Thursday, April 17, 2008

My Thingyan Days, My Thingyan Review.

ဒီနေ့ မြန်မာနှစ်ဆန်း (1) ရက်နေ့ကို ရောက်လာလို့၊ နှစ်သစ်ချိန်ခါကို ကူးပြောင်းလို့ လာပြန်ပါပြီ။ မြန်မာတို့ရဲ့ မင်္ဂလာရှိသော နှစ်သစ်မှာ၊ ကျွန်မတို့ မြန်မာနိုင်ငံ သားတွေအားလုံး မင်္ဂလာရှိနိုင်ကြပါစေလို့ တောင်းဆု ပြုပါရစေရှင်။ နှစ်သစ်ကို ကူးပြောင်းခြင်းရဲ့ အမှတ်အသားဖြစ်တဲ့ မြန်မာ့ရိုးရာ သင်္ကြန်ဟာလည်း ပျော်ရွှင်စွာပဲ အဆုံးသတ်ခဲ့ပါတယ်။ ပျော်ရွှင်စွာ အဆုံးသတ်ခဲ့တယ်လို့ပဲ ပြောပါရစေ။ ဘာကြောင့်လဲ ဆိုတော့ တစ်နှစ်ပတ်လုံး ရုန်းကန် လှုပ်ရှား လုပ်ကိုင်ခဲ့ရသမျှ သင်္ကြန်ကာလလေးမှာ လူတိုင်းလူတိုင်း အနားယူ၊ ကုသိုလ်ပြုနဲ့ အများစုဟာ ပျော်ပျော်လေး ဖြတ်သန်းနေကြလို့ပါပဲ။ သင်္ကြန်ဆိုတာ ပင်ပန်းမှုကို ဖြေဖျောက်နိုင်တဲ့ စိတ်ရဲ့ ထွက်ပေါက်တစ်ခု ဖြစ်တယ်လို့ ကျွန်မက ပြောရင်လည်း လက်ခံနိုင်ကြမယ်ထင်ပါတယ်။

ကျွန်မရဲ့ သင်္ကြန်နေ့ရက်တွေကရော ဘယ်လိုလဲ၊ ပင့်ဂိုလ်းတစ်ယောက် သင်္ကြန်ကို ဘယ်လို ဖြတ်သန်းခဲ့လဲ သိချင်ကြမှာပေါ့။ မေးချင်ကြမှာပေါ့။ တစ်ကယ်တော့ အကြတ်နှစ်ရက် ထပ်တဲ့ 5 ရက်တာ သင်္ကြန်ငာလဟာ ကျွန်မ အတွက်တော့ ခြောက်သွေ့လုနီးနီး ဖြစ်ခဲ့ပါတယ်။ အတက်နေ့ တစ်ရက်လေးပဲ ကျွန်မ အပြင်ထွက် ပျော်နိုင်ခဲ့တာပါ။ သင်္ကြန်အကြိုနေ့ကတည်းက ကျွန်မ နေမကောင်း ဖြစ်နေခဲ့တော့ ဘယ်လိုလုပ် ပျော်နိုင်တော့မှာလဲနော်။

