ပြီးတော့ ကျုံးတစ်လျှောက်မှာလည်း သင်္ကြန်မှာ ရေပက်ဖို့ မဏ္ဍပ်တွေ အပြိုင်အဆိုင် ဆောက်လုပ်နေကြပါတယ်။ ကျွန်မတောင် မန္တလေးမှာ သင်္ကြန်ကျချင်စိတ် ပေါက်သွားသေးတယ်။ မဏ္ဍပ်တွေမှ အများကြီးပါပဲ။ ကျုံးရေတွေကလည်း ကြည်လင်နေတော့ ရေလောင်းခံရမယ့် သူတွေရော၊ ရေလောင်းမယ့် သူတွေ အတွက်ပါ အေးမြစေမှာ အမှန်အကန်ပဲ ဖြစ်မှာပါ။



ကျွန်မတို့ ရောက်သွားတဲ့ အချိန်မှာ မန္တလေးမြို့ကြီး တော်တော်လေးကို ပူလောင်နေပါတယ်။ မျက်နှာကို လေပူတွေ တိုက်တာများလေ မီစနဲ့ လာဟပ်သလိုပါပဲ။ ကျွန်မ အရင်တုန်းက သွားဖူးတာက ဆောင်းရာသီအချိန်၊ မိုးရာသီ အချိန်ဆိုတော့ မန္တလေး ဒီလောက်ပူမယ်မှန်း မသိခဲ့ပါဘူး။ ခုမှ တစ်ကယ် လက်တွေ့ကြုံရတာပါ။ လူတွေကလည်း နေပူကျဲတဲမှာ ဘာမှ မဆောင်းပဲ ဆိုင်ကယ် တစ်ဝီ၀ီနဲ့ သွားလာနေကြတာ သူတို့မှ အသား မမဲရင် ဘယ်သူတွေ အသားမဲအုံးမလဲနော်။ ဒါပေမယ့် သူတို့က အေးဆေးရှင့်။ သနပ်ခါးတွေ ပေါတယ် မဟုတ်လား။ ရွှေဘို သနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ၊ ဘယ်သူအသား မဲမဲ ၀ါဝါညက်ညက်ဖြူဆိုတာ အလကား စပ်ထားတဲ့ သီချင်းမှ မဟုတ်တာပဲ။ ကျွန်မတောင် မန္တလေးကနေ သနပ်ခါးတွေ ၀ယ်လာသေးတယ်။ နာမည်ကြီး ဒေါ်သီ သနပ်ခါးပေါ့။

မန္တလေးတောင်ကို ကားနဲ့တက်ရတာလည်း ပျော်စရာ ကောင်းပါတယ်။ တစ်ကယ်တော့ ကျွန်မက ခြေလျင်တက်ချင်တာပေါ့။ ဒါပေမယ့် အချိန်ကို ချွေတာသော အားဖြင့် ကားနဲ့ပဲ တက်ခဲ့ကြပါတယ်။ တောင်ပေါ်ကနေ မန္တလေးမြို့ကို မြင်ရတာ မြူတွေဆိုင်းပြီး လွမ်းစရာပါပဲ။ ခြစ်ခြစ်တောက် ပူနေတဲ့ နေ့လည်ခင်း ဖြစ်ပေမယ့် မြူတွေ ဆိုင်းနေတာဟာ လေထုကြောင့်ပဲ ဖြစ်မှာပေါ့နော်။
ကားနဲ့ တောင်ကို တက်ပြီးတော့ တစ်ခါ တောင်ထိပ်ကို စက်လှေခါးနဲ့တက်တယ်။ စက်လှေခါးနဲ့ လေးဆင့် တက်ရပါတယ်။


မန္တလေးတောင်ရဲ့ အထင်ကရ မြွေကြီး နှစ်ကောင်ရယ်၊ ဆုတောင်းပြည့်ဘုရားရယ်ကလည်း မန္တလေးတောင် ရောက်ရင် မလွဲမသွေ ဖူးရ တွေ့ရမယ့် အရာတွေ မဟုတ်ပါလားရှင်။


