Monday, December 3, 2007

Me and My Blog!

 ချစ်လို့ တက် လိုက်တဲ့ ကိုပီကေ ကြောင့် သူ့ရဲ့ blog အသိုက်အမြုံလေးထဲက တစ်ယောက်ဖြစ်တဲ့ ကျွန်မလည်း ကျွန်မနဲ့ ကျွန်မဘလောဂ့်အကြောင်းကို ဖွင့်ချပြဖို့ အကြောင်းဖြစ်လာခဲ့ပါပြီ။ တစ်ကယ်တော့ ကျွန်မက စခဲ့တဲ့ Tag Game ကခုချိန်ထိ မရှိသေးဘူးရှင့်။ ဒီတော့ ကျွန်မလည်း သူများတွေကို အားကျပြီး Tag Game တစ်ခုတော့ လုပ်အုံးမှ လို့စဉ်းစားနေတုန်း ဟော….. ခုကိုပီကေကြီးက တက်လိုက်ပြန်ပြီတဲ့.. လုပ်ထား..။ အိုကေလေ တက်တော့လည်း ရေးရသပေါ့.. Me and My Blog!

တစ်ကယ်တော့ ကျွန်မ blog ကို စလုပ်တာ 2007 ဂျူလိုင်လ လောက်မှာပါ။ အရင်တုန်းကတော့ ဘလောဂ့်တွေ ကိုဖတ်ဖူး၊ ကြားဖူးနေပေမယ့်.. အိမ်မှာ အိမ်တွင်းနတ် (အင်တာနက်) မရှိတာက တစ်ကြောင်း၊ ရုံးမှာ မအားတာက တစ်ကြောင်းကြောင့် Planet, Padonma, Myanmar Teashop စတဲ့ ဖိုရမ်တွေမှာ ရေးနေရုံက လွဲပြီး ဘာမှ မလုပ်ဖြစ်ခဲ့ပါဘူး။ ဖိုရမ်မှာကျတော့ ကိုယ်က တော့ပစ်တစ်ခုလောက် စလိုက်ရင် ဆက်ရေးမယ့် သူတွေ၊ ဆက်ပွားမယ့် သူတွေ တစ်ပုံ တစ်ပင်ကြီးလေ။ ဒါကြောင့် Pinkgold တို့ တော့ပစ်ကို စပဲ စတယ်၊ ဘယ်တော့မှ ဟုတ်ထိ ပတ်ထိ ဆက်မရေးဘူး.. (မိုက်ပါ့).. နောက်တော့ ကျွန်မ Handle လုပ်နေတဲ့ TONI&GUY Hair Products လေးကို Web Adverting လုပ်ဖို့ စိတ်ကူးမိရာကနေ ကျွန်မ ဘလောဂ့်ကို စလုပ်ဖြစ်ခဲ့တာပါ။

စစချင်းတော့ Product ကြော်ငြာဆိုတော့ ဘိုလိုပဲ ရေးပါတယ်။ အားလုံးလည်း သိကြမှာပါ။ ကျွန်မ ဘလောဂ့်မှာ အရင်တုန်းကဆို TONI&GUY Product အကြောင်းတွေ ချည်းပဲလေ။ အလည်လာကြတဲ့ သူတွေတောင် ခေါင်းလိမ်ဆီ ပေးပါဗျို့၊ ခေါင်းလျှော်ရည် ပေးပါဗျို့နဲ့ အော်တတ်ကြပါသေးတယ်။ ဒီလိုနဲ့ ကျွန်မ ဘလောဂ့်လေးကို စတင်ခဲ့တာပါ။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှချင်တော့ August လောက်မှာ ကျွန်မ ဘလောဂ့်ကို Template ပြင်နေရင်းကနေ မတော်တစ်ဆ ဘလောဂ့် ပျက်သွားတယ်ရှင်။ ပြန်ပြင်လို့တော့ ရပေမယ့် စိတ်မရှည်တတ်တဲ့ ကျွန်မ စိတ်တိုတိုနဲ့ပဲ ဘလောဂ့်တစ်ခုလုံးကို delete လုပ်ပလိုက်တယ်လေ။

