Thursday, October 18, 2007

Thanaka

သနပ်ခါးဆိုတာ ကျွန်မတို့ မြန်မာမလေးတွေရဲ့ အလှအပ လျှို့ဝှက်ချက် တစ်ခုဖြစ်ပါတယ်။ ဆေးဘက်ဝင်ပြီး အသားအရေကို ညက်ညောစေတဲ့ ဂုဏ်သတ္တိတွေ ရှိနေပါတယ်။ ကလေးတွေသာ လိမ်းထားလို့ကတော့ သနပ်ခါး အဖွေသားနဲ့ ကလေးလေးတွေဟာ တရှုပ်ရှုပ်နဲ့ နမ်းချင်စရာကို ကောင်းနေရောရှင်။ သနပ်ခါးရေကျဲ လိမ်းထားတဲ့ မိန်းကလေး တစ်ယောက်ဟာ မြန်မာတွေရဲ့ အယူမှာတော့ အတော်လေးကို ကျက်သရေ ရှိပြီး ရှုမ၀ ဖြစ်နေတော့တယ်လေ။ (ကုလားမကြီးကို သနပ်ခါး လိမ်းပေးရင်ကော ? အို…. ဒါတွေမပါဘူးလေ)။ ဟုတ်ကဲ့ သနပ်ခါးရဲ့ အကြောင်းလေးကို တစ်ချက်လောက် ရေးသားချင်ပါတယ်။

သနပ်ခါးကို လွန်းခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့် ကတည်းက သုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဗိသနိုး ဘုရင်မကြီးဟာ သနပ်ခါး ချစ်သူရယ် လို့တောင် နာမည်တွင် ခဲ့ပါသတဲ့။ သနပ်ခါးပင်တွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ ပေါများစွာ ပေါက်ရောက် တတ်ကြပြီး ရွှေဘိုနယ်က သနပ်ခါးဟာ အတော်လေးကို နာမည်ကြီးပါတယ်။ ပြီးတော့ မကွေးတိုင်းက ရှင်မတောင် သနပ်ခါးနဲ့၊ တောင်ကြီးနယ်က မောက်မယ် သနပ်ခါးတို့လည်း ဈေးကွက်မှာ နာမည်ကောင်းကို ရရှိကြပါတယ်။ သနပ်ခါးပင် တစ်ပင်ဟာ နှစ်ပေါင်း 35 နှစ်ခန့် ကြာမှ သာလျှင် သူ့ကို သနပ်ခါးအဖြစ် သုံးစွဲသင့်ပါတယ်။ သနပ်ခါးဟာ နေလောင်ဒဏ်တွေကို ထိရောက်စွာ ကာကွယ်ပေးပြီး၊ ၀က်ခြံတွေကိုလည်း သက်သာပျောက်ကင်း စေပါတယ်။ ပြီးတော့ သနပ်ခါးမှာ ဘက်တီးရီးယား ပိုးတွေကို သေစေတဲ့ အစွမ်းသတ္တိ တစ်မျိုးလည်း ရှိနေပါတယ်။ ဒါကြောင့် ခြင်ကိုက်တာတို့၊ တစ်ခြား ထိခိုက်တာတို့ ဖြစ်ရင် ဖြစ်ဖြစ်ချင်းမှာ သနပ်ခါးလေး တို့ပေးထားမယ် ဆိုရင် အဖုအပိန့်တွေ၊ အမာရွတ်တွေ ရှိမနေတတ် တော့ပါဘူး။

ပြီးတော့ သနပ်ခါး လိမ်းထားရင် အေးမြမှုကို ခံစားရတဲ့အတွက် အပူပိုင်းဒေသ အတွက်တော့ အရမ်းကို အသုံးတည့်လှပါတယ်။ ခန္ဒာကိုယ်က အနံ့အသက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒီလို ထူးခြားတဲ့အစွမ်းတွေကြောင့် ခေတ်မီနည်းပညာတွေ ဘယ်လောက်ပဲ တိုးတက် တိုးတက်၊ နောက်ဆုံးပေါ် အလှအပ ပစ္စည်းတွေ ဘယ်လောက်ပဲ ပေါ်လာ ပေါ်လာ ကျွန်မတို့ မြန်မာပြည်မှာ သနပ်ခါးကို လူတိုင်း နှစ်ခြိုက်စွာ ရောင်းဝယ် ဖောက်ကား သုံးစွဲနေကြတာပဲ ပေါ့ရှင်။

 

1 comment:

Anonymous said...

အင်း သနပ်ခါးပါးကွက်ကြားနဲ့ ကောင်မလေးတွေ မြင်တိုင်း ရင်ထဲကို အေးသွားတတ်ပါတယ်။ အခုတော့ မမြင်ရတာ ကြာပေါ့။