ရာသက်ပန် တစ်လင် တစ်မယား စနစ်၌ ကာမရာဂ စိတ်သည် ဆိုင်ရာ ပုဂ္ဂိုလ်များဖို့သာ မဟုတ်၊ လူ့အဖွဲ့အစည်းအဖို့ပါ အသီးအပွင့် ဝေေ၀ဆာဆာနှင့် ကောင်းကျိုးချမ်းသာ ဖန်တီးပေးသော လူ့ဇာတိစိတ် ဖြစ်လာသည်။ ကာမဂုဏ် ခံစားမှုကို ရှက်ဖွယ်ကောင်းသော အမှုတစ်ခု အနေဖြင့် လူတို့ အစဉ်အလာ စွဲမှတ်ထားကြ စေကာမူ အကျင့်သီလ ရှုထောင့်မှ ကြည့်ပါက ကာမရာဂ စိတ်မှာ အခြားလူ့ ဇာတိစိတ်များ ကဲ့သို့ပင် ပကတိအားဖြင့် အကောင်းအဆိုး ဆုံးဖြတ်ရမ် မဖြစ်နိုင်ချေ။ သဘာဝ ဓမ္မအလိုအားဖြင့်မူ လူတို့၏ ကြီးပွားချမ်းသာမှု အတွက် နှိပ်ကွပ်မထားပဲ နည်းလမ်းတစ်ကျ အသုံးချရန် လိုအပ်သော ဇာတိစိတ်ဖြစ်၏။ ဤအချက်မှာ အိမ်ထောင်သည် ယောင်္ကျား မိန်းမများက ယေဘုယ အားဖြင့် လူပျို၊ အပျိုများထက် ပိုအသက်ရှည်ခြင်း၊ ကိုယ်စိတ်ကျန်းမာခြင်း စသော ဒိဌဓမ္မများဖြင့် ထင်ရှားသည်။
သို့ရာတွင် ကာမရာဂ စိတ်သည် လူ့လောကအား အကျိုးပြုနိုင်ရန်အတွက် မှန်ကန်သော ထွက်ပေါက်ရရှိရန် လိုအပ်ပေသည်။ ကာမဆန္ဒ၌ အခြေပြုသော အိမ်ထောင်ရေးသည် အတ္တမာနနှင့် ကိုယ်ကျိုးရှာမှု၊ လူလူချင်း ခုတုံးပြုကင်း၍ မေတ္တာနှင့် သစ္စာတစ်ရားများ ပွင့်လန်းသော အိမ်ထောင်ရေး ဖြစ်ရပေမည်။ ဇနီးမောင်နှံနှစ်ဦးသည် ကာမဂုဏ် ခံစားမှု၊ စီးပွားဥစ္စာရှာမှု၌ နစ်မြုပ်မနေပဲ မိမိတို့ သားသမီးများအား လူတော်လူကောင်း ဖြစ်ရန် ပြုစုပျိုးထောင်ပေးခြင်း အားဖြင့် လောကတ္ထစရိယ လုပ်ငန်းသို့ ဦးတည်သော အိမ်ထောင်ရေး ဖြစ်ရပေမည်။
ဤသို့ဖြင့် လူ့လောက အကျိုးစီးပွားကို ဆောင်ရွက်လိုသော ယောင်္ကျား မိန်းမတို့သည် တစ်လင် တစ်မယား စနစ်က်ု လက်ခံ၍ သားသမီးများအား ကျွေးမွေးပြုစုရန် မိမိတို့၌ တာဝန်ရှိခြင်းကိုလည်း အသိအမှတ်ပြုရပေလိမ့်မည်။ ယခုခေတ်တွင် လူတစ်ဦး၌ ရှိသင့်ရှိထိုက်သော သားသမီးဦးရေနှင့် ပတ်သက်၍ သဘောအယူ ကွဲလွဲကြစေကာမူ သားသမီးရှိပါမှ အိမ်ထောင်သည်၏ ဘ၀သည် ကြန်အင်လက္ခဏာ ပြည့်စုံခြင်း၊ ဘ၀ခရီးလမ်း သာယာစိုပြေခြင်းကို မည်သူမျှငြင်းဆိုမည် မဟုတ်ချေ။ သားသမီးများကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် ပြုစုစောင့်ရှောက်ရန်အတွက် တစ်လင် တစ်မယားစနစ်သည် အကောင်းဆုံးစနစ်ဖြစ်ကြောင်းကို ယုံမှားစရာ မရှိချေ။ ကျွန်နုပ်တို့ စဉ်းစားရန်ရှိသည်ကား တစ်လင် တစ်မယား စနစ်သည် လူအများကျင့်သုံးနိုင်သော စနစ် ဖြစ်ပါ၏လော ဟူသည့် အချက်ပင် ဖြစ်တော့သည်။
ဤသည်မှာ အများအားဖြင့် ယောင်္ကျားတို့၏ ပြသနာဖြစ်သည်။ မိန်းမတစ်ယောက်က ယောင်္ကျားများနှင့် ထင်ထင်ပေါ်ပေါ် ပေါင်းသင်းနေထိုင်သော ဓလေ့ထုံးစံသည် တရံရောအခါက ရှိခဲ့ဖူးသည် မှန်သော်လည်း ယောင်္ကျားတစ်ဦးက မယားအများယူသော ဓလေ့ကဲ့သို့ ကမ္ဘာပေါ်မှာ အနှံ့အပြား မရှိခဲ့ချေ။ ယခုအခါ အနည်းငယ်သော သမိုင်းဦး လူမျိုးစုများမှတစ်ပါး တစ်ခြားလူမျိုးများ၌ လုံးဝ မတွေ့ရသလောက် ဖြစ်သည်။ မယားမှုပွေသော ယောင်္ကျားများကိုမူ ပညာတတ် ပညာမဲ့၊ သူဌေး၊ ဆင်းရဲသား လူတန်းစား အားလုံးလိုလို၌ မကြာခဏ တွေ့ရလေ့ ရှိသည်။
တစ်ချို့ယောင်္ကျားများသည် အဘယ်ကြောင့် မယားတစ်ယောက်တည်းနှင့် တင်းတိမ်ရောင့်ရဲမှု မရှိကြပါသနည်း။ ဤနေရာ၌ ကျွနုပ်တို့သည် လူတို့ အိမ်ရာထောင်ခြင်း၏ ပဓါန အကြောင်းရင်းဖြစ်သော ကာမရာဂစိတ်ကို စားလိုမှု၊ သောက်လိုမှု၊ ၀တ်လိုမှု စသည်တို့ကဲ့သို့ ခန္ဓာကိုယ်၏ တောင်းဆိုချက် တစ်ခုအနေဖြင့် ဆင်ခြင်သုံးသပ်ကြရပေတော့မည်။ စားမှု သောက်မှု ၀တ်မှု များ၌ လူတို့သည် ခန္ဓာကိုယ်ဒ လိုအပ်ချက်ဖြစ်သော ကျန်းမာရေး တစ်ခုတည်းကို မကြည့်ပဲ အစားအသောက် အမျိုးမျိုး အ၀တ်အထည် အမျိုးမျိုးကို ခုံမင် နှစ်သက်ကြသည်။ ထို့အတူ မယားတစ်ယောက်နှင့် ရောင့်ရဲမှု မရှိခြင်းသည် အပြောင်းအလဲကို အလိုရှိသော ကာမတဏှာ နယ်ချဲ့မှု သက်သက်ဖြစ်၍ သဘာဝ ဓမ္မ၏ တောင်းဆိုချက် မဟုတ်ပေ။ ကျန်းမာရေးအတွက် တစ်ခါတစ်ရံ အစားအစာ များကို ပြောင်းလဲရန် လိုကောင်းလိုပေမည်။ ကာမရာဂ ပြေငြိမ်းမှုအတွက် အလားတူ ဆင်ခြေမျိုးပေးရန် မဖြစ်နိုင်ပေ။
No comments:
Post a Comment