Saturday, December 15, 2007

Comment from Jo Han Aung.

အကို ယောဟန်အောင်ဆီကနေ ပေးလာတဲ့ comment ကို အားလုံး ဖတ်စေချင်တဲ့ စေတနာကြောင့် တင်ပေးလိုက်ပါတယ်ရှင်။ ၀င်ဆွေးနွေးပေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်။
သို့
ဒေါ်ပင့်ဂိုးလ်

ညီမ အရွယ်လောက်ရှိမယ် ထင်ပါတယ်။
ကျနော် တလင်တမယားစနစ်ဆိုတဲ့ ပို့စ်ကလေးဖတ်ရပါတယ်။ တင်ပေးတဲ့၊ ဆွေးနွေးတဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ သို့သော်လည်း ကျင့်ဝတ်ပိုင်းဆိုင်ရာ ရှုထောင့်က ချဉ်းကပ်မှု သိပ်များသလားလို့ ယူဆမိပါတယ်။ ဖော်ပြထားတဲ့အတိုင်း ဦးအေးမောင် စာအုပ်? ကို ဖတ်ဖြစ်ပြီး ရေးမိတာဆိုတော့လည်း ကျင့်ဝတ်ပိုင်းများတာ ဖြစ်ပါလိမ့်မယ်။ ကျနော် စဉ်းစားပါ သေးတယ်။ သို့သော် သိပ်ဆွေးနွေးချင်လို့ မအားတဲ့ကြားက အချိန်အနည်းငယ် ယူပြီး စာရေးလိုက်တာ ဖြစ်ပါတယ်။ ဆရာ ကြီး လေသံပေါက်ရင် ခွင့်လွှတ်ပါ။ ဒီကော်မန့်ကို ပို့မှာတင်ချင်လည်းတင်၊ မတင်ရင်လည်းနေပါ။ ပြဿနာ မရှိပါ။

၁။ ကျနော် စာတအုပ်မှာ ဖတ်ဖူးပါတယ်။ အချစ်ဆိုတာ ၃-နားညီ တြိဂံနဲ့ တူတယ်လို့ ပြောပါတယ်။ “ရင်းနှီးမှု” “ယုံကြည်မှု” “လိင်အရ ဆွဲဆောင်နိုင်မှု” ဆိုတဲ့ အနား ၃-နားပါပဲ။ တခုခု ချို့ယွင်းခဲ့လို့ရှိရင် အရသာပြယ်နေတတ်ပါတယ်။
ဆိုပါစို့။
ရင်းနှီးမှုရှိတယ်။ ယုံကြည်မှုရှိတယ်။ လိင်ကိစ္စ မပါဘူး။ (သူငယ်ချင်းတွေလည်း ဖြစ်နိုင်တာပဲ)
ရင်းနှီးမှုရှိတယ်။ လိင်ကိစ္စပါတယ်။ ယုံကြည်မှု မရှိဘူး။ (တညတာကိစ္စ၊ အပျော်လိုက်တဲ့ကိစ္စတွေလည်း ဖြစ်နိုင်တယ်။)
ရင်းနှီးမှု မရှိဘူး။ ကျန်တာ ၂-ခုတော့ ရှိတယ်။ (သွေးအေးသွားတဲ့ လင်မယားတွေ၊ အချစ်မပါပဲ အိမ်ထောင်ပြုရတာမျိုး လည်း ဖြစ်လိမ့်မယ်) အဲသည်တော့ စာရေးဆရာက ၃-နားညီဖို့ လိုတယ် ပြောပါတယ်။

