Saturday, July 19, 2008

Unforgettable Martyr's Day!



"မထက်က ဒီနေ့ ရုံးမသွားဘူးလား..."

"အဲ.. ဒီနေ့တောင် ရုံးမပိတ်ရင်လည်း အဲဒီ Company မှာ ငါမလုပ်တော့ဘူး"

"အမ် ဒီနေ့က ဘာနေ့မို့လို့လဲ အမရဲ့"

"အမလေး.. နင်တစ်ကယ်မသိလို့ မေးနေတာလား.. ဇူလိုင်လ ၁၉ ရက်နေ့လေ ဟယ်.."

"သြော ၁၉ ဇူလိုင်ဆိုတော့ အာဇာနည်နေ့ပေါ့.. ဟီး မေ့လို့နော် အမ. ဟုတ်သားပဲ"

အိမ်မှာ ကျွန်မနဲ့ အတူနေတဲ့ ညီမလေးတစ်ယောက်က ကျွန်မကို မနက်က အဲလိုမေးလာလို့ အံ့သြရပါတယ်။ ဘွဲ့ရပြီးသား တစ်ယောက်ပါ။ ငယ်ငယ်တုန်းက မြန်မာ့သမိုင်းကြေစရာ မလိုပါဘူး။ ဒီနေ့ဟာ မမေ့အပ်သော နေ့ဆိုတာ မြန်မာနိုင်ငံသားတိုင်း သိနေရမှာပါ။ ဒါပေမယ့် လတ်တလောမှာ အသက် ၂၀ နှစ်နှင့် အောက်မှာရှိကြတဲ့ လူငယ်လေးတွေ အမေ့အမေ့အလျောလျောပဲ ဖြစ်နေကြတယ်။ တစ်ချို့တွေဆို အာဇာနည်နေ့ ဘာကြောင့်ဖြစ်လာမှန်းတောင် ဂဃနဏ မသိကြတော့ဘူး။ အဆိုတော် Rဇာနည် အခွေစထုတ်တဲ့ နေ့လားလို့တောင် နောက်ပြောင်ပြီး ပြောဆိုနေကြသေးတယ်။ မေ့နေကြတဲ့ သူတွေကို အပြစ်တင်လို့လည်း မရပါဘူးရှင်။ အမှုမဲ့ အမှတ်မဲ့ နေကြရင် အချိန်ကာလ ကြာလာတာနဲ့အမျှ မေ့သွားကြမှာပါပဲ။ အရေးကြီးတဲ့ နေ့တစ်နေ့၊ မမေ့သင့်တဲ့ နေ့တစ်နေ့ကို အခုလို တစ်ချို့လူတွေ မေ့နေကြရတာဟာ မေ့အောင်လုပ်နေကြတဲ့ လူတစ်ချို့ကြောင့်ပဲလို့ ပြောချင်ရုံမှတစ်ပါး မရှိတော့ပါဘူး။

ဒီနေ့ ဘာမှ ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတွေ မရှိပါဘူး။ ဒီနေ့ ဘယ်ဘစ်ကားမှာမှ အလံတွေ လွှင့်မထားကြပါဘူး (နေ့ထူး နေ့မြတ်တွေမှာ အလံလွှင့်လေ့ ရှိပါတယ်)။ ဒီနေ့ထုတ်တဲ့ ဘယ်သတင်းစာမှာမှ အာဇာနည်အကြောင်းလေးကို ၀တ်ကျေ တန်းကျေတောင် ရေးမထားကြပါဘူး။ ဒါပေမယ့် ဒီနေ့မှာ ရွှေတိဂုံ ဘုရားပတ်ဝန်းကျင်မှာတော့ လမ်းတွေ ပိတ်ထားတယ်။

လွန်ခဲ့သော ၆၁ နှစ်က ဒီနေ့မှာ ကျဆုံးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်ဆောင်ကြီးများကို လေးစားစွာ အလေးပြုလိုက်ပါတယ်။

4 comments:

Anonymous said...

i totally agreed with you. May be once....

Anonymous said...

တနင်္ဂနွေနေ့ ရုံးဖွင့်တဲ့ ကုမ္ပဏီ မရှိဘူး ထင်ပါတယ်။ အလံတိုင်ဝက်လွှင့်ထူတာ လည်းမတွေ့ရဘူးပဲ။ တစ်ခုခုဖြစ်မလား မြို့ထဲ ရောက်သေးတယ်။ ငြိမ်သက်လို့ပါပဲ...

ဝင်းဇော်

Anonymous said...

အဲ.. ကိုဝင်းဇော်လည်း ရက်တွေ လတွေ အမှတ်မှားနေတယ်ထင်ပ.. အာဇနည်နေ့က စနေနေ့ရှင့်. ပြက္ခဒိန်သေချာ ပြန်ကြည့်လိုက်ပါအုံး

Anonymous said...


" Martyr " ဖြစ်ပါတယ်

ထပ်မံ၍ ကလေးများ အမှတ်မှား နိုင်ပါသည်

မေတ္တာဖြင့်

ရန်သူ