တစ်ကယ်တော့ ကျွန်မ Blog Coding တွေ အကြောင်းကို ဘာတစ်ခုမှ မသိ၊ နားမလည်ပါဘူး။ ဖိုရမ်ထဲကနေ ခင်လာပြီး၊ blogger လည်းဖြစ်နေတဲ့ သူငယ်ချင်းတွေ၊ မောင်လေးတွေကို အကူအညီတောင်းရတာပေါ့နော်။ မိုးတိမ်တို့၊ ကိုထိုက်တို့၊ တေဇာတို့ ဆိုရင် ကျွန်မပေးတဲ့ ဒုက္ခကို ခံစားနေကျ သူတွေပါ။ အဲ ဘလောဂ့်ပျက်သွား ချိန်မှာမှ ကျွန်မ သိလိုက်ရတာက ဘလောဂ့် မရေးရရင် ကျွန်မ ဘယ်လိုမှ မနေတတ်တော့ဘူး ဆိုတာပါပဲ။ အဲတော့မှ အခု blog လေးကို ကျွန်မ စတင်ဖြစ်ခဲ့တာပါ။ Blogger တွေထဲမှာ ကျွန်မကြိုက်တဲ့ သူတွေ တော်တော် များပါတယ်။ ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊ ကိုဇင်ကိုလတ်၊ ကိုညီညီ၊ မနိုင်းနိုင်း၊ မအိမ်ချမ်းမြေ့…. အို အများကြီးပါပဲ။ ခက်တာက ကျွန်မ သူတို့လို စာတွေ၊ ကဗျာတွေ ကောင်းကောင်း မရေး တတ်ဘူးရှင့်။ ဘလောဂ့်ကလည်း ရေးချင်သေးတယ်၊ ဟုတ်ထိ ပတ်ထိလည်း မရေးတတ်၊ ကိုယ့်ဘလောဂ့်ကို လူများများ လာဖတ်တာလည်း ခံချင် သေးတယ်ဆိုတော့ ကျွန်မ ဘာအကြောင်းတွေကိုများ ဘလောဂ့် ရမှာပါလိမ့်နော်….။

နောက်တော့မှ ကျွန်မ သတိထားမိ သွားတာက မြန်မာ ဘလောဂ့်တွေ ထဲမှာ အလှအပနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုပဲ သီးသန့်ရေးထားတဲ့ ဘလောဂ့် တော်တော် ရှားသေးတယ် ဆိုတာပါပဲ။ ဒီတော့ ကျွန်မ အလှပြင်တာ ၀ါသနာ မပါပေမယ့်၊ The World Of Physical and Mental Beauty ဆိုတဲ့ ဘလောဂ့်လေးကို ဖန်တီးဖြစ်ရတာပါ။ နောက်တော့ ကျွန်မ အားတိုင်း ဘလောဂ့်တွေပေါ် ရောက်တော့တာပဲ။ ဘလောဂ့်မှာ တင်ဖို့ Articles တွေကို ဖွေရှာမွှေ နှောက်တော့တာပဲ။ သူများတွေဆီသွားလည်းရင်း ပျော်နေသလို၊ ကိုယ့်ဘလောဂ့်ကို လူလာဖတ်ဖို့ကိုလည်း မျှော်တတ်လာမိတော့တယ်လေ။ Blog Seminar ကြီးမှာလည်း အခမ်းအနားမှူး တစ်ယောက် အနေနဲ့ Supporting Asset အဖြစ် ပါဝင်ခဲ့ပါသေးတယ်။ Blogger သူငယ်ချင်းတွေလည်း တိုးသထက် တိုးလာလို့ Blog Community ကြီးကိုသာ ငါစွန့်ခွာ ခဲ့ရရင် ဆိုတဲ့ အတွေးကို မတွေးရဲလောက် အောင်ပဲ ဖြစ်လာခဲ့မိပါတော့မယ်။ ဒီကြားထဲမှာ Blogger ကို ပုဂံကနေ ဘန်းလိုက်တော့ တော်တော်လေးကို စိတ်ထိခိုက်ပြီး မစားနိုင်၊ မသောက်နိုင် ဖြစ်ခဲ့ပါသေးတယ်။ နောက်တော့မှ www.all-channel.com ကိုလုပ်တဲ့ ကိုသီဟက ကျွန်မအတွက် domain လေးတစ်ခုဝယ်ပြီး လက်ဆောင်ပေးတော့ ဖတ်ရတဲ့ သူတွေအတွက် တော်တော် အဆင်ပြေသွားတာပေါ့နော်။