၂။ အဲသည်စာရေးဆရာက M. Scott Peterson M. D. ပါ။ The Road Less Travelled ဆိုတဲ့ စာအုပ်ပါ။ ကြုံရင် ရှာဖတ် စေချင်ပါတယ်။ သူဆွေးနွေးထားတာတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ အိမ်ထောင်မပြုခင် ဖတ်သင့်တယ်လို့ အကြံ ပြုချင်တဲ့ စာအုပ်မျိုးပါ။ ၂၅ ကြိမ်တိုင်တိုင် ပြန်ရိုက်ရပြီး Best seller စာအုပ်ပါ။
သူပြောတာက လူတွေမှာ ယုံမှတ်မှားချက် (Myth) ၊ ပုံပြင်၊ ဒဏ္ဍာရီတွေနဲ့ ကြီးလာကြရပါတယ်။ ကျနော်တို့ ကြားဖူးတဲ့ အိပ်ယာဝင် ပုံပြင် စနိုးဝှိုက်၊ စင်ဒရဲလား၊ စသဖြင့် နတ်သမီးပုံပြင် Fairy tales တွေပေါ့။ အဲသည်မှာ မင်းသမီးလေးပါတယ်။ သူ့ကို လာကယ်တဲ့ မင်းသားလေးပါတယ်။ အဲသည်လို ပုံပြင်တွေနဲ့ (ဘယ်လိုယဉ်ကျေးမှုမှာ မဆို) ကြီးပြင်းလာရပါတယ်။ အဲသည်တော့ ချစ်တဲ့သူလည်း တွေ့ရော၊ ချက်ချင်း ကိုယ်ရှာနေတဲ့ မင်းသားလေးလို့ ထင်လိုက်တတ်ပါတယ်။ ယောက်ျား လေးကလည်း ငါရှာနေတဲ့ စင်ဒရဲလား ဖိနပ်ပိုင်ရှင်လေးတော့ တွေ့ပြီ ထင်တတ်ကြပါတယ်။ အဲသည်လို တွေ့ကြတာဟာ သာမန်အကြောင်း မဟုတ်ဘူး။ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တွေကြောင့်၊ ကောင်းကင်မှာလည်း ကြည်နက္ခတ်တာရာ တွေ စုံညီလို့၊ ကျနော်တို့ မြန်မာစာမှာဆိုရင်လည်း ဖူးစာဆုံလို့ ကြုံရတာမျိုး ထင်မိတတ်ကြပါတယ်။ ဒီဟာတွေက ဖန်တီး ထားတဲ့ မျိုးရိုးစဉ်ဆက် Myth တွေကြောင့်ပါ။

နောက်တော့ အိမ်ထောင်ပြုပြီး သိပ်မကြာခင်မှာပဲ ကိုယ်ရှာနေတဲ့ မင်းသားလေး မဟုတ်ပါလားလို့ ထင်လာတတ်ပါတယ်။ ပထမ ကာလ Chemistry ပျယ်ချိန် ဆိုပါတော့။ ယောက်ျားလေးဘက်ကလည်း အလားတူပဲ။ အပြစ်တွေ မြင်လာပါတယ်။ သည်တော့ အိမ်ထောင်ကွဲတာတွေ နောက်ဆုံး ဖြစ်လာပါတယ်။ “တလင် တမယားစနစ်” ဆိုတာတော့ ကောင်းပါတယ်။ သို့သော်လည်း အကြောင်းကြောင်းကို ထောက်ထားပြီး အမျိုးသမီးတွေဘက်က မကွဲရ။ ချုပ်ချယ်ထားမယ်ဆိုရင်တော့ လူ့ အခွင့်အရေးအရ မတရားဘူးလို့ ထင်မိပါတယ်။ တကယ်လို့ တချိန် သဘောမတွေ့ကြရင်လည်း ကွဲခွင့် ရှိသင့်ပါတယ်။ သို့ သော်လည်း ကလေးတွေ အရေးတော့ ရှိပါတယ်။

