါ အမနဲ့ မန္တလေး လိုက်ရမယ်တဲ့။ ဘုရား ဘုရား ငါဘာတွေများ အလုပ်များရအုံးမှာ ပါလိမ့်။ ခုလည်း အပြတ်ဖြတ်နေတုန်းပဲ။ စနေနေ့ည ၉ နာရီထိုးတော့မယ် ရုံးမှာပဲ ရှိသေးတယ်။ မနက်ဖြန် ခရီးအတွက် ဘာမှ မလုပ်ရသေးဘူး။

ထမင်းကို နေ့လည်း ၂ နာရီလောက်မှ စားရတာ ရေတွက်လို့ မရတော့ဘူး။ ရုံးကနေ ည ၈ နာရီလောက်မှ ပြန်ရတာ ရိုးလို့တောင် နေခဲ့ပြီ။ ဂျီတော့မှာ အရင်လို မပွားနိုင်တော့ဘူး။ Laptop တစ်လုံးနဲ့ အသေ နပန်းလုံးနေရတယ်။ သြော် ပြောအုံးမယ် ကျွန်မကို ပေးထားတဲ့ Laptop က သိပ်မကောင်းတော့ အလုပ်လုပ်ရတာလည်း သိပ်အဆင်မပြေပါဘူးလေ။ စက်အသစ်ကလည်း တောင်းထားတာ ၀ယ်မပေးသေးဘူး။ အလုပ်လုပ်ရင်း စိတ်တိုလာလို့ ဒီညည်းချင်းကို ရေးလိုက်ရကြောင်းပါ။

စိုင်းစိုင်းခမ်းလှိုင်က သီချင်းဆိုတယ် နှစ် အချိုး တစ် ဆိုတာ မဟုတ်ဘူး ညာတာ တစ်ကယ်က တစ် အချိုး နှစ်တဲ့....
ကျွန်မကတော့ ဒီလို ဆိုချင်တယ်...
ရုံးဆင်းချိန် ညနေ ၅ နာရီခွဲဆိုတာ မဟုတ်ဘူး ညာတာ တစ်ကယ်က ၈ နာရီ
စနေ နေ့တစ်ဝက်ဆိုတာ မဟုတ်ဘူး ညာတာ တစ်ကယ်က တစ်နေ့လုံး............

သြော် ကျွန်မ ဘာကြောင့် အဲလောက် အလုပ်များများ အိမ်ပြန် ဘယ်လောက် နောက်ကျကျ လုပ်ပေးနေလဲ သိလား။ Overtime ကြေးတွေ ရနေလို့ပေါ့ရှင်။ တနင်္ဂနွေကို မန္တလေးသွားမယ် ဗုဒ္ဓဟူးနေ့ ရန်ကုန်ပြန်ရောက်မယ်။

ပင့်ဂိုလ်း ညည်းချင်း ပြီးပါပြီ။

2 comments:

Anonymous said...

လခထုတ်ပြီဟုတ်လား..ဘာကျွေးမှာလည်း :P

Anonymous said...

စိတ်မပျက်ပါနဲ့အမရေ ... အားတာနဲ့ ပိုစ့်တင်ပေါ့ .. ဟီးဟီး ... အိုဗာတိုင်မ်း ကြေးတွေလည်းရနေတာပဲဟာ