Wednesday, November 21, 2007

Why do the girls wanna be beautiful?

ဒီစာလေးကို ရေးဖို့စိတ်ကူး ရနေတာတော့ ကြာပါပြီ။ မရေးဖြစ်တာကတော့ အင်တာနက်တွေ ပြတ်နေ၊ တစ်ခြား အကြောင်းအရာလေးတွေ ရေးလိုက် အလုပ်ကရှုပ်လိုက်နဲ့ မေ့လို့တောင်နေမိပါရဲ့ရှင်. ဟိုနေ့ကမှ ကျွန်မသူငယ်ချင်းတစ်ယောက်က နင်တို့ မိန်းကလေးတွေကလေ တော်တော် လှချင်ကြတာပဲ မိန်းကလေးတိုင်း တူတူချည်းပဲလို့ ဂျီတော့မှာ ပြောသွားမှ ဒီအကြောင်းလေး ရေးဖို့ ပြန်သတိရသွားတာပါ။ မိန်းကလေးတွေ ဘာကြောင့် လှချင်ကြတာလဲ။ ဒီမေးခွန်းကို မိန်းကလေးတိုင်း ရိုးသားစွာ ဖြေကြည့်စေချင်ပါတယ်။ တော်တော် များများကတော့ လှချင်လို့ပေါ့ လို့ ဖြေတတ်ကြပါတယ်။ အိုကေလေ.. ဘာကြောင့် လှချင်တာလဲလို့…..။

ကျွန်မတို့ မိန်းကလေး တွေ လှချင်တာ ဘာကြောင့် ဆိုတာ မိန်းကလေး ချင်းပဲ သိပါတယ်။ အလှပြင် ပစ္စည်းတွေဝယ်၊ အ၀တ် အစားတွေဝယ်၊ ဆံပင်ကအစ ခြေဖျားအဆုံး လှအောင် လုပ်ကြတာ မိန်းကလေး တော်တော် များများပါပဲ။ တစ်ချို့က ကိုယ့်ကို သူများအမြင်မှာ တင့်တယ်စေချင်လို့။ တစ်ချို့ကတော့ ကိုယ့်ကိုကိုယ် confidence ရစေချင်လို့။ တစ်ချို့တစ်ချို့ကတော့ ဘာရယ် ညာရယ် မဟုတ် အလှပြင်တာကို ၀ါသနာပါလို့ စသည်ဖြင့် အမျိုးမျိုး ရှိကြပါတယ်။ ယောင်္ကျားလေးတွေ ကတော့ မိန်းကလေးတွေ လှချင်တာ သူတို့တွေ ရှိနေလို့ ဆိုပဲ။ တစ်ချို့တွေ အတွက် ဟုတ်ချင် ဟုတ်မှာပါ။ ဒါပေမယ့် မိန်းကလေး တော်တော်များများ လှချင်တာ မိန်းကလေးတွေ ရှိနေလို့ပါပဲ လို့ ကျွန်မကတော့ ဆိုချင်ပါတယ်ရှင်။

ဆိုကြပါစို့ ကျွန်မတို့ အ၀တ်အစားတွေ ၀ယ်ကြတယ်။ မိတ်ကပ် နုတ်ခမ်းနီတွေ လိမ်းကြ ဆိုးကြတယ်။ ဒိမိန်းကလေး အင်္ကျီ ဘယ်လောက်တန် ၀တ်ထားတယ်၊ ဘာ cosmetic လိမ်းထားတယ် ဆိုတာ မိန်းကလေး အချင်းချင်းပဲ စိတ်ဝင် စားကြတာပါ။ ဒီတစ်ယောက်က ဒါလေးဝတ်လို့ လှရင် " ဟယ် နင်ဝတ်ထားတာလေး ကလှလိုက်တာ ဘယ်လောက်ပေးရလဲ ဘယ်မှာဝယ်ရလဲ ငါလည်း နင့်လို ၀တ်ပြီး လှချင်တယ်" ဒါမျိုးတွေကို မိန်းကလေး ချင်းချင်းပဲ ပြောကြတာပါ။ ငါ့မှာတော့ ဒီနေ့ Gucci အိတ်ကလေး ၀ယ်လာတယ်။ နောက်နေ့ကျမှ သူငယ်ချင်းတွေကို လိုက်ကြွားအုံးမယ် စတဲ့ စကားတွေဟာလည်း မိန်းကလေး ချင်းချင်းပဲ ပြောတာပါ။ ဒါတွေကို ပလန်းနက်က ဖို၇မ်မှာ မမဟနစံ လည်းတစ်ခါ ရေးဖူးပါတယ်။

ယောင်္ကျားလေးတွေ အလကားသက်သက် ဘ၀င်လေခိုက် နေစရာ မလိုပါဘူး။ မိန်းကလေးတွေ မိန်းကလေး ချင်းချင်း ရှိလို့ လှနေကြတာကို လိုက်လိုက်ကြည့်ပြီး လှတယ် ချစ်စရာ ကောင်တယ် နောက်ကလိုက်ပြောနေတဲ့ အမျိုးသားတွေကတော့ သူတို့စိတ်နဲ့ သူတို့ ထင်မှတ်မှား ကြတာပဲ ဖြစ်ပါ လိမ့်မယ်လို့ ကျွန်မကတော့ ထင်မြင်မိပါတယ်။ မိန်းကလေး တစ်ယောက် ဘယ်လိုလှနေတယ်၊ သူကတော့ မိတ်ကပ်ကို ပါးပါးလေးနဲ့ ဘယ်လိုလှအောင် ပြင်ထားတယ်၊ ဆံပင်ကိုတော့ စတိုင်လ် ကျအောင် ဘယ်လို ညှပ်ထားတယ် စတာကို မိန်းကလေး အချင်းချင်းပဲ စိတ်ဝင် တစ်စားလိုက်ကြည့်၊ လိုက်လုပ်ကြည့်ကြတာပါ။ ဘယ်ယောင်္ကျားလေး ကမှ အသေးစိတ် လိုက်ကြည့်နေတာ မဟုတ်ပါဘူး။ သူတို့အတွက်က အလှအပကို ခံပဲ ခံစား တတ်တာလို့ ထင်ပါတယ်။

ဒါကြောင့် ထပ်ပြီး ပြောချင်တာက မိန်းကလေးတွေ လှချင်တာ လောကကြီးမှာ မိန်းကလေးတွေ ရှိနေလို့သာ ဖြစ်ပါတယ်ရှင်။ အားလုံး လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်။ ပြန်လည်ပြောဆို ချက်များကိုလည်း ကြိုဆိုပါတယ်။ ကျွန်မတို့ မိန်းကလေးတိုင်းလည်း ကိုယ့်ဟာကို ဘာကြောင့် လှချင်နေ၊ လှအောင် ပြင်နေကြရတာလဲ ဆိုတာ တစ်ချက်လောက် တွေးစေချင်ပါတယ်။

2 comments:

Anonymous said...

ရေးထားတာလေးမဆိုးဘူး..လက်ခံနိုင်ပါတယ်

Anonymous said...

[...] 1. မိန်းမတွေ ဘာကြောင့်လှချင်ကြတာလဲ [...]