၃။ အခုတလော ဒီကိစ္စတွေကို သူငယ်ချင်းတယောက်နဲ့ ဆွေးနွေးပြောဆိုဖြစ်ပါတယ်။ အကြောင်းက သူက မကြာခင် အိမ်ထောင်ပြုဖို့ စဉ်းစားနေလို့ပါ။ ကျနော်တို့ နိုင်ငံမှာ အိမ်ထောင်ကွာရှင်းမယ်ဆိုရင် အမျိုးသမီးတွေကို ကာကွယ်ပေးထား တာ မတွေ့ရပါဘူး။ အမေရိကန်မှာတော့ ဒီအချက်တွေကို ဥပဒေနဲ့ ကာကွယ်ပေးထားတာ တွေ့ရပါတယ်။ အမေရိကန်ဟာ ရုပ်ဝတ္ထုတိုးတက်သော်လည်း ဘာသာရေး အတော်အစွဲသန်တဲ့ နိုင်ငံပါ။ သူတို့က တလင်တမယားစနစ်ကို ဥပဒေအရပါ ပြဌာန်းထားပါတယ်။ လက်ထပ်ကြတဲ့ အခါ ချပ်ကျောင်းတွေမှာ လက်ထပ်ခြင်းအားဖြင့် လက်ထပ်ခြင်းကို “ဘုရားသခင်” နဲ့ပါ တွဲချည်ထားလိုက်ကြပါတယ်။ တခါ လင်မယားကွဲတဲ့အခါ ကလေးတွေကို ဘယ်သူစောင့်ရှောက်ခွင့်ရှိတယ် ဆိုတာ ကို ဥပဒေနဲ့ ပြဌာန်းပါတယ်။ အိမ်ထောင်ကွဲကြရင် မိန်းမက ပိုင်ဆိုင်မှု အိမ်တွေ ဘာတွေလည်း ရပါတယ်။ ကလေးရှိနေရင် အရွယ် မရောက်သေးမချင်း၊ ယခင်ယောက်ျားက ကလေးထောက်ပံ့ကြေး child support ပေးကြရပါတယ်။ သူတို့လခရဲ့ သုံးပုံတပုံမှသည် အတော်များများကို ပေးကြရပါတယ်။ အဲသည်ယောက်ျားလည်း လူမွေးမပြောင်သလောက် ဖြစ်သွားပါ တယ်။ မိန်းမကတော့ ကလေးထောက်ပံ့ကြေးယူပြီး ကလေးတွေကို စောင့်ရှောက်နိုင်တယ်။ နောက်အိမ်ထောင်ပြုတဲ့အခါ ကလေးထောက်ပံ့ကြေး မရတော့ပါဘူး။ အကယ်၍ ကလေးထောက်ပံ့ကြေး ပေးဖို့ ပျက်ကွက်ရင် (သေချာမသိ) ၃-လ ခန့် ကြာတဲ့အခါ ယောက်ျားဆီက driver liscence ကို သိမ်းပါတယ်။ ကားမောင်းခွင့် မရှိရင် ခြေဖြတ်လိုက်သလိုပါပဲ။ အဲသည် တော့ ဆန္ဒမတူလို့ ကွဲကြစေဦး။ အမျိုးသမီးနဲ့ ကလေးများကို ကာကွယ်ပေးထားမှု ရှိပါတယ်။ သို့သော်လည်း ဆိုးကျိုးတွေ လည်း ရှိလာပါတယ်။ ယောက်ျားတဦးက မိန်းကလေးတဦးကို လက်ထပ်ဖို့ဆိုတာ အတော်စဉ်းစားရပါတော့တယ်။ တွဲရင် တွဲမယ်။ လက်ထပ်ဖို့ ပြောလာရင် ရန်သူ။ မိန်းကလေးတွေဖက်ကလည်း Will you marry me? လို့ ပြောလာရင် အတော့် ကို ပျော်နေကြရတာမျိုး ရုပ်ရှင်တွေမှာ တွေ့ဖူးမှာပါ။ နောက်တခါ ကလေးထောက်ပံ့ကြေးယူထားတဲ့ မိခင်တွေကလည်း နောက်ရီးစားထားမယ်။ လက်တော့ မထပ်ဘူး။ (ထောက်ပံ့ကြေး ပြတ်သွားမှာစိုးလို့)။ တခါ ယောက်ျားကလည်း ကိုယ့် ကလေးတွေအတွက် ထောက်ပံ့ရတာကို ၀တ္တရားတခုလို ဆူဆူအောင့်အောင့် ဖြစ်လာတယ်။ မေတ္တာ မပါတော့ဘူးပေါ့။ လူမဲ မိသားစုတွေမှာ ပညာရေးနိမ့်ကျတော့ ပိုအဖြစ်များပါတယ်။