ကျွန်မရဲ့ အကုသိုလ်တွေ အကျိုးပေးတာလား၊ အကြောင်းတရားကပဲ တိုက်ဆိုင်လွန်းလှတာလားတော့ မသိဘူးရှင်။ အခါကြီး ရက်ကြီးမှာ နေမကောင်းဖြစ်တာကတော့ ကျွန်မအတွက် တော်တော်လေးကို မကောင်းတာပါ။ အကြိုနေ့ကတည်းက သွားတွေ သေလောက်အောင် ကိုက်နေပြီး၊ အကျနေ့မှာတော့ အဖျားပါ ၀င်လာတော့တယ်လေ။ သွားကိုက်ပြီး သွားဖုံးရောင်တဲ့ အရှိန်ကြောင့် ပါးကလည်း ရောင်ကိုင်းနေတာမှ ဘယ်လိုမှကို မြင်မကောင်းပါဘူး။ သင်္ကြန်ရက်အတွင်း ဆေးခန်းတွေကလည်းပိတ်တော့ ကျွန်မတစ်ယောက် အိမ်ထဲမှာပဲ ဝေဒနာကို ဆေးသောက်ရင်း ကုရတော့တာပေါ့။ ဒေါက်တာ ရမ်းကု ဆိုတဲ့ ဘွဲ့ကို သင်္ကြန်ကာလအတွင်း ကိုယ့်ကိုကိုယ့် ရဲရဲကြီး နာမည်ပေးလိုက်တော့တယ်။ လမ်းထိပ် ဆေးဆိုင်ကနေ အကိုက်အခဲ ပျောက်ဆေးတွေ၊ အရောင်ကျဆေးတွေ၊ အဖျားပျောက်ဆေးတွေကို ဗမာဆေးရော၊ အင်္ဂလိပ်ဆေးပါ အကုန်ဝယ်ပြီး သောက်လိုက်တော့တာပါပဲ။ မောရိယ မန်းဆေးတွေကိုလည်း ပါးမှာ လိမ်းထားတာ ၀ါထိန်ပြီး တော်တော်ကို ရီချင်စရာ ကောင်းနေပါသေးတယ်။ သင်္ကြန် ဒုတိယ အကြတ်နေ့ရောက်တော့ ဆေးတွေကပဲ တန်ခိုးပြတာလား၊ ကောင်းချင်လို့လားပဲ မသိတော့ဘူး၊ ကျွန်မ နည်းနည်းလေး ထူထူထောင်ထောင် ဖြစ်လာတယ်လေ။

နည်းနည်းလေး နေကောင်းလာတဲ့ ကျွန်မ၊ ရှေ့ရက်တွေက ဘာမှ မလုပ်ဖြစ်ခဲ့တာကို အငြိုးထားပြီး သင်္ကြန်နောက်ဆုံးနေ့မှာ ပျော်ပျော်ကြီး ကဲလိုက်ပါသေးတယ်။ ဒါတောင် မနက် အိမ်က ထွက်ချိန်မှာ ကိုယ်နည်းနည်းပူပြီး၊ ပါးရောင်တာကလည်း မပျောက်သေးဘူးလေ။ မတတ်နိုင်ဘူးရှင့် ဒီနေ့မှ မထွက်ရရင် မနက်ဖြန်ဆိုတာ မရှိတော့ဘူး၊ ဘုန်းကြီးကျောင်းသွားဖို့လည်း စိတ်သိပ်မပါတာနဲ့ ဘာညာတို့၊ ဒီမိုတို့၊ ကိုဘလာဂေါက်တို့နဲ့ တူတူ ရေပက်ခံ ထွက်တော့တာပေါ့။ ဒီမှာတင် ကျွန်မရဲ့ Thingyan Review ရေးဖို့ အကြောင်း ဖန်လာတော့တာပေါ့။

Thingyan Review

ကျွန်မ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ သင်္ကြန်ဆိုတာ မြန်မာတို့ရဲ့ ယဉ်ကျေးမှု မှတ်တိုင်တစ်ခု၊ ရိုးရာပွဲတော် တစ်ခုပါ။ တစ်နိုင်ငံလုံး စိတ်လွတ် ကိုယ်လွတ် ပျော်ကြတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပျော်တယ်ဆိုတာလည်း ပျော်တတ်မှ ရသလို၊ မပျော်တတ်ရင်တော့ ဘေးတစ်ခုခုနဲ့ ကြုံမှာပါပဲ။ ကျွန်မပြောချင်တာကတော့ ဒါတွေကို အဓိကထား ပြောမှာ မဟုတ်ပါဘူး။ သင်္ကြန်မှာ ကျွန်မ တွေ့ခဲ့ မြင်ခဲ့တာလေးတွေကို ပြန်လည် ဖောက်သည်ချချင်တာလေးပါ။