နောက်တော့ ကျွန်မတို့ ကုသိုလ်တော် ဘုရားဘက်ကို ခြေဦးလှည့်ခဲ့ကြပါတယ်။ ပိဋကတ် သုံးပုံကို ကျောက်စာများနဲ့ မှတ်တမ်းတင်ထားတဲ့ ဒီဘုရားကြီးဟာ အတော်လေးကို ထူးခြားပြီး ဘုရား ပရ၀ုဏ်ဟာလည်း ငြိမ်းချမ်းလှပါတယ်။ ဘုရားဝင်းထဲမှာ နှစ်ပေါင်း 250 ကျော်ရှိပြီဖြစ်တဲ့ ခရေပင်ကြီးလည်း ရှိပါသေးတယ်။ ကျောက်စာတွေကို ငုံပြီး တည်ထားတဲ့ စေတီ ဖြူဖြူလေးတွေကလည်း များပြားလွန်းပြီး သပ္ပာယ် လှပါတယ်ရှင်။

ဒါကတော့ နှစ်ပေါင်း 250 ကျော်ပြီ ဖြစ်တဲ့ ခရေပင်ကြီးပေါ့

ခရေပင်အောက်က ပိတောက် ချစ်သူတော့ မဟုတ်ဘူး။ ခရေပင်အောက်က ပင့်ဂိုလ်းပါရှင့်

နောက်တော့ ဘုရားကြီးကိုလည်း သွားခဲ့ပါသေးတယ်။ ဘုရားကြီးကတော့ မန္တလေးရောက်တဲ့ အခေါက်တိုင်းလိုလို သွားဖြစ်တော့ သိပ်ပြီး အထူး အဆန်းတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ဘုရားကြီးမှာ အရင်ကထက် အချိန်ကြာကြာ ပိုနေခဲ့ပါတယ်။ ဟိုကြည့်ဒီကြည့် ဟိုသွား ဒီသွားနဲ့ပေါ့။
အလေးချိန် ပိသာ 2000 ကျော်လေးတဲ့ ကြေးမောင်းကြီး ဖြစ်ပါတယ်

ဒါကတော့ ငါးကန်

အပြန်မှာ ကားပျက်လို့ တစ်နာရီလောက် ကြာအောင် လမ်းမှာ ရပ်နေခဲ့ရသေးတယ်

ရန်ကုန်ပြန်ရောက်တော့ ပင့်ဂိုလ်းတို့ ထုံးစံအတိုင်း ခရီးပန်းပြီး ဖျားတော့တာပေါ့။ ဒါပေမယ့်လည်း အကောင်း မနေရပါဘူး။ အလုပ်တော့ သွားလုပ်ရတာပါပဲ။ ဒီတစ်ခေါက်နဲ့ဆို ကျွန်မ မန္တလေးသွားတာ ခြောက်ခေါက်တောင် ရှိသွားပြီရှင့်။ မန္တလေးသူတောင် လုပ်လို့ရနေလောက်ပြီ။
5 comments:
ကောင်းတယ် ဗျာ .. ကျွန်တော် လည်း မန္တလေး ကို လွမ်းနေလို့ အတော်ပဲ ... ဆယ်နှစ်တောင် နေခဲ့ တာ ... ဆေးကျောင်းသား ဘ၀ ;)
သင်္ကြန်ရေလာပက်တာ ကုသိုလ်တွေပြန်ရတယ်
ကြည်သာအေးမျှရှိပါစေ
ဟိတ် ရေပြန်လာလောင်းတာ ဗွမ်းးးဗွမ်းးးးးးးးဗွမ်း
ပြီးတော့ မန်းသူတောင် လုပ်လို့ရပီဟုတ် နာရှာပေးမယ်ယေ..အဟိဟိ :P
ဟက်ပီးသင်္ကြန်နော် စစ်
ခရီးသွားဆောင်းပါးတစ်ပုဒ်ပါပဲ။ ဓါတ်ပုံတွေလည်း တစ်ဝကြီး ကြည့်သွားတယ် ညီမရေ။ မြန်မာ နှစ်သစ်ကူးမှာ ရွှင်လန်းချမ်းမြေ့ပါစေ။
ပင့်ဂိုးလ်ရေ ဗွမ်းးးးးးးးး
Post a Comment