၎။ နောက်တချက်က ကျနော်တို့ နိုင်ငံမှာ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ counselling ကိစ္စက မရှိသလောက်ပါပဲ။ ကျနော် တို့ ဆီမှာတော့ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းလို့ ဘာသာပြန်ကြတယ် ထင်ပါတယ်။ ကျနော်တို့က စိတ်ဆရာဝန်နဲ့တွေ့ရင် ရူးတယ်လို့ ထင်ကြတယ်။ မတွေ့ချင်ကြဘူး။ ဒီမှာက သာမာန်ကိစ္စ။ လင်-မယားကြားမှာ ကတောက်ကဆတွေ ရှိတတ်ပါ တယ်။ အဲသည်လို အချိန်မျိုးမှာ ဒီမှာတော့ အကြံပေးသူတွေ ရှိတတ်ပါတယ်။ ကြားဖြတ်ပြောရရင် ကျနော် မိန်းမရကံ ကောင်းတယ် ဆိုရပါမယ်။ နားမပူတတ်ဘူး။ တခါတလေ ကျနော်က ဆူမိရင် သူက “အသံကျယ်လာပြီနော်” လို့ ပြောရင် ကျနော် ဘရိတ်ပြန်အုပ်ရတယ်။ သူက ပြောမိရင်လည်း ကျနော်က “ကြည့်.. လာဆူနေတယ်” လို့ ပြောရင် သူလည်း ပြန် ထိန်းတယ်။ ပြီးမှ ပြဿနာကို အေးအေးဆေးဆေး ပြောကြတယ်။ အခု အိမ်ထောင်သက် ၇-နှစ်ကျော်မှာ ရန်တခါမှ မဖြစ် ဖူးဘူး။
အဲသည်လို အိမ်ထောင်တွင်း ပြဿနာတွေ ရှိလာတဲ့အခါမှာ ကျနော်တို့ နိုင်ငံမှာက Counselling မရှိတော့ မိန်းမလုပ်သူ ကလည်း သူ့မိဘတွေဘက်သွားပြောတယ်။ ယောက်ျားကလည်း သူ့အသိုင်းအ၀ိုင်း သွားပြောတယ်။ အဲသည်မှာ အကြံပေး ချက်တွေက မှန်ကန်စရာ အကြောင်းနည်းတယ်။ ကိုယ့်လူဆိုတဲ့ အမြင်နဲ့ ဘက်လိုက် အကြံပေးကြတော့ “ဘက်လိုက်မှု” ပါနေတယ်။ ပြဿနာ ပိုကြီးသွားနိုင်တယ်။ ဒါမျိုးလည်း အိမ်ထောင်တွေ မကွဲခင် ရှိသင့်တယ် ထင်ပါတယ်။

၅။ စာလည်း တော်တော်ရှည်သွားပါပြီ။ နောက်တခုကတော့ ကျနော်တို့က နှစ်ယောက်ပေါင်းတာမဟုတ်ဘဲ ယောက်ခမ၊ ယောက်ခထီး၊ မိသားစုကြီး ၂-ခု ပေါင်းသလို ပေါင်းကြရတာပါ။ အဲသည်တော့ အပိုပြဿနာတွေလည်း များရပါတယ်။ တဘက်ကလည်း ဒါဟာအိမ်ထောင်ရေး ခိုင်မြဲစေဖို့၊ ဖောက်ပြန်မှု နည်းစေဖို့ အကြောင်းဖြစ်သလို၊ ဒါတွေကြောင့် ကွဲတာ လည်း မနည်းပါ။ စီးပွားရေးအရ အိမ်ခွဲနေနိုင်ကြရင်တော့ ကောင်းတာပေါ့။ နောက်တခုက အိမ်ထောင်မှာ လခအပ်-မအပ် ဆိုတဲ့ ပြဿနာတွေလည်း ရှိတတ်ပါသေးတယ်။ တချို့မိန်းမတွေက လခအပ်မှ ကြိုက်တယ်။ ထိန်းချုပ်ချင်တာ။ ကျနော်တို့ လင်မယားက အပ်စရာ မလိုဘူး။ သူလည်း သူ့ဝင်ငွေ၊ ကျနော်လည်း ကျနော့ဝင်ငွေ တခါတလေ လိုရင် အပြန်အလှန်ပေး ကြတယ်။ ညှိကြတယ်။ အိမ်ထောင်ရေးမှာ သီးခြားလွတ်လပ်မှုဟာလည်း ထည့်စဉ်းစားသင့်တဲ့ ကိစ္စပါ။