စစချင်း ပြောချင်တာကတော့ ကောင်မလေးတွေပါပဲ။ မြန်မာ မိန်းကလေးတွေပေါ့။ ပြောင်းလဲ လာတဲ့ ခေတ်ရေစီးကြောင်းနဲ့ အညီ၊ နေထိုင်ဝတ်စားမှု စရိုက်တွေ ပြောင်းလဲလာတာကို လက်ခံလို့ ရပါတယ်။ ဒါပေမယ့် အများအမြင်မှာ မရိုင်းရလေအောင် ပြောင်းလဲတာကတော့ အသင့်တော်ဆုံး ဖြစ်မယ်ထင်ပါတယ်။ ၀တ်တာ စားတာ၊ နေတာ ထိုင်တာတွေဟာ မိန်းကလေး တစ်ယောက်အနေနဲ့ ဆင်ခြင်သင့်တဲ့ အရာတစ်ခုပါ။ သင်္ကြန်ပဲ တစ်နှစ်မှ တစ်ခါကဲရတာ၊ နေချင်သလို နေမယ်ဆိုရင် ကဲ ဘာဖြစ်မလဲ။ ခေတ် ပေါ်စကားနဲ့ ပြောရရင် ယောင်္ကျား သားအပေါင်းကို အလှူပေးသလို ဖြစ်သွားတာပေါ့။ ဒီနှစ် မိန်းကလေးတွေ ၀တ်တာစားတာ တော်တော် လွန်ပါတယ်။ အောက်ပိုင်းမှာ တိုပြတ်နေအောင် ၀တ်ထားသလို၊ အပေါ်ပိုင်းမှာလည်း အလယ်တစ်ဝိုက်လောက်ကိုပဲ လုံရုံဖုံးထား ကြတာ တွေ့ရပါတယ်။ အထူးသဖြင့် မဏ္ဍပ်ထိုင်တဲ့ ကောင်မလေးတွေပေါ့။ လက် ငြိမ်ငြိမ်နေတတ်တဲ့ ကောင်လေးတွေနဲ့တွေ့ရင်တော့ ပြသနာ မရှိလောက်ပေမယ့်၊ အဲ တစ်ချို့တစ်ချို့သော ကိုကို ကာလသားများနဲ့ဆိုရင်တော့ မတွေးရဲ စရာလေးတွေပါ။ အမှန်အတိုင်း ပြောရရင် ဒီအချိန်မှာ ကောင်လေး တော်တော်များများကလည်း မူးနေကြတော့၊ မိန်းကလေးတွေကို ငမ်းနေကြတော့ supply=demand ဖြစ်သွားမှာ အသေအချာပါပဲ။

နောက် တစ်ခုက သင်္ကြန်မှာ မပါ မပြီးတဲ့ အရက်ပါ။ မပါ မပြီးတဲ့ ဘီယာပါ။ ဘယ်လောက်ပဲ မူးအောင် သောက်သောက် ကိုယ့်ကိုကိုယ် ထိန်းနိုင်တယ်ဆိုရင် ပြသနာ မရှိပါဘူး။ အရက်သောက်တာလည်း သင်္ကြန်ရိုးရာ လို့တောင် ပြောရမလို ဖြစ်နေပြီရှင်။ ဆယ်တန်း ကျောင်းသား အရွယ် လောက်ကနေ အသက် 60 လောကိထိက အရက်ကလေး တစ်မြမြနဲ့။ ကလိုက်ကြ၊ ခုလိုက်ကြ၊ ဆိုလိုက်ကြနဲ့ ပျော်စရာတော့ ကောင်းပါတယ်။ ကျွန်မ ပြောချင်တာက ယောင်္ကျားလေးတွေ မူးနေလို့ ဘာမှ မဖြစ်ပါဘူး။ မိန်းကလေးတွေ မူးနေတာ၊ လမ်းဘေး ပလက်ဖောင်းပေါ်မှာ ကောင်မလေးနဲ့ ကောင်လေးနဲ့ မူးပြီး ပြဲကွဲနေတာတွေဟာ ဆင်ခြင်သင့်တဲ့ အရာလေးတွေလို့ ထင်မြင်မိပါတယ်။ လူမြင်ကွင်းကြီးမှာ ကြည့် မကောင်းဘူးမဟုတ်လားရှင်။

ဒီနှစ် သင်္ကြန်မှာ မဏ္ဍပ် နည်းပါတယ်။ အင်းလျားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းတို့ လောက်မှာပဲ မဏ္ဍပ်နည်းနည်း စိတ်ပါတယ်။ ကျန်တဲ့ နေရာတွေမှာတော့ တစ်ခုစ၊ နှစ်ခုစ လောက်ပါပဲ။ များတာကတော့ ကလေးတွေ၊ ရပ်ကွက်ထဲက လူငယ်တွေရဲ့ ခွက်စောင်း မဏ္ဍပ်တွေပေါ့။ မဏ္ဍပ်မှာ ရေပက်ဖို့ လက်မှတ်တွေကလည်း ခေတ်နဲ့အညီ ဈေးကြီးလို့လာပါတယ်။ မီးက မလာဘူးဆိုတော့ မဏ္ဍပ် Organizer တွေလည်း ရေမပြတ်လပ်ရေးအတွက် ကြံဖန်ရမှာမို့ ဟိုစရိတ်၊ ဒီစရီတ်တွေနဲ့ ဈေးကိုမြင့်လိုက်ကြမှာပေါ့လေ။ နှစ်တိုင်း စည်ကားနေကျ ပြည်လမ်းမှာလည်း မဏ္ဍပ်ဆောက်ဖို့ ပါမစ်မပေးတော့ပါဘူး။ ရေပက်ခံ ကားတွေ အရမ်းများပြီး မဏ္ဍပ်နေရာတွေက တစ်အားနည်းတာကြောင့် လမ်းတွေလည်း ပိတ်၊ ကားတွေက ကျပ်နေတာ တစ်နေရာထဲမှာတင် သုံးနာရီလောက် ကြပါတယ်။ အဆိုတော်တွေ ရှိတဲ့ မဏ္ဍပ်မှာဆို လူတွေရော၊ ကားတွေရော ပိတ်နေတာ တော်တော်ကြာအောင် မထွက်နိုင်ပါဘူးရှင်။ တစ်ချို့ကလည်း အဲနေရာမှာတင် မူးရမ်းပြီး ရန်ဖြစ်ကြတာတွေလည်း ရှိပါသေးတယ်။ မြင်ကွင်းကတော့ တော်တော်စုံတာပေါ့ရှင်။ အမျိုးစုံအောင် တွေ့နေရတယ်လေ။

သင်္ကြန်မှာ ပျော်ကြ ပါးကြ မူးကြတာ ပြသနာ မရှိပေမယ့်၊ ရန်မဖြစ်အောင် ထိန်းနိုင်ရင်၊ အပျော်မလွန်အောင် နေတတ်ရင်တော့ အကောင်းဆုံးပဲ ဆိုတာကို ထပ်ပြောလိုက်ပါရစေရှင်။

သြော် နောက်ဆုံး သတင်းကတော့ ပင့်ဂိုလ်းတစ်ယောက် မနေ့က သင်္ကြန်လည်စဉ်က တက္ကသိုလ်ရိပ်သာ လမ်းမှာ 4 နာရီလောက် ကြာကြာ ကားတွေ ပိတ်နေတုန်းမှာ အဲနေရာမှာပဲ မဏ္ဍပ်က လူတွေ၊ တစ်ခြား ကားပေါ်က လူတွေ၊ ကိုယ့်ကားပေါ်က လူတွေနဲ့ အပြိုင် 3 နာရီလောက် မနားတမ်း ကလိုက်တာ ခုချိန်မှာ ခြေတစ်ပေါင်ကျိုးဖြစ်ပြီး လမ်းလျှောက်ရတာ အနိုင်နိုင် ဖြစ်နေကြောင်းပါရှင်။

5 comments:

Anonymous said...

ကောင်းရော.. ဘာကတွေများကလို့ ခြေတစ်ပေါင်ကျိုးဖြစ်သွားရသလဲဗျာ..

Anonymous said...

အိုးကလေး လှုပ်ပါဟေ့.. ရေအိုးကလေး လှုပ်ပါဟေ့ ဆိုပြီး remix နဲပ ကလိုက်တာလေ ဟိဟိ

Anonymous said...

သြော်... ဒါဆိုရင်တော့ ခြေတစ်ပေါင်ကျိုးပဲဖြစ်တာ တော်သေးတာပေါ့။ စိုင်းစိုင်းတို့လို စင်ကျိုးကျမှ ဒုက္ခ

Anonymous said...

တစ်ရက် လည်လိုက်ရသေးလို့ တော်သေးတာပေါ့။

Anonymous said...

ကောင်းတယ် အမြင်လေးတွေ။