ခုတော့ ဘလောဂ့်ရေးရတာကို မွေ့လျော်ရင်း၊ ဘလောဂ့်တွေ ဖတ်ရတာကို နှစ်သက်ရင်း ခပ်ရင့်ရင့် အတွေးသံစဉ်များ ဆိုတဲ့ ဘလောဂ့်အသစ် တစ်ခုကိုလည်း မကြာသေးမီကမှ ကျွန်မတို့ သူငယ်ချင်းတွေ ပေါင်းပြီး ဖန်တီးဖြစ်ခဲ့ကြပါတယ်။ ဒီ ဘလောဂ့်ကို ဖန်တီးရတာက ဘာကြောင့်လည်း ဆိုရင် ကျွန်မ လက်ဆော့ ချင်လို့ပါ။ ကျွန်မက ဒီဘက်မှာ အလှအပတွေအကြောင်း ရေးနေတော့ တစ်ခါတစ်လေ ကျွန်မစိတ်ထဲ တွေးမိတာလေးတွေ၊ ကျွန်မပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းတွေကို ဒီမှာ ချရေးဖို့ကျတော့ သိပ်မလိုက်သလိုပဲလေ။ ဒါကြောင့် စာရေးကောင်းတဲ့ သူငယ်ချင်းတွေကို နှိပ်စက်ပြီး ကျွန်မအဲဒီ blog လေးကို လုပ်ရတာပေါ့ရှင်။ ကဲ ခုတော့ ကျွန်မရေးချင်တဲ့ အကြောင်းတွေကို ချပြဖို့ နေရာလည်းရှိ၊ အလှအပ ဘလောဂ့်လေး ကလည်း အဆင့်သင့် ဆိုတော့ တစ်နေ့ တစ်နေ့ ကျွန်မ အချိန်တွေဟာ အလုပ်ရယ်၊ ဘလောဂ့်ရယ်နဲ့ ဘယ်လို ဘယ်လို ကုန်သွားမှန်းတောင် မသိတော့ဘူးလေ။ ဘာပဲပြောပြော Blogger တစ်ယောက်ဖြစ်ရတာ၊ Blog Community ထဲမှာ ကျင်လည်ရတာ ကျွန်မအတွက်တော့ ပျော်ရွှင်ဖွယ်ရာ ဘ၀ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတော့တယ်ရှင်။

ဒီအကြောင်းလေးကို ရေးဖို့ ဘယ်သူ့ကို မှတော့ မတက်တော့ပါဘူးရှင်။ သူများက စတဲ့ တက်ဂိမ်းကို ကိုယ်ကလိုက် မဆက်ချင်ပေါင် (အဟိ…) ကိုယ့်ဘာသာကို တက်ဂိမ်း အသစ်လုပ်တော့မှ မရေးပဲ နေဖို့ မစဉ်းစားနဲ့ကွ ကိုပီကေရ.. အဟားးးးးးးးးးး

 

2 comments:

Anonymous said...

စိန်ခေါ်သွားတယ်ပေါ့။ စိန်ခေါ်ရင် အိမ်ပေါ်ထိ (အဲ ဟုတ်ဘူး) တိမ်ပေါ်ထိ လိုက်တယ်နော်။ Blog Community ထဲမှာ ကျနော်တို့လည်း ပျော်နေတယ်ဗျ။ အာလုံးကို ခင်မင်ခွင့်ရတာ အတော် ၀မ်းသာပါတယ်။ တက်မယ်ဆို လိုက်မယ်နော်။ အပေါ်ထိရောက်အောင်။ ဟတ်ဟတ်။

Anonymous said...

သြော် ... ဂလိုလား။ ကောင်းပ။ မရေးရရင် မနေနိုင်တဲ့ မပင့်ဂိုးလ်လေး ရေ... ရေးဗျို့၊ ရေး ရေး။