၆။ နောက်တခုကတော့ ကျနော်ကြားဖူးတဲ့ ဇာတ်လမ်းလေးရှိပါတယ်။ မြန်မာပြည်က နာမယ်ကြီးစာရေးဆရာ (လူပျိုကြီး) တယောက်ဟာ စာရေးဆရာမကြီးတယောက်ကို အတော်ကြိုက်ပါတယ်။ အခု အဖိုးကြီးဖြစ်နေတာတောင် ကြိုက်တုန်းပါ။ ဆရာမကြီးကတော့ တခြားစာရေးဆရာနဲ့ အိမ်ထောင်ကျ၊ မြေးတွေ ဘာတွေရလို့ပေါ့။ သူကတော့ ဘယ်လိုသဘောရှိတယ် မသိပါဘူး။ (နာမည်တွေတော့ မပြောတော့ဘူး) ဆရာမကြီးခင်ပွန်းက ဆုံးရှာပြီ။ အနောက်နိုင်ငံမှာတော့ အသက်အရွယ် ဘယ်လောက်ကြီးကြီး တချိန် သူတို့ချစ်နေကြရင် အတူနေကြမှာပါ။ သားတွေ၊ မြေးတွေလည်း သူ့ဘာသာ သွားပေါ့။ မြန်မာပြည်မှာသာ အိမ်ထောင်ပြုကြည့်ပါလား။ အဘွားကြီး.. အသက်ကြီးမှ .... .... .... ဝေဖန်ချက်တွေ အများကြီးလာမှာ ပါ။ ဒါလည်း ဖြစ်သင့်ပါသလား။ နောက်ပြီး ကျနော်တို့ဆီမှာ မိသားစုတွေက တစုကြီးနေကြတော့ နည်းနည်းလေးအသက် ရလာရင်လည်း လင်မယားတွေ ခွဲအိပ်ကြတယ်။ ကလေးတွေနဲ့ ရှက်ကြတယ် ဆိုပြီး အသက် ၅၀ ကျော်ရုံလေးမှာတင် လင်မယား ခွဲအိပ်ကြ တော့တယ်။ ဆေးပညာအရ sex ဟာလည်း လူ့အသက်ကို ရှည်စေပါတယ်။ အနောက်နိုင်ငံတွေ မှာက ဒီကိစ္စတွေ ဂရုမစိုက်ဘူး။ အသက်ကြီးမှ ပင်စင်စားပြီး ခရီးရှည်ထွက်၊ အိမ်ထောင်အရသာကို ခံစားနိုင်ကြတော့ တယ်။ ဒီလို ယဉ်ကျေးမှုတွေဟာလည်း ပြောင်းလဲသင့်သလား။ ကျနော်တို့ လူ့အဖွဲ့အစည်းကရော ဘယ်လောက်လက်ခံနိုင် မှာလဲ။ စဉ်းစားစရာတွေ အများကြီးပါ။

ညီမလည်း စဉ်းစားချက်တွေ ရနိုင်မယ်ထင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ကျနော်ပြောတဲ့ စာအုပ်လေး ရှာဖတ်ကြည့်ပါ။

ခင်မင်လေးစားစွာဖြင့်

ယောဟန်အောင်

No comments: